
စစ်သားများ လုံခြုံရေးပေးလိုက်ပါခဲ့သော ရေယာဉ် ၁၁ စီး ချင်းတွင်းမြစ်အတွင်း စုန်ဆင်းသွားရာ ခရီးစဉ်တစ်လျှောက် ချုံခိုတိုက်ခိုက်မှုကို ရက်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။
တိုက်ခိုက်သူတို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်ဆန့်ကျင်ရန် ဖွဲ့စည်းထားကြသည့် PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များပင်။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှ ထွက်ခွာလာသော ရေယာဉ်များပေါ်တွင် ကျောက်စိမ်း၊ ရွှေနှင့် လက်နက်ခဲယမ်းများ တင်ဆောင်ထားသည်ဟု ဒေသခံတို့က ယူဆကြသည်။
ရေမိုင် ၄၅၀ ကျော်ရှိသည့် ခန္တီးမှ မုံရွာသို့ ချင်းတွင်းမြစ်ကြောင်းခရီးမှာ အမြန်ရေယာဉ်ဖြင့် တစ်ညအိပ်ခရီးသာရှိသည်။
သို့သော်လည်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံ PDF အဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရေယာဉ်များ မုံရွာသို့ ရောက်ရှိ ကမ်းကပ်နိုင်ရန် နှစ်လကျော် အချိန်ယူခဲ့ရသည်။
စိတ်ဓာတ်တက်ကြွပြီး လူအင်အား အသင့်အတင့်ရှိသော၊ လက်နက်အင်အား ပြည့်စုံကောင်းမွန်မှုမရှိသော PDF များက ထိုရေယာဉ်များကို အဆက်မပြတ်နှောင့်ယှက်ခဲ့ကြသလို ထိုရေယာဉ်ပေါ်မှ စစ်သားများကလည်း ခရီးစဉ်တစ်လျှောက် ကျေးရွာအများအပြားကို ဒုက္ခပေးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
မြွေပိုင်းတောင် တိုက်ပွဲ
စစ်ကောင်စီရေယာဉ်တန်း ဖြတ်သန်းရာ မြစ်ကြောင်းတစ်လျှောက် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံထောင်နှင့်ချီ ရှိသည်ဟု PDF နှင့် ဒေသခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ အခိုင်အမာခြေကုပ်ယူထားသည့် တောင်ဖြူ၊ ပန်းဆက် ကျေးရွာများမှတစ်ဆင့် ကနီမြို့နယ်အတွင်းသို့ ထိုရေယာဉ်များ ရောက်လာချိန်တွင် တိုက်ပွဲများ ပိုပြင်းထန်လာခဲ့ကြောင်း၊ ရွာပေါင်း ၃၀ နီးပါးမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ရွှေတြိဂံ (GTF) တပ်ရင်းမှူး ဗိုလ်မင်းခေါင်က ပြောသည်။
မြစ်ကြောင်းအတွင်းမှ ကျေးရွာများကို ပစ်ခတ်သည့် ရေယာဉ် ၁၁ စီးတွင် စစ်သား ၂၀၀ ကျော်ပါလာသည်ဟု GTF က ခန့်မှန်းသည်။
ထို့ပြင် ချင်းတွင်းမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းတစ်လျှောက် ကျေးရွာများကို စစ်သားအင်အား ရာဂဏန်းသုံး၍ ကုန်းကြောင်းချီ စစ်ရေးလှုပ်ရှားမှုများလည်းလုပ်နေသည်ဟု ဗိုလ်မင်းခေါင်က ပြောသည်။
မင်းကင်းနယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီရေယာဉ်များကို ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း မင်းကင်းနှင့် ကနီနယ်စပ်ရှိ မြွေပိုင်းတောင်အနီးတွင် ဒီဇင်ဘာ ၁၂ ရက်တွင် ဒေသခံ PDF အဖွဲ့ဝင်များက လက်လုပ်ရေမြှုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ တစ်စင်းထိခိုက်သွားကြောင်း ဗိုလ်မင်းခေါင်က ပြောသည်။
“ရေမြှုပ်မိုင်းက မြွေပိုင်းတောင်ပွဲမှာ သုံးလိုက်တာ။ ကနီမြစ်မှာတော့ ရေမြှုပ်မိုင်းတွေ ထောင်မိုင်းတွေ ကျွန်တော်တို့လုပ်ထားတယ်။ မခွဲရသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။
ရေမြှုပ်မိုင်းထိမှန်သည့် စစ်ကောင်စီရေယာဉ်တန်းသည် မြွေပိုင်းတောင်နှင့် အနီးဆုံးကျေးရွာများဖြစ်သည့် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ အင်းလယ်ချောင်၊ ဝရာ ကျေးရွာတို့ကို လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးသွားသည်ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးပါ။
နောက်တစ်ရက် ဒီဇင်ဘာ ၁၃ တွင် ထိုရေယာဉ်တန်း ကနီမြို့အနီး အင်းလယ်ချောင်နှင့် ဝရာ ကျေးရွာကြား၌ ရပ်တန့်ထားစဉ် GTF နှင့် PDF ပူးပေါင်းအဖွဲ့တို့က ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အကျအဆုံးရှိနိုင်သည်ဟု ဗိုလ်မင်းခေါင်က ခန့်မှန်းသည်။
“ကျွန်တော်တို့တိုက်တော့ သူတို့ရဲ့ အော်သံတွေတော့ ကြားရတယ်။ တစ်ဖက်ကနေပြီးတော့ အသံပေးပြီးတော့ ပစ်တယ်။ သူတို့က လက်နက်ကြီးနဲ့ ပစ်တော့ ကျွန်တော်တို့ ပြန်ဆုတ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္ပလင်း၊ ခန္တီးမြို့များမှ ကျောက်စိမ်း၊ ရွှေ၊ ကျွန်းသစ်တို့ကို တရားမဝင်သယ်ဆောင်သည့် အဓိကလမ်းကြောင်းတစ်ခုမှာ ချင်းတွင်းမြစ်ကြောင်းဖြစ်သည်။
မြစ်ကြောင်းသွား လှေ၊ သင်္ဘောများတွင် စစ်တပ်၏ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာတတ်သဖြင့် ဒေသခံ PDF အဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတချို့ ဖမ်းဆီးရမိသဖြင့် NUG အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ က ဒီဇင်ဘာ ၂၃ တွင် သတင်းထုတ်ပြန်သည်။

စစ်ရှောင်များတိုးလာ
ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထိနာသွားသည့် ရေယာဉ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးရှိ ကျွန်းရွာသို့ ဒီဇင်ဘာ ၁၄ ရက်တွင် ဝင်မွှေသောကြောင့် အိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသလို ကျွဲ၊ နွား၊ တိရစ္ဆာန်များကိုပါ ယူသွားသည်ဟု ထိုရွာသားတစ်ဦးက ပြောသည်။
“သူတို့က ဝဲ၊ ယာကို အချိန်မရွေး နေ့ရောညရော အဆက်မပြတ်ပစ်ခတ်နေတာ အမြဲတမ်းပဲဗျ။ ပစ်ခတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရွာတွေကတော့ ၃ ညအိပ် ၄ ရက်လောက်ကတော့ သူတို့နဲ့ ဝေးရာ တောတွေထဲမှာ သွားနေရတယ်ဗျ” ဟု ၎င်းက ပြောသည်။
ထိုနေရာတစ်ဝိုက်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အင်းလယ်ချောင်၊ ဝရာ၊ မဲဒင်၊ စားဖိုကြီးနှင့် ကျွန်းရွာ တို့မှ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ရသည်ဟု ထိုသူ့ထံမှ သိရသည်။
ကျွန်းရွာကို ဝင်ရောက်မွှေနှောက်ပြီးနောက်တွင် စစ်ကောင်စီ၏ ရေယာဉ် ၁၁ စင်း ထိုနေရာမှ ဆက်လက်ထွက်ခွာကာ ထို့နေ့၌ (ဒီဇင်ဘာ ၁၄) ကနီမြို့သို့ ဆိုက်ကပ်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ ကျေးရွာများကို အလားတူစီးနင်းမှုများ လုပ်ခဲ့သည်ဟု ကနီမြို့ခံတစ်ဦးက ပြောသည်။
ထိုရေယာဉ် ၁၁ စင်းတွင် ရှပ်ပြေးယာဉ် ၂ စင်းနှင့် မော်တော် ၂ စင်းပါဝင်ပြီး ကနီမြို့မရောက်ခင်ကပင် ပစ်ခတ်သံများ ကျယ်လောင်စွာကြားနေရကြောင်း စစ်ရှောင်များကို အကူအညီပေးနေသည့် ထိုသူက ပြောသည်။
“ပစ်ခတ်တဲ့ အသံတွေက ကနီမြို့ပေါ်ကနေ တော်တော်ကိုကြားရပါတယ်။ မြေကြီးတွေတောင်မှ တော်တော်တုန်သွားပါတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်လို့တော့ ယူဆရတယ်” ဟု ၎င်းက ပြောသည်။
ကနီမြို့မှ အထွက်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်သွားခဲ့ရာ တစ်ဖက်ကမ်းရှိ လှေဆိပ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန် ၃ လုံးကို တွေ့ရှိရသဖြင့် ဒေသခံများ အထိတ်တလန့်ဖြစ်ရသည်ဟု ထိုသူ့ထံမှ သိရသည်။
“သူတို့က PDF တွေရှိမယ်ထင်ရတဲ့ ရွာတွေကို မည်းမည်းမြင်ရာကို ရမ်းပစ်တာ။ သူတို့မှာပါတဲ့ဟာတွေနဲ့ အကုန်လုံးသိမ်းကျုံးပစ်တာ။ ကုန်းကြောင်းလဲလိုက်တာကိုဗျ။ မော်တော်နဲ့ ရှေ့က (စစ်သားတွေကို) ပို့ပြီးတော့ ကုန်းပေါ်တွေတက်ပြီးတော့ လိုက်ပြီးတော့ ရွာတွေကို ဝင်တာပေါ့။ အဲဒီလိုမှ မနိုင်ဘူးဆိုရင် ရှေ့မှာပါတဲ့ စပိဘုတ်ကနေပြီးတော့ လိုက်ပြီးတော့ ပစ်သေးတာ” ဟု ၎င်းက ပြောသည်။
ထိုရေယာဉ်များ ဒီဇင်ဘာ ၁၆ရက်တွင် ကနီမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆက်လက်စုန်ဆင်းကြပြီး မြစ်ဘေးကျေးရွာများကို ဆက်တိုက်ပစ်ခတ်သွားသဖြင့် တိမ်းရှောင်ရသည့် ရွာအရေအတွက်နှင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ညောင်ပင်ဝန်း၊ မုဌော ကျေးရွာများ၊ မြစ်အရှေ့ဘက်ကမ်းရှိ ရွှေစာရေး၊ ငှက်ပျောတော ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထိုသူက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။
စစ်ရေယာဉ်တန်း ရောက်ရှိရာဒေသမှ တိုက်ပွဲများ၊ ဒေသခံတို့၏ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို လုယူမှု၊ စစ်ဘေးရှောင်များအရေးနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူတို့နှင့် အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီတပ်၏ ရန်ကြောင့် စစ်ဘေးရှောင်နေရသည် ဟူသော ဒေသခံတို့၏ ပြောဆိုချက်များကို အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က စစ်ကိုင်းတိုင်းကျေးလက်ဒေသခံများ ထွက်ပြေးရခြင်းမှာ PDF တို့ကြောင့်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနဝက်ဆိုက်မှတစ်ဆင့် ဇူလိုင်လဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့် ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာအနီးရောက်တာနဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးကြတဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
“ဒီလိုဖြစ်အောင်လည်း တမင်ဖန်တီးနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော်မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်”
ပစ်ကွင်းမှ လွတ်မြောက်ခြင်း
ထိုရေယာဉ်တန်း ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာအနီးသို့ ရောက်ချိန် ဒီဇင်ဘာ ၁၈ ရက်တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ကျဆုံးနိုင်ပြီး ၎င်းတို့ဘက်က ထိခိုက်မှုမရှိဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF 1) က နောက်တစ်ရက်တွင် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၈ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်မြို့နယ် အိုင်တောင်ကျေးရွာများသို့ လက်နက်ကြီးကျရောက်ကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဒဟတ်တောကျေးရွာမှ ဒေသခံတစ်ဦး ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒီဇင်ဘာ ၂၂ တွင် GTF က ထုတ်ပြန်သည်။

နောက်တစ်ရက် (ဒီဇင်ဘာ ၁၉)တွင် ထိုရေယာဉ်တန်းကို ထပ်မံတိုက်ခိုက်ရာတွင် နှစ်ဖက် သေဆုံးမှုရှိသည်ဟု ယင်းမာပင် PDF က ကိုဘိုဦးက ပြောသည်။ အသေးစိတ်ကိုမူ မသိရပေ။
“အဲဒီမြစ်ကြောင်းမှာတော့ တောက်လျှောက် ဝင်လိုက်ထွက်လိုက်တော့ ဖြစ်နေတာပဲ။ ပွဲကလည်း တအားဆက်တယ်။ ရက်ရှည်ကိုဖြစ်နေတာပဲ” ဟု ၎င်းက ပြောသည်။
“ရေကြောင်းရော၊ ကုန်းကြောင်းရောဆိုတော့ ကုန်းကြောင်းလည်း ပြေးလိုက်ရ၊ ရေကြောင်းလည်း ပြေးလိုက်ရနဲ့ အဲဒီလိုမျိုးကို ဖြစ်နေတာ”
ထိုရေယာဉ်တန်းမှာ မုံရွာမြို့၊ အလုံဆိပ်ကမ်းသို့ ဒီဇင်ဘာ ၁၉ တွင် ဆိုက်ကပ်နိုင်ခဲ့သည်ဟု ဆိုသည်။ ခန္တီးမြို့မှ အစပြုသည့် ခရီးစဉ်မှာ နှစ်လကျော်ကြာခဲ့သည်။
နှစ်လကျော်ကြာ ရေကြောင်းခရီးတွင် စစ်ရေယာဉ်တန်းသည် ချင်းတွင်းမြစ်အတွင်း ပစ်ကွင်းတစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။
မုံရွာသို့ရောက်ပြီး နောက်နှစ်ရက်အကြာ (ဒီဇင်ဘာ ၂၁)တွင် ပစ္စည်းများကို မော်တော်ကား ၁၂ စီးပေါ် ကဲ့တင်ကာ မန္တလေးဘက်သို့ ထွက်ခွာသွားကြောင်း၊ စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့် တိုက်ခိုက်ရန် အခွင့်မသာခဲ့ကြောင်း ကိုဘိုဦးက ပြောသည်။
“ကျွန်တော်တို့သတ်ကွင်းထဲ ရောက်လာရင်တော့ ဖြစ်မှာပေါ့။ ကျွန်တော်တို့သတ်ကွင်းထဲ မရောက်ရင်တော့ နယ်မြေစိုးမိုးမှုကိုပဲ ရယူထားမှာပေါ့။ ကျွန်တော်တို့က မိုင်းကိုပဲ အဓိကထားပြီး ပစ်တယ်” ဟု ၎င်းက ပြောသည်။
မုံရွာ-မန္တလေးကားလမ်းအတိုင်း မန္တလေးဘက်သို့ သေတ္တာများ သယ်ဆောင်သွားသည့် ကားလမ်းတစ်လျှောက်ရှိ ဒေသခံ PDF များနှင့် တိုက်ပွဲရှိမရှိ မသိရသေးပါ။
ထို့အတူ စစ်ကောင်စီ၏ ရန်ရှာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ချင်းတွင်းမြစ်တစ်လျှောက် ကျေးရွာများမှ ဒေသခံတို့၏ နောက်ဆက်တွဲအခြေအနေများကိုလည်း စုံစမ်း၍ မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)