
အသက် ၇၃ နှစ်အရွယ် မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာကို ယမန်နေ့ (ဒီဇင်ဘာ ၂၁ ) တွင် ထောင်တွင်းအထူးတရားရုံးက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်။
စလင်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အလုပ်အမှုဆောင်ဥက္ကဋ္ဌလည်းဖြစ်သော ဦးတာ ယမန်နှစ်၊ စက်တင်ဘာ ၂၈ တွင် ယင်းမြို့နယ်ရှိ သရက်ကုန်းကျေးရွာ လျှပ်စစ်မီးရရှိရေး အောင်ပွဲအခမ်းအနား တက်ရောက်ခြင်းမှာ လူစုလူဝေးမပြုလုပ်ရဆိုသော ကိုဗစ်နိုင်တင်း ကမ္ဘာ့ကူးစက်ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့် ညွှန်ကြားချက်များကို ချိုးဖောက်ရာရောက်သည်ဟု ဆိုကာ ထိုသို့ စီရင်ချက်ချခြင်း ဖြစ်သည်ဟု သူ၏ ရှေ့နေက ပြောသည်။
“အခမ်းအနားတက်တာပေါ့။ ဦးဆောင်ကျင်းပတာတော့ မဟုတ်ဘူး။ ကျင်းပတာကတော့ ပညာရေးဌာန လက်အောက်ကော်မတီကပေါ့။ ဓာတ်ပုံထဲမှာတော့ သူကတော့ နှာခေါင်းစည်းတပ်တာတို့ ဘာတို့ ရှိတာပေါ့” ဟု ရှေ့နေက ပြောသည်။
“လူစုလူဝေးလုပ်တာတော့ သူက ဦးဆောင်လုပ်တာ မဟုတ်ဘူးလေ။ သူတစ်ယောက်တည်း မဟုတ်ဘူး။ သက်ဆိုင်ရာ အရာရှိတွေလည်း တက်တာပေါ့။ ဒါပေမဲ့လို့ ဦးတာတစ်ယောက်တည်း စွဲတာ”
ဦးတာကို တရားစွဲသူမှာ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကအရာရှိ ဦးသိန်းနိုင်ဦး ဖြစ်သည်။
ဗိုလ်ချုပ်ကြီးများ စစ်အာဏာသိမ်းပြီးနောက် မကွေးအကျဉ်းထောင်တွင် ထိန်းသိမ်းခံရသည့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာသည် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံခဲ့ရသော်လည်း ပြန်လည်ကျန်းမာလာကြောင်း သိရသည်။ ဦးတာသည် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့သူဖြစ်သည်။
စစ်ကောင်စီက ဦးတာကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၂ ခု စွဲဆိုထားသေးသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို မကွေးလွှတ်တော်တည်ဆောက်ရေးတွင် လုပ်ပိုင်ခွင့် အလွဲသုံးခြင်း၊ တိုင်းဒေသအခွန်ရန်ပုံငွေ ခွဲဝေအသုံးပြုခြင်းတို့တွင် အဂတိလိုက်စားသည်ဟု ဆိုကာ စွဲဆိုထားသည့် အမှုတို့တွင် ဦးတာကိုပါ ပူးတွဲစွဲဆိုထားခြင်း ဖြစ်သည်။
ယနေ့(ဒီဇင်ဘာ ၂၂) တွင် ဦးတာအပါအဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်တို့ကိုစွဲဆိုသည့် အဂတိမှုများအတွက် မကွေးထောင်တွင်းအထူးတရားရုံးတွင် နှစ်ဖက် အပြီးသတ်လျှောက်လဲချက် ကြားနာမည်ဖြစ်၍ မကြာမီ အဆိုပါအမှုများအတွက်လည်း စီရင်ချက်ချမှတ်တော့မည်ဟု ရှေ့နေထံမှ သိရသည်။
ဒေါက်တာအောင်မိုးညို၊ ဦးတာ၊ ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးတို့ကို စစ်ကောင်စီက ဇွန်လအတွင်းက အမှုဖွင့်ထားခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD အစိုးရ ခေါင်းဆောင်များကို အသီးသီး ဖမ်းဆီးထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသဖြင့် ပုဒ်မမျိုးစုံဖြင့် တရားစွဲ ထောင်ဒဏ်ချမှတ်နေသည်။
NLD ပါတီဝင်များကိုလည်း ပစ်မှတ်ထားဖမ်းဆီးသဖြင့် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရသူ အများအပြားရှိနေသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သော ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်းစစ်ကောင်စီက ဇွန်လ၌ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ထောင် နှစ်နှစ်ချခဲ့ပြီးဖြစ်သည်။
အသက် ၆၄ နှစ်အရွယ် ဒေါက်တာအောင်မိုးညိုကို တစ်မှုလျှင် ထောင် ၁၅ နှစ်ထိချနိုင်သည့် အဂတိမှု ၆ မှုဖြင့် စစ်ကောင်စီက ထပ်မံစွဲဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)