သတင်း

ရန်ကုန်တွင် ဆန္ဒပြပွဲအသွား ကျောင်းသားလူငယ်နှစ်ဦး ဖမ်းဆီးခံရ 

ရန်ကုန်မြို့တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းက ပြောက်ကျားဆန္ဒပြပွဲအသွား ကျောင်းသားလူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ကျောင်းသားလူငယ်နှစ်ဦးမှာ တကသ (တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသားနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း (ခ) လင်းလင်းဖြစ်သည်ဟု တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။ 

“ရန်ကုန်မှာလုပ်မဲ့ ဆန္ဒပြပွဲတစ်ခုကိုအသွား လမ်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံလိုက်ရပါတယ်၊ အခုချိန်အထိ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။​

အထက်ပါ ကျောင်းသားလူငယ်နှစ်ဦးမှာ ဆန္ဒပြပွဲအသွား သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များ၏ ဖမ်းဆီးခြင်းခံရသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးဟု ဆိုသည်။​

ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသားမှာ ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ လက်ရှိတွင် အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသူဟု သိရသည်။ ၎င်းမှာ ၂၀၁၉ ခုနှစ်အတွင်းက သံချပ်ဖျော်ဖြေမှုတစ်ခုအတွက် စစ်တပ်၏ တရားစွဲဆိုခြင်းခံရကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပြီး ၂၀၂၀ ဇွန်လအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။​

“ကိုဖိုးသားက တစ်ချိန်က နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုတွေ ရှိခဲ့ဖူးတယ်။ နောက် ဒီကာလမှာ သတင်းတွေလည်း ရေးနေတယ်။ သတင်းထောက်တွေဆိုရင် စစ်ကောင်စီက အငြိုးကြီးကြီးနဲ့ ဖိနှိပ်နှိပ်စက်နေတာ တွေ့ရတော့ ကိုဖိုးသားအတွက်ရော၊ မဆုရည်လင်းအတွက်ရော အသက်အန္တရာယ်ထိခိုက်မှာ အလွန်စိုးရိမ်ရပါတယ်” ဟု ကိုနန်းလင်းက ပြောသည်။​

အဆိုပါလူငယ်နှစ်ဦးကို စစ်ကောင်စီက မည်သည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်းထားသည်ကို မိသားစုဝင်များပင် မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။​

စစ်အာဏာသိမ်းပြီး ၁၀ လကျော်သည်အထိ ဒေသအချို့အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားစနစ်ဆန္ဒပြမှုများ နေ့စဉ်ပေါ်ထွက်နေဆဲဖြစ်သည်။ 

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းတို့ကို ဆန့်ကျင်သူများကို အကြမ်းတမ်းဆုံး ဖိနှိပ်ဖြိုခွင်းလျက်ရှိရာ မြို့ကြီးများရှိ ပြောက်ကျားဆန္ဒပြပွဲများတွင် ပါဝင်သော လူငယ်များကိုလည်း ရက်ရက်စက်စက် ဖြိုခွင်းဖမ်းဆီးနေသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီက စစ်ကားဖြင့်တိုက်ဖြိုခွင်းကာ လူငယ်အများအပြားကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။ 

ထိုသို့ စစ်ကောင်စီက ကြမ်းတမ်းရက်စက်စွာ လိုက်လံဖြိုခွဲလျက် ဖမ်းဆီးအရေးယူလျက်ရှိသော်လည်း ပြောက်ကျားနည်းဖြင့် မြို့ပြဆန္ဒပြပွဲများ ဆက်လက်အားကောင်းနေဆဲဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button