သတင်း

လွိုင်ကော်တွင် စစ်တပ်က နေအိမ် ၂၀ ကျော်ကို မီးရှို့ 

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၈) တွင် စစ်တပ်က နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မွန်းတည့် ၁၂ နာရီခန့်မှစ၍ ညနေ ၆ နာရီအထိ စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ကာ လွိုင်ကော်မြို့နယ် ထီးစဲခါးကျေးရွာအုပ်စု ဒေါဆော်ဝဲ(ခ)နောင်လုံရွာနှင့် ကွန်နားရွာရှိ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု KNDF က ဆိုသည်။

မွန်းတည့် ၁၂ နာရီခန့်မှစ၍ နေအိမ်များ စတင်မီးရှို့ခံရခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ကွန်နားရွာမှ ဦးရယ်က Myanmar Now ကို ပြောသည်။

“လက်နက်ကြီးနဲ့ ထုလာပြီးမှ ရွာကအိမ်တွေကို အသားလွတ်ကြီး မီးလာရှို့ကုန်ပြီလေ။ ရွာထဲမှာ (လူ) နည်းနည်းပါးပါး တစ်ယောက်တစ်လေတော့ ရှိတာပေါ့” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းတွင် ပြောသည်။ 

ကွန်နားရွာသား ဦးရယ်မှာ ဒီဇင်ဘာ ၁၃ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ပြီး မီးတောက်များနှင့် မီးခိုးလုံးများ မြင်တွေ့ရခြင်းအပြင် ရွာမှထွက်ပြေးလာသူအချို့ထံမှ သိရသည်ဟု ဆိုသည်။ 

နောင်လုံရွာတွင် နေအိမ် ၁၃ လုံးနှင့် လယ်ထွန်စက် ၇ စီး မီးလောင်ကျွမ်းခဲ့ပြီး ကွန်နား(အပေါ်) ရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းသည်ကို စာရင်းအတိအကျရကြောင်း၊ ကျန်နေအိမ်များ မီးလောင်သည့်အခြေအနေကို မသိရကြောင်း ဦးရယ်က ဆိုသည်။

“စပါးကျီတွေနဲ့ အိမ်တွေနဲ့ တွဲရက်တွေချည်းပဲရော။ စပါးတွေလည်း ပါသွားတယ်။ မီးငြှိမ်းဖို့က အချိန်မရတော့ဘူး။ ရွာကသွားငြှိမ်းဖို့ရာလည်း ပတ်ချာလည် သူတို့က တပ်စွဲထားတော့ ဝင်လို့လည်း မရဘူးလေ” ဟု ၎င်းက ပြောသည်။

နေအိမ်များကို မီးရှို့ပြီးနောက် ကွန်နား(အောက်)ရွာတွင် စစ်သားများ ယခုအချိန်ထိ တပ်စွဲနေထိုင်လျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဒေါဆော်ဝဲ(ခ)နောင်လုံရွာနှင့် ကွန်နားရွာတို့သည် ၄ ဖာလုံခန့် ကွာဝေးသည်။ ကွန်းနားရွာနှင့် အနီးတစ်ဝိုက်တွင် ဒီဇင်ဘာ ၁၃ နှင့် ၁၆ က စစ်တပ်နှင့် KNDF၊ KA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် နေအိမ်၊ ဘုရားကျောင်း စသည့် အဆောက်အအုံ ၄၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button