
လမ်းမတန်းရှည်၊ လမ်းသွယ်များနှင့် ဈေးတစ်ခုပါဝင်သည့် ရန်ကုန်၊ လှိုင်မြို့နယ်တစ်နေရာတွင် ဒီဇင်ဘာ ၅ ရက်နေ့က နံနက် ၈ နာရီခွဲခန့်သာရှိသေးသော်လည်း လူစည်ကားနေပြီ။
အခြားလူငယ်နှစ်ဦးနှင့်အတူ ကားတစ်စီးပေါ်၌ ရှိနေသည့် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် မလင်းလင်းက သူ၏ လက်ကိုင်ဖုန်းမှ နာရီကို ကြည့်လိုက်၊ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်နှင့် အလုပ်များနေသည်။
မနီးမဝေးတွင် အခြားလူငယ်များလည်း ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့ဖြင့် ရှိနေ၏။ တစ်ဦးနှင့်တစ်ဦး ကျွမ်းဝင်ရင်းနှီးသူများချည်း မဟုတ်ကြ။ မျက်မှန်းတန်းမိရုံလောက်သာ ရင်းနှီးသူများလည်း ပါဝင်သည်။
စစ်အာဏာရှင်စနစ်ကို အမြတ်ဖြုတ်ရန် တစ်ထောင့်တစ်နေရာမှ ပါဝင်လိုစိတ်ဖြင့် တက်ကြွနေပြီး၊ ကြုံလာနိုင်မည့် အန္တရာယ်ကို ကြိုတင်တွက်ဆရင်း သူကဲ့သို့ပင် ထိုသူအားလုံး စိတ်လှုပ်ရှားနေလိမ့်မည်ဟု မလင်းလင်းက ပြောသည်။
စစ်ကားအသွားအလာရှင်းသည်။ ယခုမနက်လည်း ပတ်ဝန်းကျင်ကို ကားနှင့် တစ်ပတ်ပတ်ကြည့်ခဲ့ပြီးပြီ။
ပြည်သူ့ဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောက်ကျားဆန္ဒပြရန် ၎င်းတို့က အချိန်စောင့်နေကြခြင်းဖြစ်သည်။
လက်ရှိအခြေအနေများအရ ကြိုတင်စီစဉ်ထားသည့် နံနက် ၉ နာရီ၌ ပြုလုပ်၍ ရနိုင်လိမ့်မည်ဟု မလင်းလင်းက ယူဆထားသည်။
သို့သော် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီတပ်ဖွဲ့၏ ရန်ရှာနိုင်ခြေကို လျှော့တွက်၍မရ၊ ထို့ကြောင့် ကင်းထောက်တာဝန်ယူထားသည့် လူငယ်များထံ မလင်းလင်းက ထပ်မံဆက်သွယ်သည်။
ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ လှုပ်ရှားမှုများမတွေ့ရဟု သတင်းစကားထပ်ရသည်။ ၈ နာရီ ၅၅ မိနစ်ရှိပြီ။ သတ်မှတ်ချိန်ရောက်ရန် ၅ မိနစ်သာ လိုတော့သည်။ ထို့ကြောင့် ကားပေါ်ရှိ ကြွေးကြော်သံဆိုင်းဘုတ်တစ်ခုကို မလင်းလင်းက ကောက်ကိုင်ထားလိုက်ပြီ။
ထိုစဉ် မလင်းလင်းနှင့်အတူ ကားပေါ်တွင် ထိုင်နေသော လူငယ်တစ်ဦးထံ ဖုန်းဝင်လာသည်။ သူတို့ထက် ၁၅ မိနစ်ခန့်စော၍ ပြုလုပ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီဟူသော သတင်းဆိုးဖြစ်သည်။
“အဖမ်းခံရတယ်၊ ၅ ယောက်ကျတယ်ဆိုပြီး ဖုန်းထပ်ဝင်လာတယ်။ ၅ ယောက်ကျတယ်ဆိုတဲ့သတင်းမှာ စိတ်က လုံးဝတင်းမထားနိုင်တော့ဘဲနဲ့ ငိုချမိလိုက်တယ်” ဟု မလင်းလင်းက ပြောသည်။
ပန်းပင်ကြီးလမ်းရှိ ဆန္ဒပြလူငယ်အုပ်စုကို စစ်ကားနှင့် အရှိန်မြှင့်ဝင်တိုက်၊ သေနတ်ပစ်ဖောက်၊ ထိုးကြိတ်၊ ရိုက်နှက်၊ ဖြိုခွင်းမှုကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ များပြားသည်ဟု ၎င်းတို့ သိလိုက်ရပြီ။
“ညီမ အရမ်းလန့်သွားတယ်။ အဲဒီထဲမှာ ညီမတို့နဲ့ အလုပ်တူတူလုပ်နေတဲ့ ရဲဘော်တွေလည်းပါတယ်။ အရမ်းရှော့ရပြီး ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ဘူး ဖြစ်သွားတယ်” ဟု မလင်းလင်းက ပြောသည်။
ပန်းပင်ကြီးလမ်းမှာ ၎င်းတို့ ဆန္ဒပြရန် စောင့်ဆိုင်းနေသည့် လှိုင်မြို့နယ်ရှိ တစ်နေရာနှင့် နာရီဝက်ပင် မဝေးသည့် ခရီး၌ပင်ရှိသည်။
ထိုဖြစ်စဉ်ကို မလင်းလင်းတို့နှင့်အတူ ဆန္ဒပြရန် စောင့်ဆိုင်းနေသည့် အခြားလူငယ်များလည်း ကြားကြပြီဖြစ်၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်သည်။
ဖုန်းကိုယ်စီထုတ်၍ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတွင် ပါဝင်သူ သူငယ်ချင်း၊ မိတ်ဆွေ၊ ရဲဘော်ရဲဘက်များထံ အပူတပြင်းဆက်သွယ်နေကြသည်ဟု ထိုစဉ်က အခြေအနေကို မလင်းလင်းက ပြန်ပြောပြသည်။
မိနစ်ပိုင်းအကြာတွင်ပြုလုပ်ရတော့မည့် ၎င်းတို့၏ ဆန္ဒပြပွဲကိုလည်း ရပ်လိုက်ရမည်လော၊ ဆက်လုပ်ရမည်လော၊ မလင်းလင်းလည်း ဝေခွဲမရ။ အချင်းချင်း ပြန်တိုင်ပင်ကြရသည်။
“ရုတ်တရက်သွေးပူသွားတဲ့အချိန်တော့ ငါတို့ရပ်လိုက်မလားပေါ့။ ပြီးတော့ သူတို့ကို သွားကူကြမလားပေါ့။ ညီမလည်း မြေပြင်မဆင်းတော့ဘဲ အဲဒီကိုသွားကူမလို့ တွေးမိတယ်” ဟု မလင်းလင်းက ပြောသည်။
အချိန်ကလည်း ဆန္ဒပြပွဲစတင်ရန် ကြိုတင်စီစဉ်ထားသည့် ၉ နာရီထိုးနေပြီမို့ ဆုံးဖြတ်ချက်တစ်ခုကို သူတို့ချလိုက်တော့သည်။ တစ်ဖက်တွင် ဖြိုခွင်းခံရသော်လည်း ဒီဘက်တွင် ဆန္ဒပြကြမည်ဟူ၍။
“သူတို့ အဲ့လို အဖမ်းခံလိုက်ရပေမဲ့လဲ မင်းတို့အတွက် ငါတို့က သပိတ်တွေ ပိုလုပ်ပေးနေတယ်ဆိုတာကို ပြချင်တယ်”ဟု ၎င်းတို့အဖွဲ့၏ ဆုံးဖြတ်ချက်ကို မလင်းလင်းက ပြန်ရှင်းပြသည်။
သို့သော် ရဲဘော်ရဲဘက်များအတွက် ပူပန်စိတ်ကဲနေသည့် မလင်းလင်းတို့က ဆန္ဒပြပွဲကို ၃ မိနစ်ခန့်သာ ပြုလုပ်ပြီးနောက် ပန်းပင်ကြီးလမ်းဖြစ်စဉ်မှ ကယ်ထုတ်ရမည့် သူတို့ကို ကူညီရေးဘက်သို့ လှည့်လိုက်ရသည်။
ထို့နေ့ (ဒီဇင်ဘာ ၅ ရက်) က ဆန္ဒပြခေါင်းစဉ်မှာ “ပျောက်ဆုံးနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူ၍ ဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးတွင် ဆန္ဒပြပွဲ ၅ ခုရှိသည်။
ပန်းပင်ကြီးလမ်းဖြစ်စဉ်နှင့် တစ်ချိန်တည်းလိုပင် လှိုင်မြို့နယ်တွင် ဆန္ဒပြပွဲ ၂ ပွဲ၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၁ ပွဲ၊ ညနေပိုင်းတွင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၌ ၁ ပွဲ ဖြစ်သည်။
ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတစ်ခုသာ စစ်တပ်၏ အရက်စက်ဆုံး ဖြိုခွင်းမှုခံရသည်။

ထိုဆန္ဒပြပွဲတွင် မောင်းလာသည့် စစ်ကားတစ်စီးက ဆန္ဒပြလူငယ်များကို အနားရောက်မှ အရှိန်မြှင့်ပြီး ဝင်တိုက်ကြောင်း မျက်မြင်သက်သေတချို့က ပြောသည်။
ထိုကား ဝင်တိုက်ခံရသူများထဲတွင် အသက် ၁၈ နှစ်အရွယ် ကိုသုတ*လည်း ပါဝင်သည်။
“ကျွန်တော့်နားကို ကားတစ်စီး အရှိန်နဲ့ ရောက်လာတဲ့ အသံလိုမျိုး ကြားလိုက်ရတယ်။ ကြားလိုက်ပြီးနောက်ကိုလည်း ပြန်လှည့်မကြည့်နိုင်ဘူး။ ပြေးနေတဲ့အချိန်ဆိုတော့ အဲဒီကားက ကျွန်တော့်ကို ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ ကျွန်တော် ရှေ့ကို လွင့်သွားတယ်” ဟု ကိုသုတက ပြောသည်။
ထိုလူငယ်မှာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာ အပြင်းအထန်ရခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုနေရာမှ လွတ်အောင်ပြေးနိုင်ခဲ့သည်။
ထိုဖြစ်စဉ်ပြီး ၅ ရက်အကြာ ဒီဇင်ဘာ ၁၀ တွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၁ ဦး ဖမ်းမိကြောင်း၊ အမျိုးသမီး ၁ ဦး စိုးရိမ်ရကြောင်း၊ အခြားအမျိုးသား ၂ ဦး၏ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း စစ်ကောင်စီက သတင်းထုတ်သည်။
သို့သော် လူအုပ်ကို ကားနှင့် ဝင်တိုက်သည့် ရုပ်သံသက်သေရှိလျက်နှင့်ပင် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်သည်ဟု စစ်ကောင်စီက ဗြောင်ဘူးကွယ်သည်။
ထို့ကြောင့် စစ်ကောင်စီထုတ်ပြောသည့် ထိခိုက်၊ ဒဏ်ရာရ၊ ဖမ်းဆီး အရေအတွက်ကို ယုံရခက်သည်။ သို့သော် သီးခြားသက်သေပြနိုင်သည့် အခြေအနေမရှိသေးပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၁၈ စာရင်းအရ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း စစ်တပ်လက်ချက်ဖြင့် လူပေါင်း ၁၃၄၆ ဦးထက်မနည်း သေဆုံးခဲ့ရကာ ဆက်လက်ဖမ်းဆီးခံထားရသူ ၈၁၀၀ ကျော် အနည်းဆုံးရှိကြောင်း သိရသည်။
AAPP ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာထားသည့် စစ်ကောင်စီကမူ ထိုသို့သော ကိန်းဂဏန်းများကို ထုတ်ပြန်လေ့မရှိပေ။
AAPP တာဝန်ရှိသူတစ်ဦးကမူ ထိုစာရင်းမှာ ဆန္ဒပြပွဲများအတွင်း ဖမ်းဆီး၊ သေဆုံးမှု အများစုပါဝင်ကြောင်း၊ လက်လှမ်းမီသလောက် စုစည်းခြင်းဖြစ်၍ ထို့ထက်များနိုင်ကြောင်း Myanmar Nowကို ဩဂုတ်လအတွင်း ပြောဖူးသည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ကနဦးကာလများအတွင်း ရန်ကုန်မြို့နေ လူပေါင်း သိန်း၊ သန်းချီ၍ ဆန္ဒပြကြပြီးနောက် စစ်တပ်က အကြမ်းပတမ်းကိုင်တွယ်သည့်နောက် ထိုတာဝန်ကို လူငယ်ထုက ကြံ့ကြံ့ခံ၍ ဆက်လက်ထမ်းပိုးထားသည်။
“ကျွန်တော်တို့က စစ်တပ်ကို တိုက်ဖို့ အစောကြီးကတည်းက ဆုံးဖြတ်ပြီးပြီ။ အခုထိလည်း တိုက်နေကြတယ်။ မင်းအောင်လှိုင်နဲ့ ဖက်ဆစ်စစ်တပ် မကျမချင်း ကျွန်တော်တို့က တိုက်နေမှာပဲ။ ဘယ်သောအခါမှလည်း ရပ်သွားမှာမဟုတ်ဘူး”ဟု ကိုမြတ်မင်းခန့်က ပြောသည်။
သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ရန်ကုန်ခရိုင် ဥက္ကဋ္ဌဖြစ်သည်။

လက်တွေ့တွင်လည်း ရက်စက်စွာဖြိုခွင်းခံရသည့် ပန်းပင်ကြီးလမ်းဖြစ်စဉ်အပြီး ၁၀ ရက်အတွင်းတွင် အထွေထွေသပိတ်ကော်မတီ (GSC) နှင့် ပူးပေါင်းလုပ်ဆောင်သည့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ၁၆ ကြိမ်၊ နိုင်ငံအနှံ့ ၂၆ ကြိမ် ရှိသည်ဟု ကိုမြတ်မင်းခန့်ထံမှ သိရသည်။
အသက်၊ ဘဝတို့နှင့် ရင်းရသည့် ထိုကိစ္စများတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ အဖွဲ့ပေါင်း ၃၀ ကျော်ပေါင်း၍ ဖွဲ့ထားသည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ရန်ကုန်ရှိ မြို့နယ်အသီးသီးရှိ သပိတ်ကော်မတီများလည်း တက်ကြွစွာ ပါဝင်နေသည်။
လမ်းပေါ်၌ ပြောက်ကျားဆန္ဒပြမှုတစ်ခုတည်းတင်မကဘဲ လှုံ့ဆော်စာများဝေခြင်း၊ အများပြည်သူမြင်ကွင်း၌ ကြွေးကြော်သံပိုစတာများကပ်ခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် လိုက်လံဟောပြောခြင်း စသည့် နည်လမ်းမျိုးစုံ သုံးကြသည်။
ဖမ်းဆီးခံရမှုများမှာလည်း မှတ်တမ်းတင်ရခက်လောက်အောင်ပင် ရှိသည်။
“ကိုယ့်ရဲဘော်တွေ အဖမ်းခံလိုက်ရတဲ့အခါ စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့လဲ တိုက်စရာရှိတာ ဆက်တိုက်ရမှာပဲ” ဟု ကိုမြတ်မင်းခန့်က ပြောသည်။
ထိုသို့အန္တရာယ်ကြားမှ လူငယ်တို့၏ ရုန်းကန်နေမှုကို နိုင်ငံအနှံ့ ပြည်သူအပေါင်းကလည်း မည်မျှအားပေးထောက်ခံကြောင်း၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် သန္နိဋ္ဌာန် မည်မျှခိုင်မာကြောင်း ဒီဇင်ဘာ ၁၀ တွင် ပြသသည်။
အာဏာသိမ်းစစ်တပ်၏ အနိုင်ကျင့်၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ပြည်သူတို့ ရင်ဆိုင်နေရကြောင်း ပြသရန် ထိုနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွှဲဖို့ လူငယ်တို့က သုံးရက် ကြိုတင်ပန်ကြားရာတွင် လူထုကလည်း လက်ခံ၊ လိုက်နာသည်။
ရုံးဖွင့်ရက် သောကြာနေ့ပင်ဖြစ်သည့်တိုင် ဒီဇင်ဘာ ၁၀ တွင် ရန်ကုန်ကဲ့သို့သော စီးပွားရေးမြို့တော်ကြီး၌ပင် သတ်မှတ်ချိန်မတိုင်မီ နံနက်အစောကတည်းက ဆိုင်များပိတ်ကာ လမ်းသွယ်များ၊ ရပ်ကွက်လမ်းများပင်မကျန် အသွားအလာရပ်ခဲ့၍ ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်ခဲ့ရသည်။
အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကို လက်လုပ်ဒိုင်းဖြင့်ကာ၊ သဲအိတ်ဖြင့် အကာအကွယ်ယူရုံဖြင့် ဆန္ဒပြနိုင်ခဲ့ကြသည့် အခြေအနေမျိုး မရှိတော့သည့် လူငယ်တို့အတွက် လူထု၏ အသံတိတ်သပိတ်က စိတ်ခွန်အားဖြစ်စေခဲ့သည်။
စစ်ကောင်စီ၏ အညှာအတာမဲ့ အကြမ်းဖက်မှုများကြားမှ ဆန္ဒပြလူငယ်တို့ ဘေးကြုံလျှင် ကူညီတတ်သည့် လူထုက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး သွေးမအေးသေးကြောင်း အကောင်းဆုံး သက်သေပြလိုက်ခြင်းပင်ဖြစ်သည်ဟု ကိုမြတ်မင်းခန့်က ပြောသည်။
“ဒီတိုက်ပွဲပြီးတဲ့အထိ အတူတူတိုက်ကြရအောင်ပါ” ဟု ၎င်းက ပြည်သူတို့ကို တိုက်တွန်းသည်။

မြန်မာ့ဒီမိုကရေစီခရီးကြမ်းအစ ၁၉၈၈ အရေးတော်ပုံကို ဖြတ်သန်းခဲ့ဖူးသူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ အသက် ၅၄ နှစ်အရွယ် အိမ်ရှင်မတစ်ဦးကလည်း ယနေ့ခေတ်လူငယ်တို့၏ ပိုကောင်းသော ရုန်းကန်အားကို အသိအမှတ်ပြုကြောင်း ပြောသည်။
“လူငယ်တွေက စတေးပြီးတော့ အန္တရာယ်ရှိမှန်းသိရဲ့သားနဲ့ လုပ်ပေးနေရတာ။ ပညာတတ်လူငယ်လေးတွေ၊ အရွယ်ကောင်းလေးတွေက နေရာအနှံ့ လိုက်လုပ်ပေးနေရတာ” ဟု ၎င်းက ပြောသည်။
ထိုသို့ အခက်အခဲနှင့် အန္တရာယ်များကြားမှ ရန်ကုန်မြို့တွင်း ပြောက်ကျားဆန္ဒပြပွဲများကို ဆက်၍ လုပ်ဆောင်နေခြင်းမှာ သွေးမအေးကြောင်း၊ စစ်ကောင်စီ အုပ်ချုပ်ခွင့်မရနိုင်ကြောင်း လူထုထံ သတင်းစကားပါးရန်ဖြစ်ပြီး အောင်မြင်ကြောင်း ကိုမြတ်မင်းခန့်က ပြောသည်။
“တိုက်ပွဲဟာ ရှိနေသေးတယ်။ တိုက်ပွဲဟာ မပြီးသေးဘူးဆိုတဲ့ဆိုတာအပြင် နိုင်ငံရေးအရ လှုံ့ဆော်မှုတွေအတွက် မြေပြင်က သပိတ်တွေက အရေးပါနေသေးတယ်”ဟု ၎င်းက ဆိုသည်။
သို့သော် လမ်းပေါ်၌ ဆန္ဒပြပွဲအရေအတွက်နှင့် လူအင်အားနည်းသွားသည်မှာ မှန်သည်ဟု တကသကျောင်းသားဟောင်းများအင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ဝန်ခံသည်။
သို့သော် ဆန္ဒပြသည့် နည်းလမ်းကို ပစ်ပယ်ခြင်း၊ စွန့်လွှတ်နေခြင်းမဟုတ်၊ တော်လှန်ရေးအတွက် အခြားတာဝန်များ သွားရောက်ထမ်းဆောင်နေသည့် လူငယ်များတိုးနေသည်ဟု ၎င်းက ပြောသည်။
“စစ်ကောင်စီက အခုလို ဖမ်းပြ သတ်ပြ နှိပ်စက်ပြလေ၊ တော်လှန်ရေးသမား အသစ်အသစ်တွေ ပေါ်လာလေပဲလို့ ပြောလို့ရတယ်။ ဘယ်တော်လှန်ရေးမဆို ကြည့်လိုက်ပါ၊ တော်လှန်ရေးမျိုးဆက် ပြတ်သွားတယ်၊ ကုန်သွားတယ်ဆိုတာ မရှိဘူး”ဟု ကိုနန်းလင်းက ဆိုသည်။
လက်တွေ့တွင်လည်း ကူးစက်မြန် ကိုဗစ်နိုင်တင်းကပ်ရောဂါ အန္တရာယ်ကြားမှပင် လူထုက တက်ကြွစွာ မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို စိန်ခေါ်သည့် လှုပ်ရှားမှုများ နေ့စဉ် ရှိနေသည်။
၁၀ လကျော် ကြာလာချိန်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ တိုးပွားနေသည်မှာ အထင်အရှားဖြစ်သည်။
ထိုအခြေအနေတွင် ရန်ကုန်မြို့နေလူထုကို တော်လှန်ရေးစိတ်ခွန်အားနှင့် သတင်းစကားပေးရန် အနာခံ၍ ရှေ့တိုးမည့် ကိုသုတကဲ့သို့ လူငယ်များလည်းရှိနေသည်။
ပန်းပင်ကြီးလမ်းဖြစ်စဉ်အတွင်း အသက်ဘေးမှ သီသီလေးလွတ်ခဲ့သူ ကိုသုတက ဒဏ်ရာဗရပွနှင့် အိပ်ရာထဲ လဲနေသော်လည်း သူ၏စိတ်က လမ်းမများပေါ် ရောက်နေသည်။
“ကျွန်တော်နေကောင်းတာနဲ့ ဒါကိုဆက်လုပ်မယ် (ဆန္ဒပြမယ်)။ လုပ်ကိုလုပ်မယ်။ ဒါကြီးပြီးတဲ့အထိကို ဆက်လုပ်မယ်။ ကျွန်တော့်ခေါင်းထဲ အဲဒီအတွေးတစ်ခုပဲရှိတယ်” ဟု အားမွေးနေသည့် ကိုသုတက ပြောလိုက်သည်။
(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)