ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့မှ ကိုထွန်းထွန်း* ဧရာဝတီတိုင်းသို့ ကုန်ပစ္စည်းသွားပို့ရာ ရန်ကုန်-ပုသိမ်လမ်း ပန်တိုင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကို လက်နက်အပြည့်အစုံနှင့် တွေ့ရသည်။
နှစ်မှတ်တိုင်ခန့် ရှည်သည့် ယာဉ်တန်းကြီးဖြစ်သည်အထိ ယာဉ်ကြောပိတ်နေသည့် ထိုနေရာတွင် ထိုလက်နက်ကိုင်တို့က ကားများကို စစ်ဆေးခြင်းထက် ပိုက်ဆံတောင်းသည့်အလုပ်ကို အဓိကလုပ်ကိုင်ကြသည်ဟု ကိုထွန်းထွန်းက ပြောသည်။
“ရဲ၊ ယာဉ်ထိန်းရဲ၊ စစ်သား သုံးခုလုံး တစ်စီးချင်းတန်းစီတောင်းတယ်။ တစ်ယောက်ကို တစ်ထောင်ဗျ။ ဘယ်လောက်ရယ်လို့ တောင်းတာတော့မဟုတ်ဘူး။ နည်းနည်းပါးပါးလုပ်သွားဦးဆိုပြီးတောင်းတာ” ဟု ၎င်းက ဆိုသည်။
“ပြဿနာမဖြစ်ချင်တော့ သူတို့တောင်းရင်တော့ ပေးလိုက်တာပေါ့။ တခြားကနေလာပြီး စီးပွားရေးအတွက် ပစ္စည်းသွားပို့တာဆိုတော့ သူတို့ရစ်တာဘာညာနဲ့ဆို အချိန်မကုန်ချင်ဘူး။ သေနတ်တွေကိုင်ထားတာဆိုတော့ မပေးလို့လည်း မရဘူး”
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် အလျှိုလျှိုပေါ်ပေါက်လာသော စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းထိုးရာ မြို့ရွာများသည် စစ်ကောင်စီဩဇာခံ စစ်သားနှင့် ရဲများအတွက် ငွေတွင်းကြီးများသဖွယ် ဖြစ်လာသည်။
လုံခြုံရေးအကြောင်းပြချက်ဖြင့် လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းပြီး ၅၀၀ ကျပ်၊ ၁,၀၀၀ ကျပ်မှအစ ရေသန့်ဘူးနှင့် ကုန်ပစ္စည်းများကိုပါ တောင်းယူနေကြောင်း၊ ပြည်သူကို ရန်သူလို တိုက်ခိုက်ချေမှုန်းနေသည့် စစ်ကောင်စီတပ်ကို စေတနာမရှိသော်လည်း မလွှဲမရှောင်သာ ပေးနေရသည်ဟု ကိုယ်တိုင်ကြုံဖူးသူ ၅ ဦးက Myanmar Now ကို ပြောသည်။
ဂိတ်များတွင် ငွေတောင်းခြင်း
ဆန္ဒပြပွဲများဖြိုခွင်းစဉ်က လူသူမရှိသော ဈေးဆိုင်များ၌ ပလာတာ၊ ငှက်ပျောသီးနှင့် အရက်ပုလင်းများကို သိမ်းယူစားသောက်ဖူးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အတွက် ငွေတောင်းခြင်း၊ လုယူခြင်းတို့သည် လုပ်ရိုးလုပ်စဉ်လို ဖြစ်လာသည်ဟု ကြုံတွေ့ခဲ့ရသူတို့က ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများ၊ ရရာလက်နက်စွဲကိုင်တော်လှန်နေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို တားဆီးထိန်းချုပ်ရန် စစ်ကောင်စီက လမ်းများပေါ်တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်လာသည်။
ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပါက စစ်ဆေးမှုတင်းကျပ်ပြီး ပုံမှန်အချိန်တွင် ခရီးသွားများထံမှ ပြောင်ပြောင်းတင်းတင်း ငွေတောင်းလာသည်ဟု ငွေအတောင်းခံရသူများက ဆိုသည်။
မကြာသေးခင် ရက်ပိုင်းအတွင်း ငွေဆောင်သို့ ခရီးသွားခဲ့သည့် ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးလည်း အလားတူ ကြုံခဲ့ရသည်။
စစ်ကောင်စီတပ်သားတို့က အရှက်နည်းစွာ ငွေတောင်းနေကြရာ အကြီးအကဲများကိုယ်တိုင် လိုက်လျောထားသောကြောင့် ဖြစ်နိုင်သည်ဟု သူက ယူဆသည်။
“ဒီဂိတ်မှာ စောင့်ခွင့်ရတာကို အခွင့်အရေးလိုမျိုးကြီးဖြစ်ပြီးတော့ ပျော်နေတဲ့ပုံစံပေါ့။ ပိုက်ဆံတောင်းလို့ရပြီ ဆိုပြီး (ဂိတ်စောင့်ခွင့်ရဖို့) တန်းတောင်တန်းစီနေမလားမသိဘူး” ဟု ပုသိမ်မြို့အထွက် စစ်ဆေးရေးဂိတ်တွင် ငွေပေးခဲ့ရသူ ၎င်းက ဆိုသည်။
ထိုဂိတ်တွင် မီးသတ်ယူနီဖောင်းဝတ်ထားသူတစ်ဦးက သူ့ကို ဘယ်ကလာ၍ ဘယ်ကိုသွားမည်ကို မေးမြန်းပြီး လက်ဆောင်ပေးရန် တောင်းဆိုသောကြောင့် ၁,၀၀၀ ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့နေ့က နောက်ထပ် ယာယီစစ်ဆေးရေးဂိတ်တစ်ခုတွင်လည်း ၅၀၀ ပေးခဲ့ရသည်။
ရန်ကုန်နှင့် ဧရာဝတီကို ဆက်သွယ်ထားသည့် ပုသိမ်လမ်းတွင် မော်တော်ယာဉ်အများအပြား သွားလာနေသောကြောင့် နာရီပိုင်းအတွင်း ငွေပမာဏအများအပြားရနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
ပန်တိုင်နှင့် ညောင်တုန်းတံတားအဆင်းဂိတ်နှစ်ခုတွင် ပိုက်ဆံတောင်းသည်ကို တွေ့ရကြောင်း၊ လမ်းကြေး၊ မြို့ဝင်ကြေးများမဟုတ်ဘဲ စစ်သားနှင့် ရဲကို လာဘ်ငွေပေးရခြင်းဖြစ်ကြောင်း ထိုလမ်းတွင် သွားလာနေရသည့် ခရီးသွားများက ဆိုသည်။
၂၀၁၁ မတိုင်မီ စစ်အစိုးရလက်ထက်က လမ်းပေါ်တွင် ယာဉ်ထိန်းရဲဂိတ်၊ ရဲဂိတ်အများအပြား ချထားပြီး ရဲတို့က ကုန်တင်ကား၊ ဆီတင်ကားနှင့် ထော်လာဂျီမောင်းသူများကို ၂၀၀၊ ၅၀၀ စသဖြင့် တောင်းယူဖူးကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။
မော်တော်ယာဉ်ကို အပြစ်ရှာ စစ်ဆေးမှုမပြုလုပ်စေရန် ရဲနှင့် ယာဉ်ထိန်းရဲတို့ကို လက်ဖက်ရည်ဖိုး သို့မဟုတ် ဘော်ဒါကြေး စသဖြင့် ပေးရကြောင်း ၎င်းတို့က ဆိုသည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် နေရာအနှံ့အပြားတွင် စစ်ဆေးရေးဂိတ်များ ပြန်ပေါ်လာချိန်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ငုပ်လျှိုးနေသည့် ငွေကြေးတောင်းခံမှုများကို ပေါ်ပေါ်တင်တင် ပြုလုပ်လာနေခြင်း ဖြစ်သည်။
တယ်လီဖုန်းများကို ဖွင့်ပြီး အသေးစိတ်စစ်ဆေးနေရာ စစ်ကောင်စီတပ်သားတို့၏ အပြုအမူကို စွန့်စွန့်စားစား ဓာတ်ပုံရိုက်၊ ရုပ်သံရိုက် မှတ်တမ်းတင်ရန် အခြေအနေမပေးသေးပေ။
ကားပေါ်မှ ကုန်ပစ္စည်းများယူခြင်း
မန္တလေး – မိုးကုတ်လမ်းဟောင်းပေါ်ရှိ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအနီး စစ်ဆေးရေးဂိတ်တွင် ငွေသာမက စားသောက်ကုန်များကိုပါ စစ်သားနှင့် ရဲတို့က တောင်းယူနေသည်။
စစ်သား၊ ရဲနှင့် သစ်တောဝန်ထမ်း စုစုပေါင်း ၃၀ ခန့်ရှိသည့်အဖွဲ့က ဂိတ်တွင် အထိုင်ချစစ်ဆေးကာ ငွေနှင့် ပစ္စည်းများတောင်းယူခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကုန်ပစ္စည်းပို့ဆောင်သူတစ်ဦးက ဆိုသည်။
ထိုဂိတ်ကို ဖြတ်လိုပါက ဂိတ်တဲအနီး စားပွဲတွင်ထိုင်နေသည့် သုံးပွင့်နှင့် ဗိုလ်ကြီးထံ သွားရောက်ကာ ဘယ်ကလာ၍ ဘယ်ကိုသွားမည်ကို ပြောပြရကြောင်း၊ ယာဉ်ပေါ်တွင် တင်လာသည့် ပစ္စည်းများကို တောင်းယူကြောင်း ၎င်းက ဆိုသည်။
“မပေးဘူးဆိုတဲ့အခါကျတော့ နည်းနည်းရစ်တာပေါ့။ ကိုဗစ်ဆေးထိုးပြီးပြီလား။ ဒီကိုသွားဖို့အတွက် ဘယ်သူရဲ့ ခွင့်ပြုချက်ယူခဲ့လဲ။ အဲ့လို မေးတာပြုတာရှိတယ်” ဟု ၎င်းက ဆိုသည်။
“(လက်နက်တွေ) ကိုင်ထားတယ်။ အသက် ၃၀၊ ၅၀ အထက်ဆို တော်တော်များများက နေ့ခင်းဘက်သွားတာတောင် မူးနေကြတာရှိတယ်”
ဂိတ်ရှေ့တွင် ဆိုင်ကယ်များ ဆင်းတွန်းရသလို ကုန်ကားကြီးများဖြတ်မောင်းလျှင်လည်း ပိုက်ဆံပေးရကြောင်း ရေသန့်ဘူး၊ ကော်ဖီမစ်၊ အချို့ရည်၊ စားသောက်ကုန် စသည့်ကုန်ပစ္စည်းများဖြစ်ပါက အရာရှိများကိုယ်တိုင်ပင် တောင်းယူနေကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီး ၅ လအကြာ ဇွန်လကတည်းက ငွေနှင့် ပစ္စည်းများတောင်းယူနေခြင်းဖြစ်ပြီး ထိုလမ်းကြောကို ဖြတ်သန်းသွားလာသူတိုင်း မဖြစ်မနေပေးရသည်။ စစ်ကောင်စီ ဆက်လက်အုပ်ချုပ်နေပါက လမ်းနှင့် တံတားခပေးရသည့်နည်းတူ စစ်ဆေးရေးဂိတ်များကို ပုံသေသတ်မှတ်ချက်မရှိသည့် ငွေကြေးနှင့် ပစ္စည်းကို ပုံမှန်ပေးရတော့မည့်သဘောဖြစ်သည်။
“သွားမှ အဆင်ပြေမှာဆိုတော့ ကျွန်တော်တို့က ပေးလိုက်ရတာပေါ့။ ဒီလမ်းကြောကို ကျွန်တော်တို့က မသွားလို့လည်း မရဘူးဗျ။ သူတို့က မသွားနဲ့ဆိုရင် ကျွန်တော်တို့က ပြန်သွားရမဲ့ပုံစံမျိုးဖြစ်နေတယ်။ ပြန်လှည့်ရမဲ့ပုံစံဖြစ်နေတော့ ကျွန်တော်တို့က ပေးလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ဖုန်းကို ယူ၍ စစ်ဆေးတတ်ပြီး Facebook, Viber, Messenger တို့ကိုကြည့်ကာ ခေတ်သစ်မီဒီယာ၊ BBC သတင်းစာမျက်နှာကို Like လုပ်ထားပါက “မင်းတို့က ဘာသိလို့လဲ” ဟု ပြောကာ Unlike လုပ်ခိုင်းတတ်သည်ဟု ဆိုသည်။
မှတ်ပုံတင်စစ်ရာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်းဒေသ မှတ်ပုံတင်ကိုင်ဆောင်သူများကို တင်းကျပ်စွာစစ်ဆေးကြောင်း ၎င်းက ပြန်ပြောပြသည်။
တစ်ပုံစံတည်းမကျသော်လည်း နိုင်ငံအနှံ့ စစ်ဆေးရေးဂိတ်များတွင် လက်ပန်လှရွာအနီးဂိတ်များနည်းတူ စစ်ဆေးတတ်ကြောကြောင်း ခရီးသွားများက ဆိုသည်။
မြန်မာ၏ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုဖြစ်သည့် မူဆယ်၊ မြဝတီ လမ်းကြောင်းများတွင် စစ်ဆေးမှုများပိုမိုတင်းကျပ်ထားပြီး ပါဆယ်ထုပ်ဖွင့်ဖောက်စစ်ဆေးသဖြင့် ပစ္စည်းပျောက်ဆုံးမှုရှိလာကြောင်း ကုန်သည်များက ဆိုသည်။
ထိုင်းမြန်မာနယ်စပ်နှင့် နီးသည့် ကော့ကရိတ်အဝင် တံတားကျိုးဂိတ်ကို မှောင်ခိုကုန်သွယ်မှုထိန်းချုပ်ရန်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်အဖွဲ့စုံဂိတ်ကို ရဲနှင့် စစ်သားများက မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်အဖြစ် အသုံးပြုရန် ပြန်လည်ဖွင့်လှစ်ထားကြသည်။
ဂိတ်အများအပြားဖွင့်လှစ်လာပြီးနောက် ကုန်ပစ္စည်းပို့ရာတွင် အဆင်မပြေကြောင်း၊ အစစ်အဆေးများပြားနေသဖြင့် အချိန်ကြာပြီး ကုန်ကျစရိတ်လည်းပိုများလာကြောင်း ထိုင်းမှ မြန်မာသို့ ကုန်ပစ္စည်းဝယ်ပို့ပေးနေသည့် ကိုဝင်းကိုက ဆိုသည်။
“စစ်ကောင်စီက (ပိုက်ဆံ) တောင်းတာတို့၊ ပစ္စည်းဖောက်တာတို့ပေါ့။ ပြောရမယ်ဆိုရင် အရင်ကလောက် ဘာတစ်ခုမှ အဆင်မပြေတာ။ အရင်က အဲ့လောက် မစစ်ဘူး” ဟု ၎င်းက ဆိုသည်။
အခုက လမ်းမှာ ကြန့်ကြာမှုတွေရှိတယ်။ ပစ္စည်းဖောက်ထုတ်ခံရတာတွေရှိတယ်”
၎င်းကိုယ်တိုင်လည်း iPad တစ်ခု ပို့ဆောင်ရေး ဝန်ဆောင်မှုပေးရာတွင် မြဝတီလမ်းကြောင်းရှိ စစ်ဆေးရေးဂိတ်တွင် ဖောက်ယူခံလိုက်ရသောကြောင့် အလျော်ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ပစ္စည်းကို ဖောက်မှာကြောက်လို့ သေချာထုတ်ပေးတယ်။ သူတို့က (စစ်ကောင်စီတပ်) ပစ္စည်းတွေကို ဖောက်ပြီးတော့ မွှေတယ်။ ဓားတွေနဲ့ ဖောက်ကြည့်တယ်။ နောက်ပိုင်းကျတော့ အလျော်အစားများလို့ မလုပ်တော့တာ” ဟု ၎င်းက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သလို စစ်သားနှင့် ရဲတို့၏ ငွေတောင်းယူနေမှုများနှင့် ပတ်သက်ပြီးလည်း စစ်ကောင်စီထံမှ တုံ့ပြန်ပြောဆိုချက် မရရှိသေးပေ။
လုံခြုံရေးအကြောင်းပြချက်ဖြင့် ထင်သလိုစစ်ဆေးမှုများ၊ ငွေတောင်းမှုများကြောင့် စိတ်မလုံခြုံသော်လည်း စစ်ကောင်စီ အာဏာဆုပ်ကိုင်ထားသမျှ ထိုသို့အနိုင်ကျင့်နေမှုများကို ရင်ဆိုင်ရမည်သာဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အာဏာရလာမည့် အချိန်ကို မျှော်လင့်နေကြောင်း ပုသိမ်မြို့အထွက် စစ်ဆေးရေးဂိတ်တွင် ငွေပေးခဲ့သူ ရန်ကုန်မြို့ခံက ဆိုသည်။
“ဒီအတိုင်းဖြစ်နေသရွေ့ အနည်းနဲ့အများ ရှိနေမှာပဲ။ အခုက ဘယ်သူမှ တိုင်လို့လည်းရတာမဟုတ်ဘူး။ တိုင်လို့ရတဲ့အခြေအနေမှာ ပြန်ပျောက်သွားမယ်ထင်တယ်။ NUG က အာဏာပြန်ရတာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများကြား ငွေနှင့်ပစ္စည်း လုယူခြင်း
လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်များသာမက တိုက်ပွဲဖြစ်ပွားသည့် ဒေသများသည်လည်း တစ်ရွာဝင် တစ်ရွာထွက် ငွေကြေးနှင့် ပစ္စည်းများသိမ်းယူနေသည်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ ကျေးရွာများကို အောက်တိုဘာ၊ နိုဝင်ဘာတို့တွင် ဝင်ရောက်ခဲ့သည့် စစ်တပ်က စားသောက်စရာများယူပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွာခံများနှင့် ကျွန်းလှ PDF က ဆိုသည်။
အင်္ဂါရေနံမှော်နှင့် ကျွဲတဲ၊ အေးချမ်းသာ၊ လိပ်ဆင်းတောင်၊ မော်ကယ်၊ မော်တုံ၊ ပေပင်ချောင်၊ ဝေလမူ၊ ကုန်းစည်း၊ တောင်နီ၊ ဥသျှစ်ကုန်းရွာတို့တွင် ငွေနှင့် ပစ္စည်း လုယူကြသည်ဟု ၎င်းတို့က ပြောသည်။
ထိုကာလအတွင်း ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှပင် ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်များသည် ထိုတိုက်ပွဲများကို အခွင့်ကောင်းယူကာ တစ်ရွာဝင် တစ်ရွာထွက် စခန်းချပြီး ငွေကြေးနှင့် ပစ္စည်းများသိမ်းယူကြောင်း ဒေသခံရွာသားများက ပြောသည်။
နိုဝင်ဘာ ၆ တွင် အေးချမ်းသာရွာကို စစ်တပ်ဝင်လာပြီးနောက် နှစ်ရက်ကြာ တပ်စွဲကာ ရွာကုန်စုံဆိုင်မှ သိန်း ၅၀ တန်ဖိုးရှိ ပစ္စည်းများ ယူသွားကြောင်း ရွာခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
နိုဝင်ဘာ ၁၁ တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သဖန်းဆိပ်ဆည်အနောက်ဘက် ဇီးဖြူတောင်တန်းပေါ်ရှိ အင်္ဂါရေနံမှော်ရွာတွင် ငွေကျပ် ၂၅ သိန်း ဆက်ကြေးတောင်းပြီး ကုန်စုံဆိုင်များမှ ပစ္စည်းလုယူသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။
မှော်ထဲရှိ ကုန်စုံဆိုင် ၃ ဆိုင်ကို မွှေနှောက်ကာ ဆပ်ပြာမှုန့်၊ ကော်ဖီ၊ အအေးဘူး၊ စီးကရက်၊ အရက်ပုလင်း၊ ဆန်၊ ဆီတို့ကို ယူသွားကြောင်း ၎င်းက ဆက်ပြောသည်။
‘ကိုယ့်ပစ္စည်း တစ်ခုမှမပါဘူး။ ပါးရိုက်လိုက်ရင် ကိုယ်လိုချင်တာ အကုန်ရတယ်’ ဟု စစ်သားများက ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုကြောင်း မျက်မြင်ကြုံတွေရသည့် ၎င်းက ပြန်ပြောင်းပြောပြသည်။
ကုန်စုံဆိုင်များမှ လုယူခံရသည့် ပစ္စည်းများမှာ ကာလတန်ဖိုး သိန်း ၃၀ ခန့်ရှိပြီး ရိုက်ခွဲဖျက်ဆီးခံရသည့် ပစ္စည်းတန်ဖိုး ၁၀ သိန်းခန့်ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။
“တစ်တဲမကျန်၊ တစ်ဆိုင်မကျန်၊ တစ်အိမ်မကျန် အကုန်မွှေတာ၊ ကလေးအဝတ်ဖာကစပြီးတော့။ ထဘီတန်းကြားထားတဲ့ ထဘီစုတ်တွေတော့ ထားခဲ့တယ်။ ပိုက်ဆံ ၂ သိန်း၊ ကျွန်တော့် ဖုန်း ၁ လုံးနဲ့ ဖုန်းဘေတစ်ထောင်ကတ် ၂၅ ကတ် အဲဒါကစပြီး အကုန်ယူသွားတာ” ဟု ၎င်းက ပြောသည်။
စစ်သားများက ၎င်းကို မိသားစုအကြောင်း၊ PDF များအကြောင်း မေးမြန်းစုံစမ်းခဲ့ပြီး စစ်သားများလာချိန်တွင် တံခါးမဖွင့်ပေးပါက မှော်ကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သွားသည်ဟု ဆိုသည်။ မှော်ထဲတွင် ၃ ရက်ကြာ နေထိုင်ခဲ့ပြီးနောက် စစ်တပ်ပြန်ထွက်သွားသည်ဟု အင်္ဂါရေနံမှော်ရွာသားက ပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းကို အကြီးအကျယ်ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ဒေသခံတို့၏ အိုးအိမ်စည်းစိမ်များကို ထင်တိုင်းကြဲ သိမ်းပိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားတို့သည် ၎င်းတို့တပ်မက်သည့် အဖိုးတန်ပစ္စည်းများ၊ ရိက္ခာများ လုယူကြောင်း၊ တီဗီ၊ ရေခဲသေတ္တာ၊ အိုးခွက်ပန်းကန်များကို ဖျက်ဆီးတတ်ကြောင်း Myanmar Now က မေးမြန်းခွင့်ရသည့် ဒေသခံတို့က ဆိုသည်။
အာဏာသိမ်းမှု ၁၁ လ ကြာလာချိန်တွင် စစ်ကောင်စီတပ်သားတို့ ဝင်ရောက်ပြီး ပစ္စည်းယူဆောင်မှုကို ရင်ဆိုင်ရသည့် ဒေသအသီးသီးမှ လူနေအိမ်နှင့် သတင်းဌာနရုံးခန်းအများအပြား ရှိလာသည်။
ထို့ပြင် အပြစ်မဲ့ပြည်သူများကို အကြောင်းရှာဖမ်းဆီးကာ ငွေပေးရွေးရန် အကျပ်ကိုင်တတ်ရာ ဩဂုတ်လအတွင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပြင် ကျေးရွာများတွင် ထိုနည်းလမ်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ငွေဖြောင့်နေကြောင်း ရွှေဘိုဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“တွေ့ရာ အကုန်ယူပဲ။ ယူမရတဲ့ဟာတွေဆို ဖျက်ဆီးပစ်ခဲ့တာပဲ။ ရွာသူရွာသားတွေ အတော်ဒုက္ခရောက်နေရှာကြတယ်။ ဒီနှစ် အသီးအနှံက ဈေးမရ၊ စီးပွားရေးအဆင်မပြေ၊ xxx တွေက ဝင်မွှေနဲ့ ယဲ့ယဲ့ပဲ ကျန်ကြတော့တယ်” ဟု အဆိုပါ ရွှေဘိုဒေသခံက ပြောသည်။
(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)