သတင်း

ချင်း-မကွေး နယ်စပ်တွင် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်နေ 

ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် စစ်တပ်နှင့် ဒီဇင်ဘာ ၁၂ ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရမှုများ ရှိသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

မကွေးတိုင်း ဆောမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့ကြားရှိ ကြီးရွာ၊ လယ်ဆောရွာ၊ မယ်လယ်ကုန်းရွာ တို့တွင် အင်အား ၇၀ ခန့်ဖြင့် လှုပ်ရှားနေသည့် စစ်တပ်ကို ကျောက်ထုနှင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပူးပေါင်း၍ ပြောက်ကျားပုံစံတိုက်နေသည်ဟု မင်းတပ်မြို့နယ်မှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူက ပြောသည်။ 

“ဒလန်တွေ၊ ပျူတွေ၊ အုပ်ကြီးတွေ အရှင်းခံရတာများတာရော၊ ယော PDF တွေနဲ့ မင်းတပ် CDF တွေနဲ့ ဒီထက်ပို ချိတ်ဆက်တာများတော့ သူတို့က သူတို့လူကို ကာကွယ်ချင်တဲ့သဘော၊ နယ်မြေရှင်းလင်းချင်တဲ့ ပုံစံ….” ဟု စစ်တပ်၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။

ဆောမြို့နယ်၊ ကြီးရွာနှင့် လယ်ဆောရွာကြားတွင် ဒီဇင်ဘာ ၁၂ ရက်နှင့် နောက်တစ်ရက် (ဒီဇင်ဘာ ၁၃) နံနက်တွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၅) တွင်မူ လယ်ဆောရွာနှင့် ၇ မိုင်ခန့်အကွာရှိ မယ်လယ်ကုန်းရွာအနီး၌ ထိုစစ်ကြောင်းကို မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကိုယောမန်က ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်တွင် ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီဘက်တွင် ၁၀ ဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရမည်ဟု CDF – မင်းတပ်က ခန့်မှန်းသည်။ ထိုအရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသို့ တိုက်ခိုက်ခံနေရသည့် စစ်ကြောင်းကို အားဖြည့်ရန် ကျောက်ထုမြို့ဘက်မှ အင်အား ၁၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် မယ်လယ်ကုန်းရွာသို့ ယမန်နေ့ (ဒီဇင်ဘာ ၁၅) ညနေပိုင်းတွင် ရောက်လာ၍ စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်သည်ဟု ကိုယောမန်က ပြောသည်။

“ဒီနေ့တော့ ဘယ်လိုဖြစ်မလဲ မသိဘူး။ ဒီနေ့ ဖြစ်ရင်တော့ နည်းနည်းကြီးကျယ်နိုင်တာပေါ့။ သူတို့ဘက်ကလည်း အင်အားဖြည့်ထားတယ်။ ကိုယ့်ဘက်ကလည်း အင်အားဖြည့်ထားတယ်ဆိုတော့ ဘယ်လိုဖြစ်နိုင်မလဲ စောင့်ကြည့်ရမှာပဲ” ဟု ၎င်းက ပြောသည်။

ထိုဒေသအတွင်း၌ လှုပ်ရှားနေသည့် စစ်ကြောင်းသည် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ကြီးရွာနှင့် လယ်ဆောရွာရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၏ နေအိမ် ၁၀ ထက်မနည်းကို ဝင်ရောက်မွှေနှောက်ကာ ရွှေ၊ ငွေများ ယူဆောင်သွားကြောင်း မင်းတပ် CDF က ထိုဖြစ်စဉ်အပြီး သုံးရက်အကြာတွင် သတင်းထုတ်ပြန်သည်။

စစ်တပ်က ထိုသို့ အဖိုးတန်ပစ္စည်းများယူဆောင်သွားသည်ဆိုသော ကိစ္စနှင့် ထိုသို့ စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူရှိမရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လူထုဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံနိုင်သောကြောင့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်သည့် တိုက်ပွဲများ နိုင်ငံအနှံ့တွင် အရှိန်မြင့်တက်နေသည်။ 

ခုခံတော်လှန်မှုအားကောင်းသည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းပို့လွှတ်ကာ စစ်ရေးလှုပ်ရှားနေသဖြင့် နိုဝင်ဘာလမှစ၍ တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပါ စစ်ကူပေးနေသည့် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ဒေသခံတို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ အသေးစိတ်ကိုမူ အတည်ပြုရန် ခက်ခဲနေသည်။

ထိုသို့သော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button