သတင်း

စစ်တပ်ဖမ်းထားသည့် ကန်ပက်လက်မှ ဘာသာရေးခေါင်းဆောင် သေဆုံး 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်တပ်က ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာ ယမန်နေ့ (ဒီဇင်ဘာ ၁၃) တွင် သူ၏ ရုပ်အလောင်းကို ဒဏ်ရာများနှင့် လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

၂၉ နှစ်အရွယ် ဦးအွမ်ကီးသည် ဒီဇင်ဘာ ၁၁ တွင် အုတ်ဖိုရွာနေအိမ်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF (ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ဟိုတယ်ဇုန်ဘေးနားက လမ်းမှာပဲ ပြန်တွေ့တာ။ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေရှိတယ်။ ပစ်ခတ်ခံရတဲ့ဒဏ်ရာမျိုးတွေ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဦးအွမ်ကီး၏ ရုပ်အလောင်းကို နေ့လယ်ပိုင်းက ကန်ပက်လက်မြို့၊  မြို့ဟောင်းသင်္ချိုင်းတွင် သင်္ဂြိုဟ်ကြောင်း သူက ဆက်ပြောသည်။ 

ဖမ်းဆီးခံထားရသူ သေဆုံးခြင်း၊ ရုပ်အလောင်း လမ်းဘေးရောက်နေခြင်းတို့နှင့် ပတ်သက်ပြီး ကန်ပက်လက်မြို့နယ် မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။ 

သာသနာ့ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များကို ရှုတ်ချကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။ စစ်ကောင်စီတပ်များက ခရစ်ယာန်အများစုနေထိုင်ရာ ချင်းပြည်နယ်သို့ လာရောက်ပြီး ထိုသို့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံများတွင် ဝင်ရောက်တပ်စွဲခြင်းတို့မှာ ဘာသာရေးကို ပစ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားနေခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ၎င်းက ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့ မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းရန် ထွက်လာသည့် သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်းသည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

ဒီဇင်ဘာလဆန်းပိုင်းကလည်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှ ခရစ်ယာန်အသင်းတော် ဓမ္မအမှုတော်ဆောင် အရှိုချင်းလူမျိုး ဆလိုင်းငွေကြာကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ရက်ပိုင်းအတွင်း စစ်ကြောရေးတွင် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ 

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်သို့ စစ်တပ်က အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စေလွှတ်ခဲ့သည်။ 

စစ်ကောင်စီတပ်များသည် အောက်တိုဘာလအတွင်း ဖလမ်းမြို့နယ်တွင် ဘုရားကျောင်းများနှင့် ဘုရားကျောင်းပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မြို့လုံးကျွတ် စစ်ရှောင်နေရသည့် ထန်တလန်မြို့နယ်တွင်လည်း ဘုရားကျောင်းနှစ်ကျောင်း မီးလောင်ခဲ့ကြောင်း ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစုနေသည့် ချင်းရေးရာအဖွဲ့ချုပ်က နိုဝင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ရှို့မီးများမှာ ဒေသတွင်း လက်နက်ကိုင်ခုခံသူတို့၏ လက်ချက်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

မကွေးတိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ကန်ပက်လက်မြို့တွင် နိုဝင်ဘာလကုန်ပိုင်းမှစ၍ ပစ်ခတ်မှုများ ရှိနေပြီး မြန်မာ့စီးပွားရေးဘဏ်၊ ပညာရေးမှူးရုံး၊ ရဲစခန်း စသည့်နေရာတို့တွင် စစ်ကောင်စီတပ် အင်အား ၁၇၀ ကျော်ဖြင့် တပ်စွဲထားကြောင်း CDF (ကန်ပက်လက်) ထံမှ သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button