စစ်အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပေါ် စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိမှု ၆ မှုစလုံးကို မကွေးအကျဉ်းထောင်ရှိ သီးသန့်တရားရုံးက စွဲချက်တင်လိုက်သည်။
မကွေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းနှင့် ဒေါ်မိမိမော်တို့ကိုင်တွယ်သည့် တရားခွင်က စွဲချက်တင်သည့်အမိန့်ကို ဒီဇင်ဘာ ၉ တွင် ၂ မှု၊ နောက်တစ်ရက်တွင် ၄ မှု ချမှတ်ခဲ့ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေ ဦးအောင်နိုင်က ပြောသည်။
‘စွပ်စွဲခံရတဲ့သူဘက်က ပြန်ပြီးတော့ ဖြေရှင်းရမှာပါပဲ။ သက်သေတွေ စစ်ရပါဦးမယ်” ဟု ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုကို မဲရလဒ်ငြင်းပယ်ကာ အာဏာသိမ်းသည့် စစ်ကောင်စီက ဇွန်လ၌ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ထောင် ၂နှစ်ချခဲ့ပြီးဖြစ်သည်။
ယင်းနောက်တွင် အသက် ၆၄ နှစ်အရွယ် ဒေါက်တာအောင်မိုးညိုကို ထောင် ၁၅နှစ်ထိချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မ ၅၅ ဖြင့် အမှုပေါင်း ၆ မှု စစ်ကောင်စီက ထပ်မံစွဲဆိုသည်။
ဒေါက်တာအောင်မိုးညိုကို မကွေးပညာရေးကောလိပ်၊ မကွေးဒီဂရီကောလိပ်၊ ပခုက္ကူအစိုးရနည်းပညာအထက်တန်းကျောင်း တည်ဆောက်ရာတွင် နိုင်ငံ့ဘဏ္ဍာ ပိုမိုကုန်ကျစေသည်၊ လယ်ယာမြေ၌ Denko ဆီဆိုင်တည်ဆောက်ရန် ခွင့်ပြုရာတွင် ကျပ်သိန်း ၅၀၀ ရယူသည် စသဖြင့် စွပ်စွဲခဲ့သည်။
ထို့ပြင် ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်မရှိဘဲ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ သုံးစွဲသည်၊ ဒေသတွင်း ဓာတ်အားပေးလုပ်ငန်းများကို လိုင်စင်သက်တမ်းတိုးမပေးသည့် အချိန်တွင် လုပ်ငန်းဆောင်ရွက်ခွင့် ပြုထားသဖြင့် မြေငှားရမ်းခငွေများ ဆုံးရှုံးသည်ဟုလည်း စစ်ကောင်စီက အကြောင်းပြထားသည်။
ထိုအကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးကြောင်း ဖော်ပြထားသည့် ပမာဏတွင် ကျပ်သိန်း ၅၀၀ သည်သာ အနည်းဆုံးဖြစ်ပြီး ကျပ် ၉ သန်းမှ သန်း ၃၀ ကျော်ထိ ရှိသည်ဟု ဒေါက်တာအောင်မိုးညို၏ ရှေ့နေက ပြောသည်။
“ဒေါက်တာအောင်မိုးညိုကတော့ စွဲဆိုထားတာတွေနဲ့ ပတ်သက်ပြီး ငြင်းတယ်။ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ အရေးယူပိုင်ခွင့်မရှိပါဘူးဆိုပြီး ငြင်းပါတယ်” ဟု ဦးအောင်နိုင်က ဆိုသည်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ်ဇာတိ အိမ်ထောင်ဖက်နှင့် သားသမီးမရှိသူ ဒေါက်တာအောင်မိုးညိုမှာ မကွေးတိုင်းဝန်ကြီးချုပ်ဘဝဖြင့် အစိုးရအိမ်တော်တွင် နေချိန်ကပင် အဆောင်အယောင်ရယူခံစားမှုမရှိသည့် လူပျိုကြီးဟု နာမည်ကျော်သည်။
“အညာသားစတိုင်အတိုင်းပဲ နေတယ်။ ဝန်ကြီးချုပ်အိမ်မှာ ဝါးကုလားထိုင်ပဲ သုံးတယ်။ သူ့အိမ် ဧည့်သည်သွားလုပ်လို့ စားကောင်းသောက်ကောင်း ဖွယ်ဖွယ်ရာရာစားရမယ်မထင်နဲ့။ သူ့နားက ဝန်ထမ်းတွေအကုန်လုံးကို သူ့လစာနဲ့ တင်ကျွေးထားတာထဲကပဲ မျှစားရတယ်”ဟု လက်ရှိတွင် တိမ်းရှောင်နေရသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နေအိမ်အကျယ်ချုပ်ဖြင့်သာ ရှိနေချိန်တွင် စစ်တပ်၏လုပ်ရပ်ကို လက်မခံနိုင်ဟု Facebook တွင် တိုက်ရိုက်ရုပ်သံလွှင့်တင်ပြီးနောက် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အကျဉ်းထောင်သို့ ပို့ဆောင်ပြီး ပုဒ်မများ တစ်ခုပြီးတစ်ခုတပ်ကာ အမှုဖွင့်နေခြင်း ဖြစ်သည်။
လက်ရှိရင်ဆိုင်နေရဆဲဖြစ်သည့် ထိုအဂတိမှုများကို ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချလိမ့်မည်ဟု ဒေါက်တာအောင်မိုးညို၏ ရှေ့နေက မျှော်လင့်ထားသည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ကြေညာကာ အာဏာသိမ်းပြီးနောက်တွင် လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ခေါင်းဆောင်များကို ကြီးလေးသည့် အဂတိမှုများအပါအဝင် ပုဒ်မမျိုးစုံတပ်ကာ စစ်ကောင်စီက တရားစွဲ၊ ထောင်ဒဏ်များချမှတ်နေသည်။
အဂတိမှု ၅ မှု တပ်ခံရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ NLD ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာ ၉ ရက်၌ စစ်ကောင်စီက အမိန့်ချရာတွင် တစ်မှုချင်းစီအတွက် အမြင့်ဆုံးထောင်ဒဏ်များ သီးခြားစီချမှတ်ခဲ့ပြီး စုစုပေါင်း ၇၅ နှစ်အထိရှိသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အလားတူ ထောင်ဒဏ်သတ်မှတ်မည်ဆိုပါက အဂတိဖြင့် စွပ်စွဲခံရသည့် အမှု ၆ ခုပေါင်း၏ ထောင်ဒဏ်မှာ နှစ် ၉၀ ဖြစ်သည်။
လက်ရှိတွင် ဒေါက်တာအောင်မိုးညို၏ ကျန်းမာရေးကောင်းနေသည်ဟု သူ၏ ရှေ့နေက ပြောသည်။
အာဏာကို မတရားနည်းဖြင့် ရယူထားသည့် စစ်ကောင်စီအလိုကျ တရားစီရင်နေမှုများသည် ပြစ်မှုကျူးလွန်နေခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီးဌာနက အောက်တိုဘာလကတည်းက သတိပေးထားသည်။
စစ်ကောင်စီသည် ၎င်းတို့ ကျူးလွန်ထားသည့် နိုင်ငံတော်ပုန်ကန်မှုကြီး (အာဏာသိမ်းမှု)ကို ဖုံးကွယ်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာကပင် ကိုယ်ကျင့်တရားကောင်းကြောင်း သိထားသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော NLD ခေါင်းဆောင်များကို ပုဒ်မမျိုးစုံတပ်စွပ်စွဲနေခြင်းသာဖြစ်သည်ဟု NUG တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောထားသည်။
“(စစ်ကောင်စီ) သူတို့သည် မူလ၊ တရားဝင် အာဏာရရှိထားတဲ့သူတွေကို မပျက်ပျက်အောင် ဖျက်ရမှာ။ သူတို့ရဲ့ ထွက်ပေါက်ပေါ့ဗျာ။ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာသလိုပေါ့”ဟု ၎င်းက မှတ်ချက်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)