သတင်း

အမေရိကန်နှင့် အပေါင်းအပါများက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်အရေးယူ 

မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် မြန်မာစစ်တပ်ကို ဖိအားပေးသည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အဖွဲ့သုံးခုနှင့် စစ်ကောင်စီခန့် ဝန်ကြီးချုပ်လေးဦးကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာလိုက်သည့်နည်းတူ ဗြိတိန်နှင့် ကနေဒါကလည်း စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းလေးခုကို ဒဏ်ခတ်အရေးယူလိုက်သည်။

စစ်ဘက်အဖွဲ့အစည်းများဖြစ်သည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့ကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆက်စပ်တဲ့သူတွေကို ပစ်မှတ်ထားအရေးယူရာမှာ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ကလည်း အလားတူ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ဖော်ထုတ်ဖို့၊ တာဝန်ရှိမှုကို မြင်သာစေဖို့နဲ့ သူတို့ရဲ့ နိုင်ငံတကာငွေရေးကြေးရေးအခန်းကဏ္ဍကို ကန့်သတ်ဟန့်တားဖို့ ကျွန်တော်တို့ စိတ်တူကိုယ်တူ မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရုတ်၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၅ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း ၁၀ ခုကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်က ကြေညာခြင်းဖြစ်သည်။ 

စစ်တပ်နှင့် ရဲတပ်ဖွဲ့သုံး စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေး အဓိကတာဝန်ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ထောက်ပံ့ပို့ဆောင်ရေးတာဝန်ရှိသူ စစ်ထောက်ချုပ်ရုံးနှင့် အရန်အင်အားအဖြစ် ထိပ်တန်းစစ်ဗိုလ်ချုပ်များ ပါဝင်ဖွဲ့စည်းထားသည့် စစ်မှုထမ်းဟောင်းအဖွဲ့တို့သည် အကြမ်းဖက်မှုများနှင့် ရာနှင့်ချီသော အရပ်သားသေဆုံးမှုများတွင် ပါဝင်ပတ်သက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးချုပ်လေးဦးသည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည့်အတွက် အရပ်သားသေဆုံးမှုများတွင် တာဝန်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါ စစ်ဘက်ဌာနအဖွဲ့အစည်းသုံးခု အပါအဝင် မြန်မာစစ်တပ်၏ နောက်ထပ်ထိပ်တန်းစစ်ဘက်ဆိုင်ရာဌာနတစ်ခုဖြစ်သည့် စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်နှင့် ကနေဒါတို့ကလည်း တစ်ရက်တည်းထုတ်ပြန်ကြေညာသည်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစကာ အမေရိကန်နှင့်အတူ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က မြန်မာစစ်ဗိုလ်ချုပ်များ၊ ၎င်းတို့မိသားစုဝင်များ၊ ပတ်သက်ဆက်နွှယ်သူများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို အကြိမ်များစွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရ၏ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှု ၁၁ ကြိမ် ရှိပြီဖြစ်ကာ စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၆၈ ဦး၊ ကုမ္ပဏီနှင့် ဌာနအဖွဲ့အစည်းပေါင်း ၂၃ ခုရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button