သတင်း

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၃ ခုဖြင့် ထောင် ၄ နှစ်ချ

အာဏာသိမ်းပြီး ၁ဝလကျော်အကြာတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အစိုးရအဖွဲ့ဝင်အချို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်းအဆင့် တာဝန်ရှိသူတို့ကို မန္တလေးအိုးဘိုထောင်အတွင်း ပြုလုပ်သည့် ယနေ့ (ဒီဇင်ဘာ ၈) တရားခွင်၌ စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ရွေးကောက်ပွဲအနိုင်ရ NLD ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက စွပ်စွဲထားသည့် ပုဒ်မများအနက် သဘာဝဘေးဆိုင်ရာ ပုဒ်မ ၂ ခု၊ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၁ ခု တို့ဖြင့် ပထမဆုံးအကြိမ် အမိန့်ချခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင် ၂ နှစ်၊ ပုဒ်မ ၃ဝ (က) ဖြင့် ထောင် ၁ နှစ်၊ ထောင်ဒဏ် ၂ ရပ် တစ်ပေါင်းတည်း ကျခံစေရမည်ဟု အမိန့်ချကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အာဏာမသိမ်းမီ နှစ်ရက်အလို ဇန်နဝါရီ ၂၉ ရက်က မန္တလေးမြို့တွင် မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနက ပြုလုပ်သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါ အသိပညာပေးဆိုင်းဘုတ်ဖွင့်ပွဲသို့ တက်ရောက်မှုဖြင့် ကိုဗစ်ကပ်ရောဂါကာလအတွင်း လူစုလူဝေးမလုပ်ရစည်းကမ်းကို ချိုးဖောက်သည်ဟု ဆိုကာ စစ်ကောင်စီက ပုဒ်မ ၂ ခုဖြင့် ဒေါက်တာဇော်မြင့်မောင်ကို အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့ပြင် အသက် ၇ဝ အရွယ် သွေးကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခံရချိန် ဖေဖော်ဝါရီ ၁ နောက်ပိုင်းမှ NLD ပါတီက ထုတ်သည့် စစ်ကောင်စီ တရားမဝင်ကြောင်းအပါအဝင် စာ ၆ စောင်ကို အကြောင်းပြ၍ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောသည်။

သဘာဝဘေး ပုဒ်မနှစ်ခုဖြင့် တစ်ပေါင်းတည်းကျခံရမည့် ထောင်ဒဏ် ၂ နှစ် စေ့ရောက်ချိန်မှ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် သတ်မှတ်ထားသည့် ထောင်ဒဏ်ကို စတင်ရေတွက်မည်ဖြစ်ကြောင်း၊ ထိုအမှုအတွက် ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့် မပြုကြောင်း တရားရုံးက သတ်မှတ်သည်ဟု ၎င်းက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်ကို ထိုသို့အမိန့်ချမှတ်မှုမှာ နေပြည်တော်တွင် ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု ပုဒ်မတစ်ခုဖြင့် တရားစွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီဇင်ဘာ ၁၃ ရက်တရားခွင်သို့ သက်သေထွက်ခွင့်ရမရ အတည်မပြုနိုင်သေးမီ တစ်ပတ်အလိုတွင်ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးကို အကြောင်းပြ၍ စစ်ကောင်စီက သက်သေထွက်ခွင့် ပယ်ချနေသော်လည်း လက်ရှိတွင် ကျန်းမာရေးအခြေအနေတည်ငြိမ်နေသည့် ကာယကံရှင်ဘက်က အသင့်ရှိနေကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“သက်သေထွက်ဆိုဖို့ကတော့ (ဒေါက်တာဇော်မြင့်မောင်) က အဆင်သင့်ပါ။ ထောင်က ဆောင်ရွက်ပေးမပေးတော့ မသိပါ။ ပုံမှန် ထောင်ကျတွေတော့ ထောင်က တာဝန်ရှိသွားတာမို့ ထုတ်ရတာ ပိုအဆင်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးအိုးဘိုထောင်ရှိ ယနေ့ရုံးချိန်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်၍ ဓာတ်ပုံ Facebook ပေါ်တွင် တင်မှုအတွက် ပုဒ်မ ၅ဝ၅ (က) ဖြင့် တရားစွဲခံထားရသည့် မန္တလေးမြို့တော်ဝန် ဦးရဲလွင်ကိုလည်း စစ်ကောင်စီက ထောင် ၂ နှစ်ချခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အတူ ဒေါက်တာဇော်မြင့်မောင်နှင့်အတူ ကိုဗစ်ပညာပေးဆိုင်းဘုတ်ဖွင့်ပွဲသို့ တက်ရောက်သည့် မန္တလေးတိုင်းအစိုးရအဖွဲ့ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာစိုးသန်း၊ တိုင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုတို့ကိုလည်း သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် ထောင် ၂ နှစ်ချလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၅ မှုကို မန္တလေးတိုင်းတရားလွှတ်တော်၌ စွဲဆိုထားသေးသည်ဟု ၎င်းထံမှ သိရသည်။

ထို့ပြင် NLD က အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်သည်ဆိုကာ အောင်မြေသာစံမြို့နယ်တရားရုံးတွင် ထောင် ၁ နှစ်ချနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (စ)၊ ထောင် ၃ နှစ်ချနိုင်သည့် ပုဒ်မ ၁၃ဝ (က) ဖြင့်လည်း တရားစွဲထားသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ကျင့်သုံးမည်ဟု ဖေဖော်ဝါရီ ၁ ၌ ကြေညာ အာဏာသိမ်းခဲ့ပြီးနောက် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ အစိုးရခေါင်းဆောင်များနှင့် NLD တာဝန်ရှိသူများကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်များ ချမှတ်နေသည်။

ဝန်ကြီးချုပ်ကို စီရင်ချက်ချသူများ

ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်နှင့် ပါတီတာဝန်ရှိသူတို့ကို မန္တလေးအိုးဘိုထောင်၌ အထက်ပါပုဒ်မများဖြင့် စွဲချက်တင်သူမှာ တရားသူကြီး ဒေါ်မြင့်မြင့်ချစ်ကျော်၊ အမိန့်ချမှတ်သူမှာ တရားသူကြီး ဦးထင်လင်းကိုတို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ အောင်မြေသာစံမြို့နယ်တရားရုံးတာဝန်ရှိသူများဖြစ်သည်ဟု အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အတူ ထိုမြို့နယ်ကပင်ဖြစ်သည့် ဦးဆုမြတ်ထက်၊ ဒေါ်ဌေးဌေးတို့က ဥပဒေအရာရှိများအဖြစ် ဆောင်ရွက်ကြောင်း၊ သဘာဝဘေးအမှုတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ ပုဒ်မ ၅ဝ၅(ခ) အမှုတွင် မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်နွယ်နီခိုင်က တရားလိုအဖြစ် ဆောင်ရွက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် ယခင်စစ်အစိုးရလက်ထက်တွင် ၁၉ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။

၂ဝဝ၉ တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ၂ဝ၁၅ နှင့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲများတွင် မန္တလေးတိုင်းလွှတ်တော် အမရပူရ (၁) မဲဆန္ဒနယ်အမတ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ရွေးကောက်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button