သတင်း

ဦးသောဘိတ(အလင်္ကာကြယ်)အား တပ်မတော်က အမှုဖွင့်သည်ကို ရွှေဝါရောင်ဆရာတော်များဝေဖန်

(ရန်ကုန်) – ရွှေဝါရောင်ဆရာတော် ဦးသောဘိတအား တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ကျော်လွန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရွှေဝါရောင်အရေးအခင်းဦးဆောင်သံဃာများက ဝေဖန်လိုက်သည်။

ဘဝအလင်းရောင်ဆရာတော် (ခေါ်) အလင်္ကာကြယ် ဟုလည်း လူသိများသည့် မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးသော သက်တော် ၃၇ နှစ်အရွယ် ဦးပဉ္စင်းသည် တပ်မတော်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာကျဆင်းစေသည့် အရေးအသားများ Facebook တွင် ရေးသားခဲ့သည်ဟု ဆိုကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဦးစီးအရာရှိ ပထမတန်း ရာထူးရှိ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရ မြို့နယ်ရဲစခန်းတွင် စက်တင်ဘာ ၂၃ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရဟန်းတစ်ပါးအား တရားစွဲလိုပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)နှင့် ဦးစွာ ညှိနှိုင်းသင့်သည်ဟု ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ထင်ရှားခဲ့သည့် မန္တလေးမြို့ မဟာဝိစိတ္တာရာမတိုက်တွင် သီတင်းသုံးသည့် ရဟန်းတော် ဦးစိန္တိတက မိန့်သည်။

“သူတို့လုပ်ထုံးလုပ်နည်းအရ တရားစွဲချင်ရင် သံဃာ့နာယက အဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီး လုပ်ရမယ်။ မဟနရဲ့ ခွင့်ပြုချက် ယူရမယ်။ အခု သံဃာ့အဖွဲ့အစည်းကို ကျော်ပြီး လုပ်တယ်။ ဒါဟာ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ ပုံစံကြီး” ဟု ဆရာတော်ကမိန့်သည်။

ဦးသောဘိတသည် နိုင်ငံတိုးတက်လိုသည့် စိတ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံရခြင်းမှာ မဖြစ်သင့်ဟု ဆရာတော်နှင့် ရင်းနှီးသည့် ရွှေဝါရောင်ဆရာတော်တစ်ပါး ဖြစ်သည့် မန္တလေးမြို့ ဘုရားကြီးတိုက် (အလယ်တိုက်ကြီး) တွင် သီတင်းသုံးသည့် ရဟန်းတော် ဦးပါကဋက မိန့်သည်။

“သူက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တိုးတက်စေချင်တယ်။ အမှန်ကို ထောက်ပြတာ၊ ၆၆ (ဃ) နဲ့ စွဲခံရတာ မဖြစ်သင့်ပါဘူး”ဟု ဦးပါကဋက မိန့်သည်။

လူမှုကွန်ရက်မှ တစ်ဆင့် Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် ရဲတပ်ဖွဲ့၏ကြေးနန်းအရ ဆရာတော်သည် တပ်မတော်၏ နယ်လှည့်ဆေးကုသမှု၊ ဘားအံထောင်သားများ လွတ်မြောက် သွားမှုနှင့် စစ်မှုထမ်းဟောင်းများ ဆန္ဒပြနေသည့်ပုံများနှင့် ပတ်သက်ပြီး ပုတ်ခတ်ရေးသားခဲ့သည်ဟု စွပ်စွဲခံရသည်။

တိုင်ကြားစာ၏တစ်နေရာတွင် စက်တင်ဘာ ၁၆ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်က ဦးစီးသည့် နွားခြံတစ်ခြံကို ဝင်ရောက်စစ်ဆေးနေသည့်ပုံကို “နွားခြံထဲနွား ဝင်နေသည်” ဟုရေးသားကာ Facebook တွင်တင်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

အမှုဖွင့်ခံရပြီးနောက် ဆရာတော်သည် သီတင်းသုံးခဲ့သည့် မဟာဂန္ဓာရုံကျောင်းတိုက်မှ စက်တင်ဘာ၂၅တွင် အပပြု (နှင်ထုတ်) ခံခဲ့ရပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်း မရှိသေးကြောင်း အမရပူရရဲစခန်းက ယနေ့ (စက်တင်ဘာလ ၂၅) ညနေပိုင်းတွင် အတည်ပြုသည်။

“သံဃာ့ကိစ္စ သံဃာဆောင်ရွက်ဆိုတဲ့ မဟနက ထုတ်ပြန်ထားတဲ့ မူအတိုင်း ဆောင်ရွက်စေချင်တယ်။ ဒီလို လုပ်ထုံး လုပ်နည်းနဲ့ မသွားဘဲ တမြန်နေ့လောက်က ညဘက်မှာ ရဲတွေ၊ စသုံးလုံးတွေ အလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းတယ်လို့ ကြားတယ်။ ဒါမဖြစ်သင့်ဘူး” ဟု မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝါးခယ်မကျောင်းတိုက်မှ ဦးပညိဿရာ လင်္ကာရကလည်း မိန့်သည်။

Show More

Related Articles

Back to top button