
(ရန်ကုန်) – တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည့် ရွှေဝါရောင်ဆရာတော် ဦးသောဘိတအား မန္တလေးမြို့ အမရပူရ ရဲစခန်းက ယနေ့(စက်တင်ဘာ ၂၈) နံနက်ပိုင်းတွင် အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်။
ဦးသောဘိတအား တိုင်ကြားထားသည့်အမှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး တရားရုံးသို့ အမှုတွဲ တင်ပို့မည့် အခြေအနေကို မပြောနိုင်သေးကြောင်း အမရပူရ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။
အလင်္ကာကြယ် ဟုလည်း လူသိများသည့် မန္တလေးမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သော သက်တော် ၃၇ နှစ် အရွယ် ဦးပဉ္စင်းသည် တပ်မတော်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာ ကျဆင်းစေသည့် အရေးအသားများ Facebook တွင် ရေးသားခဲ့သည်ဟု ဆိုကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့နယ် ရဲစခန်းတွင် စက်တင်ဘာ ၂၃ ရက်နေ့တွင် အမှုဖွင့်ခဲ့သည်။
ဆရာတော်သည် လူမြင်ကွင်းမှ ရက်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် ယနေ့တွင် အမရပူရ ရဲစခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
“တိုင်တန်းတဲ့ပုဂ္ဂိုလ်တွေ မှန်လားမှားလား ဆိုတာ ပြည်သူတွေ ဂဃနဏ ဖတ်ရှုပြီး ဝေဖန်သုံးသပ်ကြပါလို့ပဲ ဦးဇင်းက ပြောချင်တယ်” ဟု ဦးသောဘိတက ရဲစခန်းမှ ပြန်ထွက်လာပြီး နောက် ပြောကြားခဲ့သည်။
လူမှုကွန်ရက်မှ တစ်ဆင့် Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် ရဲတပ်ဖွဲ့၏ကြေးနန်းတစ်စောင်အရ ဆရာတော်သည် တပ်မတော်၏ နယ်လှည့်ဆေးကုသမှု၊ ဘားအံထောင်သားများ လွတ်မြောက်သွားမှု၊ စစ်မှုထမ်းဟောင်းများ ဆန္ဒပြနေသည့်ပုံတို့နှင့် ပတ်သက်ပြီး ပုတ်ခတ်ရေးသားခဲ့သည်ဟု စွပ်စွဲခံထားရသည်။
တိုင်ကြားစာ၏တစ်နေရာတွင် စက်တင်ဘာ ၁၆ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်က ဦးစီးသည့် နွားခြံတစ်ခြံကို ဝင်ရောက် စစ်ဆေးနေသည့်ပုံကို “နွားခြံထဲ နွားဝင်နေသည်” ဟု ရေးသားကာ Facebook တွင် တင်ခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။
အမှုဖွင့်ခံရပြီးနောက် ဆရာတော်သည် သီတင်းသုံးခဲ့သည့် မဟာဂန္ဓာရုံကျောင်းတိုက်မှ စက်တင်ဘာ၂၅တွင် အပပြု (နှင်ထုတ်) ခံခဲ့ရသည်ဟု သိရသည်။