စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးရွာတချို့ကို ယနေ့ ( ဒီဇင်ဘာ ၇) နံနက်မှစ၍ စစ်တပ်က လက်နက်ကြီး၊ ရဟတ်ယာဉ်များအသုံးပြုပြီး အဆက်မပြတ်ပစ်ခတ်နေသည်ဟု ဒေသခံ ကျေးရွာသားများနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က Myanmar Now ကို ပြောသည်။
နံနက် ၇ နာရီတွင် ဒီပဲယင်းမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ အောင်စည်မြေ၊ အောင်သာမြေ၊ ဘော်ကုန်း၊ လယ်ပြင်ကွက်၊ မြကန်သာ စသည့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပြီး တစ်နာရီခန့်အကြာတွင် ရဟတ်ယာဉ် ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်နေသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံ ၅ ဦးက ပြောသည်။
ယမန်နေ့ ညပိုင်း အောင်စည်မြေကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိုည ၁၀ နာရီခန့်၌ စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သေးသည်။
ယနေ့ နံနက် ၇ နာရီခန့်က အောင်စည်မြေကျေးရွာအနီး လက်နက်ငယ်ပစ်သံများ ကြားရပြီးနောက် လက်နက်ကြီးသံများကြားရကြောင်း တိုက်ပွဲဖြစ်သည့် နေရာအနီး ရှိခဲ့သော စစ်ရှောင်ရွာသားတစ်ဦးက ပြောသည်။
“စစ်တပ်ဘက်က သုံးတဲ့ လက်နက်ကြီးသံကတော့ အတော်ကို များတယ်။ အချက်ရေကတော့ ရာဂဏန်းလောက်တောင် ရှိမယ်ထင်တယ်။ (ပစ်ခတ်ချိန်) ၂ နာရီကျော်၊ ၂ နာရီခွဲလောက်တောင် ကျော်ခဲ့တာဆိုတော့ သူတို့ဘက်က လက်နက်ကြီးတွေကတော့ ထင်တိုင်းကို ပစ်နေတာပဲ” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ပစ်ခတ်ပြီး ခဏအကြာတွင် ရဟတ်ယာဉ်တစ်စီး ရောက်လာကြောင်း၊ ပစ်ခတ်နေသည့် ရဟတ်ယာဉ်ပေါ်မှ မီးခိုးတန်းများကို စစ်ဘေးရှောင်နေရသည့်နေရာမှ မြင်ရသလို ပစ်ခတ်သံများကို အဆက်မပြတ်ကြားနေရကြောင်း ၎င်းက ပြောသည်။
“လာပြီဆိုရင် ပတ်ပတ်ပြီးလာတယ်။ ဝေ့လာပြီးတော့ ဦးစိုက်သွားပြီဆိုရင် ခဏနေဆိုရင် အသံတွေထွက်လာတော့တာပဲ။ ရွှီး ရွှီး ရွှီး နဲ့ဆိုရင် အောက်မှာ အုန်း အုန်း အုန်း နဲ့ အသံတွေ ထွက်သွားတော့တာပဲ။ (ရဟတ်ယာဉ်) ပတ်တဲ့ အကြိမ်ပေါင်းကိုက ၁၀ ခေါက် ၁၂ ခေါက်လောက်ရှိနေပြီ” ဟု ၎င်းက ဆိုသည်။
ဒီပဲယင်း PDF ခေါင်းဆောင်တစ်ဦးကလည်း ယနေ့ နံနက်တွင် ဒီပဲယင်းအနောက်ဘက်ရှိ အောင်စည်မြေနှင့် မြကန်သာကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူများဖြင့် လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အတည်ပြုသည်။
“ဒီမနက်ခင်းပိုင်းမှာ ထိပ်တိုက်တိုက်ပွဲဖြစ်နေတာ။ ရဟတ်ယာဉ်နဲ့ ပစ်နေတာလည်း နာရီဝက်လောက်တောင်ကြာပြီ။ ၈ နာရီခွဲလောက်ကနေစပြီး ရဟတ်ယာဉ်နဲ့က စပစ်နေတာ အခုချိန်ထိ မပြန်သေးဘူး” ဟု ၎င်းက ယနေ့ နံနက်ပိုင်း ပစ်ခတ်သံများကြားတွင် ပြောသည်။
ဒေသတွင်း PDF အဖွဲ့များကို စစ်ရေးဆိုင်ရာအကူအညီပေးနေသည့် Myanmar Defence Force (ဒီပဲယင်း) အဖွဲ့၏ ဖောက်ခွဲရေးတာဝန်ခံ မအညိုက အောင်စည်မြေကျေးရွာ ရွှေစာရံဘုရားတွင် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်း၊ ယနေ့ နံနက်တွင် လေကြောင်းမှ ၅၂ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
“ဒုံး ၂ လုံးလည်း ချသွားတယ်။ စစချင်း ကြားလိုက်ရတာ။ ပြီးတော့ ဗုံးတွေ ကွဲတယ်။ အသံတွေက လိုဏ်သံတွေနဲ့။ တော်တော်များများချသွားတယ်။ အလုံး ၃၀ နဲ့ ၄၀ ကြား ချသွားတယ်လို့ ခန့်မှန်းရတယ်”ဟု ၎င်းက ပြောသည်။
ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်များကို အကူအညီပေးနေသည့် ကိုဇီးရိုးဆိုသူက ဒီပဲယင်းနယ်အတွင်း မိုင်းခွဲတိုက်ခိုက်ခံရပါက စစ်တပ်က အနီးအနားရှိကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး ယနေ့ နံနက်ပိုင်းတိုက်ပွဲသည် အဆိုးရွားဆုံးနှင့် အကြမ်းတမ်းဆုံး ပစ်ခတ်မှုဖြစ်သည်ဟု ပြောသည်။
ပြည်သူလူထု၏ အခွန်ငွေအသုံးပြုပြီး ရရှိထားသည့် ကျည်ဆန်ကို အလုံးအရင်းအသုံးပြုနေခြင်း ဖြစ်သည်ဟု ကိုဇီးရိုးက ပြောသည်။
“PDF ဆိုတာ စစ်ဌာနချုပ်လည်း မရှိဘူး၊ တပ်ရင်းလည်းမရှိဘူး၊ လက်နက်စက်ရုံလည်းမရှိဘူး။ ဘယ်နေရာမှာမှ အတည်တကျနေတာ မဟုတ်တဲ့ဟာတွေကို ဒီလိုမျိုး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်နေတာဟာ ဘာမှ ဖြစ်မလာနိုင်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ပဲ။ ထင်ရာပစ်နေတာပါဗျာ။ ပြည်သူ့ဘဏ္ဍာနဲ့ ထင်ရာလုပ်နေကြတာပါ” ဟု ကိုဇီးရိုးက ပြောသည်။
“သူတို့က ရှာတာက PDF ကို ရှာတာ။ ဒါပေမဲ့ လူထုနဲ့ PDF နဲ့ ဆိုတာက ခွဲခြားလို့မရဘူး။ အဲဒီတော့ သူတို့က လူတွေ့သမျှကို သူတို့ရန်သူလို့ကို ထင်နေတော့တာပေါ့”
နိုဝင်ဘာ ၈ မှစ၍ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်း ရေဦး၊ တန့်ဆည်နှင့် ဘုတလင်နယ်များနှင့် ထိစပ်နေသည့် နှောဒေသရှိ တောတောင်ထူထပ်ရာ ကျေးရွာများတွင် လေကြောင်းအကူအညီဖြင့် စစ်တပ်က နယ်မြေစိုးမိုးရန် ကြိုးပမ်းနေပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ထောင်နှင့်ချီသည့် ဒေသခံ ကျေးရွာသားများမှာ အိုးအိမ်စွန့်ခွာပြီး ပုန်းရှောင်နေကြရသည်။
ဒေသခံများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အကူအညီပေးရန် အဆင်သင့်ရှိနေပြီး ဆုံးရှုံးမှုများကို စစ်အာဏာရှင်စနစ် ကျဆုံးသွားမှ ပြန်လည်တည်ဆောက်ယူမည်ဟု လေကြောင်းပစ်ခတ်မှုအကြောင်း ပြောပြသည့် အထက်ပါ ၄၃ နှစ်အရွယ် အောင်စည်မြေကျေးရွာသားက ဆိုသည်။
“အခုလိုမျိုးပြေးလွှားနေရပေမဲ့ ရွာပြာကျသွားရင် ပြာကျသွားပါစေ။ အဟောင်းတွေကုန်ရင် အသစ်တွေလာမှာပဲ။ ကိုယ့်ဟာနဲ့ကိုယ် အသစ်ပြန်ကြိုးစားမယ်။ အဓိကကတော့ ဒီကောင်တွေ စစ်အာဏာရှင်စနစ် ကျဆုံးဖို့က အဓိကပါပဲ” ဟု ၎င်းက ပြောသည်။
PDF များ အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီက အစွမ်းကုန်ကြိုးပမ်းနေပြီး ဒေသခံ PDF အဖွဲ့ဝင်များက လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ သုံးပြီး အပြင်းအထန် ခုခံကာကွယ်နေရသည်။
ဒီပဲယင်းဒေသတွင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုများ၊ ယနေ့ နံနက်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ဒီဇင်ဘာ ၄ ကလည်း အဆိုပါဒီပဲယင်းအနောက်ခြမ်းကျေးရွာများမှ ဒေသခံတို့ ထွက်ပြေးပုန်းရှောင်နေသည့် တောင်ယာတဲကုန်းများကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့အပြီး တဲ အလုံး ၂၀ ကျော် မီးလောင်ခဲ့ကာ ဒေသခံအများစုမှာ တောထဲသို့ ထပ်မံထွက်ပြေးခဲ့ရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မရှိဘဲ ဒေသခံများဖြင့်သာ စုဖွဲ့ထားသည့် ကာကွယ်ရေးအဖွဲ့များသာ ရှိသည့် စစ်ကိုင်းတိုင်းဒေသကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှစ၍ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)