သတင်း

မြစ်ငယ်တွင် လူမှုကွန်ရက်၌ PDF ကြေညာချက်မျှဝေသူ အမျိုးသမီးငယ် အဖမ်းခံရ 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ကြေညာချက်ကို Facebook လူမှုကွန်ရက်တွင် ပြန်လည်မျှဝေသူ အမျိုးသမီးငယ်တစ်ဦး ယမန်နေ့ (ဒီဇင်ဘာ ၄) က အဖမ်းခံရသည်ဟု ဒေသခံတစ်ဦးနှင့် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

စစ်ကောင်စီက ဖမ်းဆီးခဲ့သူမှာ မြစ်ငယ်မြို့အနီး ရေကျည်‌ပေါက်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မငြိမ်းအိစံသိန်းဆိုသူဖြစ်ပြီး ယမန်နေ့ညပိုင်းက မြစ်ငယ် PDF ၏ ကြေညာချက်ကို ပြန်လည်ဖြန့်ဝေပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ကလေးမလေးက PDF ရဲ့ ကြေညာချက်ကို လိုက် (Like) နဲ့ ရှဲ (Share) လုပ်လိုက်တာ။ လုပ်ပြီးတော့ ဖမ်းခံရတာပဲ၊ မိသားစုကတော့ ငိုယိုနေတာပေါ့ဗျာ။ ဖမ်းပြီးတော့ မြစ်ငယ်စခန်းကို ခေါ်သွားတယ်လို့ သိရတယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူ ထိုအမျိုးသားက ဆိုသည်။

အဖမ်းခံရသူ အမျိုးသမီးငယ်မှာ ယမန်နေ့က မြစ်ငယ်မြို့ မီးရထားစက်ရုံအုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအကြောင်း မြစ်ငယ် PDF ၏ ကြေညာချက်ကို လူမှုကွန်ရက်တွင် ပြန်လည်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်သားနှင့် ရဲ ၁၅ ယောက်ခန့် အစောင့်ချထားသည့် မီးရထားစက်ရုံအုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြစ်ငယ် PDF က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ထိုသို့ကြေညာပြီးနောက် စစ်သားတစ်ဦးက လူမှုကွန်ရက်တွင် လာရောက်ဆဲဆိုခြိမ်းခြောက်ခဲ့ကြောင်း မြစ်ငယ် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“စစ်သားတစ်ကောင်က ကျွန်တော်တို့ Page အောက်မှာ လာဆဲနေပြီး စိန်ခေါ်နေတာ။ Messenger ကနေ ဗီဒီယိုကောတွေ ခေါ်တယ်။ ဆဲတယ်။ အရင်ရက်ပိုင်းတုန်းက အဖွဲ့ထဲက ဖမ်းခံထားရတဲ့ ကလေးနှစ်ယောက်ကို နှိပ်စက်ပြတယ်” ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။ 

အဆိုပါစစ်သားသည် လူမှုကွန်ရက်တွင် “စနိုက်ပါကျော်ငြိမ်းပြန်လာပြီ၊ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံတဲ့အကောင့်များ၊ PDF ကို ထောက်ခံသောသူများ ယနေ့မှစပြီး တစ်ယောက်ချင်းစီရဲ့အသက်ကို နုတ်ယူမည် လွတ်အောင်ပြေး၊ လွတ်‌အောင်ပုန်းပါ” ဟု ခြိမ်းခြောက်ရေးသားထားသည်ဟု သိရသည်။ 

ထိုသို့ ခြိမ်းခြောက်ရေးသားပြီး မရှေးမနှောင်းမှာပင် ရေကျည်ပေါက်ကျေးရွာမှ အမျိုးသမီးငယ် အဖမ်းခံရခြင်းဖြစ်သည်ဟုလည်း မြစ်ငယ် PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button