သတင်း

တန့်ဆည်မြို့နယ်တွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေ

စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေသည့် စစ်ကိုင်းတိုင်းအတွင်း တန့်ဆည်မြို့နယ်တွင် အသက် ၂၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးမှာ သုံးရက်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

တန့်ဆည်မြို့အနီးရှိ ကျေးရွာတစ်ခုတွင် နေထိုင်သည့် မယဉ်မွန်နှင့် ဝန်းသိုမြို့မှ အလည်အပတ်ရောက်ရှိနေသူ မချိုဇင်ဦးဆိုသည့် အမျိုးသမီးငယ်နှစ်ဦးမှာ ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ ခန့်တွင် ဈေးဝယ်သွားရန် ထွက်သွားပြီးနောက် ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု မယဉ်မွန်၏ မိသားစုဝင် အမျိုးသားတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၅) တွင် Myanmar Now ကို ပြောသည်။

“ဈေးဝယ်သွားကြတာ၊ ညနေအထိပြန်မလာဘဲ ပျောက်သွားပြီးတော့ ဖုန်းခေါ်တော့လည်း မကိုင်ဘူး။ ဖုန်းကတော့ ဝင်နေတုန်းပဲ၊ ဘာသတင်းမှလည်း မရဘူး။ စစ်တပ်ကပဲ ဖမ်းထားသလားလည်း မသိရဘူး။ နီးစပ်ရာတွေကနေ ရဲစခန်းတွေ စုံစမ်းကြည့်တော့လည်း ဖမ်းထားတာမျိုး မရှိဘူးလို့ သိရတယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးအခြေအနေအရ တန့်ဆည်မြို့အနီးမှ အဆိုပါကျေးရွာ၏ အမည်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း သုံးရက်ကြာသည်အထိ စစ်တပ် (သို့မဟုတ်) ရဲက ဖမ်းဆီးသွားသည် ဟုတ်မဟုတ် မသိရှိရဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ထိုမိသားစုဝင် ထိုအမျိုးသားက ဆိုသည်။

“ဒီဘက်မှာက နယ်မြေအနေအထားကလည်း မငြိမ်ဘူးဗျာ။ စစ်တပ်လက်အောက်က ပျူစောထီးလို အဖွဲ့တွေကလည်း ရွာတွေပတ်ပြီး မွှေနှောက်သောင်းကျန်းနေတာရှိတယ်။ အမျိုးသမီးငယ်လေးတွေလည်းဖြစ်တော့ ကျွန်တော်တို့ကတော့ အရမ်းစိုးရိမ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။

မယဉ်မွန်သည် မန္တလေးမြို့၌ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် မတ်လတွင် နေရပ်ပြန်လာကာ မိသားစု၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ကူညီလုပ်ကိုင်ပေးနေသူဖြစ်ကြောင်း ထိုအမျိုးသားက ဆိုသည်။

ဝန်းသိုမြို့တွင်နေထိုင်သူ မချိုဇင်ဦးသည် ထိုရွာရှိ မိတ်ဆွေထံ မိသားစုလိုက် အလည်အပတ်ရောက်နေခြင်းဖြစ်သည်ဟု မချိုဇင်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“မိန်းကလေးတွေဖြစ်တော့ဗျာ၊ ဒေသအခြေအနေကလည်း မကောင်းဘူး။ စစ်သားတွေ၊ ရဲတွေ ဖမ်းသွားတာမျိုးလည်း စိုးရိမ်ရတယ်။ သူခိုးဓားပြလက်ရောက်ရင်လည်း မိန်းကလေးတွေဘဝ ကြောက်စရာ၊ ကျွန်တော်တို့က အရမ်းစိုးရိမ်တာနေတာကလွဲရင် ဘာမှမတတ်နိုင်ဘူးဖြစ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။

လတ်တလော တန့်ဆည်ရဲစခန်းတွင် ဖမ်းဆီးခံထားရကြောင်း၊ ကန့်ဘလူရဲစခန်းတွင် အခြားလူလေးဦးနှင့်အတူ ဖမ်းဆီးခံထားရကြောင်း သတင်းပြောဆိုမှုများရှိနေသော်လည်း မိသားစုဝင်များအနေဖြင့် သွားရေးလာရေးအခက်အခဲများကြောင့် သွားရောက်စုံစမ်းနိုင်ခြင်းမရှိဟု သိရသည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ အပြင်းအထန်ခုခံတော်လှန်မှုများကြောင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီစစ်ကြောင်းများက ပျူစောထီးအဖွဲ့ဝင်များနှင့်အတူ ကျေးရွာအတွင်း နေ့စဉ်နှင့်အမျှ ဝင်ရောက်စီးနင်းလျက်ရှိသည်။ 

စစ်ကောင်စီရန်ကြောင့် ထောင်နှင့်ချီသော ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးပုန်းအောင်းနေရသည်။ စစ်တပ်က စစ်ကြောင်းထိုးကာ ဒေသခံများ ပုန်းအောင်းနေထိုင်ရာ ယာတဲများကိုပင် လိုက်လံဖျက်ဆီးလျက်ရှိရာ ယမန်နေ့တွင် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် ဒေသခံများ ပုန်းခိုနေသည့် ယာတဲ အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button