
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စခန်းငယ်တစ်ခုဆီသို့ အင်အား ၁၂၀ ခန့်ဖြင့် သုံးဖွဲ့ခွဲကာ စစ်ချီလာသည့် စစ်ကြောင်းတစ်ခုကို ယနေ့(ဒီဇင်ဘာ ၃) တွင် တိုက်ခိုက်ရာ စစ်သား ၃ ဦး အနည်းဆုံး သေဆုံးမည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ် (Ranger Kalay Defend Force) က ခန့်မှန်းသည်။
လယ်ခြား၊ ရှားတောရွာဘက်မှ ချီတက်လာသည့် တပ်ဖွဲ့တစ်ခုကို နင်းမိုင်း၊ ဆွဲမိုင်းများနှင့် နံနက် ၈ နာရီခန့်က တိုက်ခိုက်သည်ဟု RKDF က သတင်းထုတ်ပြန်ထားသည်။
စခန်းငယ်တစ်ခုအနီး စစ်ရေးတင်းမာနေချိန်ဖြစ်၍ RKDF တာဝန်ရှိသူတို့ထံ ထိုဖြစ်စဉ်နှင့် နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို မေး၍ မရသေးပေ။
စစ်ဘေးရှောင် ရွာသားနှစ်ဦး၏ အဆိုအရ စစ်ရေးအခြေအနေ ရှုပ်ထွေးနေပြီး ဒေသအတွင်း လှည့်လည်သွားလာနေသည့် စစ်ကောင်စီလက်ချက်ဖြင့် တစ်ပတ်ဝန်းကျင်အတွင်း ကျေးရွာ ၄ ရွာ မီးရှို့ခံရကြောင်း သိရသည်။
ရေရှင်ရွာမှ နေအိမ် ၁၅ လုံး၊ လယ်ခြားရွာမှ ဆန်စက် ၁ လုံးနှင့် နေအိမ် ၂၅ လုံး၊ ကုက္ကိုလ်ရွာမှ နေအိမ် ၁ လုံး၊ ရှားတောရွာမှ နေအိမ် ၃ လုံး၊ နွားတောင်ပေါ်ရှိ လယ်တောအိမ် ၁၀ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
“ရှောင်နေရတာ ၆ ရက်လောက်ရှိပြီ။ ပထမဆုံး အင်းကျွန်းကို မွှေတယ်။ အဲ့ဒီကနေ တောင်ကြောတွေအတိုင်း လိုက်မွှေတယ်။ အခုမနက်လည်း နွားရွာကနေ လက်နက်ကြီးတွေနဲ့ အခုထိထုနေကြတုန်းပဲ။ အသံတွေကြားနေရတယ်”ဟု လယ်ခြားရွာ ဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ နိုဝင်ဘာ ၂၈ ရက်က အင်းကျွန်းရွာနှင့် ရေရှင်ရွာကို ဝင်မွှေစဉ် စစ်တပ်က ဖမ်းသွားသည့် ဒေသခံ ၄ ဦး၏ ရုပ်အလောင်းကို သုံးရက်အကြာ(ဒီဇင်ဘာ ၁) တွင် ၎င်း၏ ရွာအနီး ယာတဲတစ်ခု၌ ရှာဖွေတွေ့ရှိကြောင်း ရှေရှင်ရွာသားတစ်ဦးထံမှ သိရသည်။
“မီးရှို့ခံထားရတယ်။ …..အင်းကျွန်းက ၃ လောင်း၊ ရေရှင်က ၁ လောင်း။ တဲတွေမီးရှို့ခံထားရတဲ့အပေါ်မှာ မီးထပ်ရှို့ခဲ့တာ”ဟု မျက်မြင်တွေ့သူတို့ကို ကိုးကား၍ ၎င်းက ပြောသည်။
စစ်တပ်လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ရေရှင်ရွာသားမှာ အသက် ၃၀ အရွယ် ကိုဇော်ထိုက်ဆိုသူဖြစ်ပြီး အခြားသူတို့ကို အတည်မပြုနိုင်သေးကြောင်း၊ ရုပ်အလောင်းများမှာ သယ်ယူနိုင်သည့် အခြေအနေပင်မရှိ၍ ရှာဖွေတွေ့ရှိသည့် နေရာအနီး၌ပင် ချက်ချင်းသင်္ဂြိုဟ်ခဲ့ရကြောင်း ထိုသူက ဆက်ပြောသည်။
ကလေးမြို့တောင်ပိုင်းကျေးရွာများတွင် ဝင်ရောက်စီးနင်းနေသည့် စစ်ကြောင်းမှ စစ်သားများမှာ လက်မောင်းတွင် တပ်မ ၂၂ တံဆိပ် တပ်ဆင်ထားသည်ဟု PDF (Kalay) က ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်းး၊ အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော၊ နွား စသည့်ကျေးရွာများမှ ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ထိုသတင်းထုတ်ပြန်ချက်က ဆိုသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို မတ်လကတည်းက နိုင်ငံအတွင်း ရရာလက်နက်ဖြင့် အစောဆုံးခုခံတော်လှန်သည့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီက စစ်ဆင်ရေးများ တောက်လျှောက်လုပ်ဆောင်နေသည်။
ကလေးမြို့အနောက်တောင်ဘက် စခန်းငယ်တစ်ခု နိုဝင်ဘာ ၁၆ ရက်တွင် စီးနင်းခံခဲ့ရပြီး အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး သတ်ဖြတ်ခံခဲ့ရကာ အသက် ၂၀ မှ ၂၈ ကြား ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုဖြစ်စဉ်မှာ ကလေးမြို့နယ်အတွင်း ပထမဆုံးအကြိမ် PDF စခန်းငယ်တစ်ခု သိမ်းပိုက်ခံရခြင်းဖြစ်သည်။
ထိုဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေ၊ ထိခိုက်သေဆုံးမှု၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု၊ ဒေသခံတို့ သတ်ဖြတ်ခံရမှုတို့နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အတွင်း ရှို့မီးများမှာ ၎င်းတို့၏ လက်ချက်မဟုတ်ဘဲ PDF တို့၏ လက်ချက်ဟု ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)