အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ကိစ္စများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စဖြင့် စစ်ကောင်စီက အဂတိမှု ပုဒ်မတပ်ကာ ထပ်မံအမှုဖွင့်လိုက်သည်။
ငှားရမ်းထားသည့် ပျံသန်းချိန်ထက် လျော့နည်းသုံးစွဲခြင်း၊ သက်တမ်းတိုးရာတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅သန်းကျော် ပိုမိုပေးချေခဲ့ရကြောင်း၊ ထို့အတူ ကျပ်သိန်းပေါင်း နှစ်သိန်းကျော်ပေး၍ နိုင်ငံပိုင်အဖြစ် ဝယ်ယူရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများ လိုက်နာရန် ပျက်ကွက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် စွပ်စွဲထားသည်။
ထိုရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စစ်ကောင်စီက ဆိုသည်။
“အဲဒီအမှုက ပြီးခဲ့တဲ့လလောက်တုန်းကတည်းက မန္တလေးတိုင်းတရားလွှတ်တော်မှာ အမှုဖွင့်ဖို့ လုပ်သေးတယ်။ အခုမှ ဒီဘက်ရွှေ့လိုက်တဲ့ သဘောပါ”ဟု ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်စစ်ဆေးနေသည့် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ တရားခွင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် မည်သည့်ကုမ္ပဏီမှ ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူသည်ဆိုသော အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြမထားပေ။ ပြည်တွင်းသတင်းဌာနအချို့၏ မှတ်တမ်းများအရ အီတလီနိုင်ငံ Leonardo S.P.A ကုမ္ပဏီထံမှ AW-139၊ XY-AFT ရဟတ်ယာဉ်တစ်စီးကို NLD အစိုးရလက်ထက် ၂၀၁၉ တွင် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရဟတ်ယာဉ်ကိစ္စနှင့် ပတ်သက်၍ NLD အစိုးရလက်ထက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်သူ ဒေါက်တာဝင်းမြတ်အေးကို စစ်ကောင်စီက အဂတိပုဒ်မ ၅၅ ဖြင့် ဩဂုတ်လအတွင်း အမှုဖွင့်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် NLD က အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ဖေဖော်ဝါရီ ၁တွင် အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုပေါင်း ၁၂ ခုထိ ရှိလာပြီး ယင်းတွင် ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှု ၆ မှုထိ ပါဝင်လာသည်။
မိခင်ကို ရည်စူးပြီး စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ အခမဲ့ပေးနေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နှင့် နေပြည်တော်တို့တွင် မြေနေရာဝယ်ယူမှု၊ အဆောက်အအုံဆောက်လုပ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ၄ မှုခွဲ၍ တရားစွဲထားသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းပြောဆိုသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ငွေများပေးရသည်ဆိုသော ကိစ္စကို အခြေခံ၍ အဂတိမှု ၁ မှုလည်း ရှိသေးသည်။
ထိုအဂတိမှုများအနက် ၄ မှုကို နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်တရားရုံးတွင် အပတ်စဉ် သောကြာနေ့တိုင်း စတင်ကြားနာနေပြီး ရန်ကုန်၌ ဖွင့်လှစ်ထားသည့် ၁ မှုကို လာမည့် ဒီဇင်ဘာ ၃ ရက်တွင် စတင်ကြားနာရန်ရှိသည်။
ယခု ထပ်မံ၍ အမှုဖွင့်သည့် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူသည့် ကိစ္စမှာ မည်သည့်နေ့ရက်တွင် တရားခွင်သို့ ရောက်လာမည်ကို မခန့်မှန်းနိုင်သေးကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။
အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း စစ်ကောင်စီက စွပ်စွဲထားသည့် ဆူပူလှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု၊ မဲမသမာမှုတို့ဖြင့် ရင်ဆိုင်နေရပြီးဖြစ်သည့် သမ္မတ ဦးဝင်းမြင့်အတွက်မူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထပ်မံ၍ တစ်ပေါင်းတည်းအမှုဖွင့်ခံရသည့် ရဟတ်ယာဉ်ကိစ္စမှာ ပထမဆုံး အဂတိစွပ်စွဲချက်ဖြစ်လာသည်။
“နိုင်ငံရေးရဲ့ သဘောပါပဲ၊ ဥပဒေရဲ့ သဘောနဲ့ တရားစွဲတဲ့ကိစ္စတွေ မဟုတ်ပါဘူး။ အခုစွဲတာတွေ အကုန်လုံးက နိုင်ငံရေးအပြောင်းအလဲနဲ့ပဲ ဆိုင်ပါတယ်။ တရားဥပဒေစိုးမိုးနေလို့ ဥပဒေနဲ့အညီ လုပ်ဆောင်တဲ့ ပုံစံမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်း၊ ဦးဝင်းမြင့်မှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်းတွင် နေပြည်တော်ရှိ သီးသန့်တရားခွင်၌ အမှုများကို ရင်ဆိုင်နေရသည်။
ယခုရက်ပိုင်းအတွင်း ၎င်းတို့နှစ်ဦးအပေါ် စစ်ကောင်စီက ထပ်တိုးစွပ်စွဲထားသည့် အမှုများဖြစ်သည့် မဲမသမာမှုနှင့် ရဟတ်ယာဉ်ကိစ္စ အဂတိမှုတို့ကို မည်သည့်နေ့ရက်တွင် စစ်ဆေးမည်ကိုမူ အတည်မပြုနိုင်သေးပေ။
၎င်း၏ ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။
လူထုဆန္ဒမဲနှင့် အုပ်ချုပ်နေသည့် အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းခဲ့သည့် စစ်တပ်က တရားစီရင်ရေးအာဏာကို ချုပ်ကိုင်ထားသည့် စစ်ကောင်စီက နိုင်ငံရေးရန်ဘက်များ၊ အာဏာဖီဆန်သူများကို ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည်။
အဂတိမှု ၅ မှု တပ်ခံရသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာ ၉ ရက်က အမိန့်ချရာတွင် အမြင့်ဆုံးပြစ်ဒဏ်ကို တစ်မှုချင်းအလိုက်ခွဲ၍ စုစုပေါင်း ထောင် ၇၅ နှစ်အထိ စစ်ကောင်စီက ချမှတ်ခဲ့သည်။
ထိုသို့ ပုံစံမျိုးဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ချမည်ဆိုပါက လက်ရှိစွပ်စွဲခံထားရပြီးဖြစ်သည့် အမှု ၁၂ မှု၏ အမြင့်ဆုံးပြစ်ဒဏ် စုစုပေါင်းကာလမှာ ၁၁၆ နှစ်အထိ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရသည့် အမှုများအနက် စီရင်ချက်ချရန်အဆင့်သို့ ရောက်ပြီးဖြစ်သည့် ၂ မှုကို အမိန့်ချရန်ရှိသည့် ယမန်နေ့တွင် စစ်ကောင်စီက ရက်ရွှေ့ဆိုင်းထားသည်။
လူထုဆန္ဒဖြင့် နိုင်ငံကို အုပ်ချုပ်နေသော အကြီးအကဲများကို စစ်ကောင်စီက ထိုသို့ပြုမူနေခြင်းမှာ သေတွင်းနှုတ်ခမ်းဝသို့ ရောက်နေသည့် ၎င်းတို့၏ မတရားမှုကို ဖုံးကွယ်ရန် NLD ခေါင်းဆောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုသည်။
“(စစ်ကောင်စီ) သူတို့ဟာ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့သည် မူလ၊ တရားဝင် အာဏာရရှိထားတဲ့သူတွေကို မပျက်ပျက်အောင် ဖျက်ရမှာ။ သူတို့ရဲ့ ထွက်ပေါက်ပေါ့ဗျာ။ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ ကာသလိုပေါ့”ဟု နိုဝင်ဘာ ၂၀ တွင် Myanmar Now ကို ၎င်းက ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)