သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် KNDF ကင်းအဖွဲ့မှ ၄ ဦး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၂၅) နံနက် ၅နာရီခွဲခန့်က တိုက်ပွဲဖြစ်ရာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) မှ ၄ ဦး သေဆုံးသည်။

ရွာနှင့် ၄ မိုင်ခန့်ဝေးသည့် ခမရ ၄၂၇ ခြေမြန်တပ်ရင်းမှ စစ်သားအင်အား ၁၀၀ ခန့် ခြေလျင်ချီတက်လာပြီး စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNDF တပ်ရင်း ၉ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကင်းပုန်းချထားတာ ရဲဘော်ကတော့ ၆ ယောက်ရှိတယ်။ အလစ်အငိုက် ဝင်တိုက်သွားတယ်။ တစ်ယောက်ယောက်က သတင်းပေးထားတယ် ထင်တာပဲ။ ကျွန်တော်တို့ ဒီဘက်မှာ နည်းနည်းပါးပါး သွားလာလှုပ်ရှားနေတော့ သူတို့သိတယ်လေ” ဟု ၎င်းက ဆိုသည်။

အနီးကပ်ပစ်ခတ်ခံရမှုကြောင့် KNDF တပ်သား ၄ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး စစ်တပ်ဘက်က ဒဏ်ရာရသူ ၄ ဦးရှိသည်ဟု သိရကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ထိုတိုက်ပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် ကရင်နီပူးပေါင်းတပ်များဘက်မှ စစ်ကူရောက်လာချိန်တွင် စစ်ကောင်စီတပ်က ပြန်ဆုတ်သွားကြောင်း၊ ဒဏ်ရာရသူများ၊ လက်နက်များကို သယ်ဆောင်ရန် ဟိုဖိတ်ရွာမှ အမျိုးသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း KNDF တပ်ရင်း ၉ တာဝန်ရှိသူထံမှ သိရသည်။

“လူသားဒိုင်းလည်း ဟုတ်တယ်။ ပေါ်တာဆွဲတဲ့ပုံစံမျိုးလည်း ဟုတ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုရွာမှ ၇ ဦး နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်ဟု KNDF က ညနေပိုင်း သတင်းထုတ်ပြန်သည်။

တိုက်ပွဲကြောင့် ရွာမှ လူဦးရေ ၁၀၀ ခန့် ထွက်ပြေးကြကြောင်း၊ ယခင်တိုက်ပွဲများကတည်းက ထွက်ပြေးထားသဖြင့် ရွာတွင် ကျန်ရှိသည့် လူအနည်းငယ်အနက် အချို့ကို စစ်တပ်က ခေါ်သွားခြင်းဖြစ်ကြောင်း KNDF ဘက်က ပြောသည်။

နိုဝင်ဘာ ၂၃ ကလည်း ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သည်ဟု KNDF ထံမှ သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတော်လှန်နေကြရာ ထင်ရှားသည့်အဖွဲ့များအနက် ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း ပါဝင်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button