
Facbook သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပေါ်ပေါက်စေရေး လှုံ့ဆော်ရာတွင် အသုံးချခံနေရသည်ဟု အသစ်ထွက်ပေါ်လာသော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားပြီး ထိုသို့ အသုံးချနေခြင်းကို ဟန့်တား တားဆီးသွားမည်ဟု Facebookက တနင်္လာနေ့တွင် ကြေညာလိုက်သည်။
အမေရိကန်အခြေစိုက် အဖွဲ့တစ်ခုဖြစ်သော Business for Social Responsibility (BSR) အဖွဲ့က ပြုစုရေးသားသော အစီရင်ခံစာပါ ဖော်ပြချက်များကို သဘောတူကြောင်း Facebook က မှတ်ချက်ပြုသည်။
Facebook သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေရေးအတွက် အားပေးသည့် နေရာတစ်ခု ဖြစ်နေသည်ဟု ၆၂ မျက်နှာပါ အစီရင်ခံစာက ဆိုသည်။
အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော အစီရင်ခံစာက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားတင်ဆက်ခြင်းနှင့် ပတ်သက်သည့် မူဝါဒပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ပိုမို တင်းကျပ်ရန် Facebook ကို တိုက်တွန်းထားသည်။
လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုအတွက် အရပ်ဘက်နှင့် အစိုးရပိုင်း အဖွဲ့အစည်းများကို ပိုမို ထိတွေ့ဆွေးနွေးရန်၊ ထပ်မံတွေ့ရှိရသည့် အင်တာနက်သုံးစွဲမှုဆိုင်ရာ အချက်အလက်တို့ကို ပုံမှန်ထုတ်ပြန်ရန်လည်း တိုက်တွန်းထားသည်။ နောက် ၂ နှစ်အကြာတွင် ပေါ်ပေါက်လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် Facebook က ပြုပြင်ပြောင်းလဲရေး ပိုမို ဆောင်ရွက်ရမည်ဟု အစီရင်ခံစာက ဆိုသည်။
“လူတချို့က ဒီမိုကရေစီကို ပုံဖျက်ရေး၊ အကြမ်းဖက်မှု လှုံ့ဆော်ရေးအတွက် Facebook စာမျက်နှာကို အမြတ်ထုတ် အသုံးချနေကြသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ သန်းပေါင်းများစွာ ရှိလာနေသည်။ အွန်လိုင်းလူမှုကွန်ရက်များအနက် မြန်မာပြည်တွင် ခေတ်စားနေသည်မှာ Facebook ဖြစ်ပြီး သုံးစွဲသူ အများစုက သတင်းရရှိရန်၊ သတင်းမျှဝေဖြန့်ချိရန် Facebook ကို အားကိုးနေကြသည်။
လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ယခုနှစ် မေလမှ စက်တင်ဘာလအတွင်း ပြုစုရေးသားခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့က Facebook ၏ ကူညီထောက်ပံ့မှုဖြင့် ပြုစုသည့် အစီရင်ခံစာ ဖြစ်သော်လည်း ထိန်းချုပ်လမ်းညွှန်မှုကင်းရှင်းစွာ လွတ်လွတ်လပ်လပ် ပြုစုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Facebook မှ ဖယ်ရှားခြင်း
အမုန်းပွားစေသည်ဟု ယူဆရသော အရေးအသား အများအပြားကို Facebook စာမျက်နှာထက်မှ ယခုနှစ်ဆန်းပိုင်းတွင် ဖယ်ရှားခဲ့ပြီးဖြစ်သည်။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလအတွင်း ဖယ်ရှားလိုက်သည့် စာစုပေါင်း ခြောက်သောင်းခွဲနီးပါး ရှိသည်ဟု သိရသည်။
သြဂုတ်လ နှင့် အောက်တိုဘာလ တွင်မူ အထင်ကရ မြန်မာစာမျက်နှာ အများအပြားကို Facebook က ဖယ်ရှားခဲ့သည်။ ထိုသို့ ဖယ်ရှားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြဝတီသတင်းဌာန စသည့် တပ်မတော် နှင့် ဆက်စပ်သော၊ နီးစပ်သော စာမျက်နှာများ ပါဝင်ခဲ့သည်။
ထိုသို့ ပိတ်ပင်ဖယ်ရှားခြင်းသည် နိုင်ငံတကာတွင် ရင်ဆိုင်နေရသော Facbook ၏ အခက်အခဲများ၊ ဝေဖန်ခံနေရမှုများ သက်သာစေရေးအတွက် ဖြစ်ဖွယ်ရှိသည်ဟု ယူဆသူတို့လည်း ရှိသည်။
ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံတွင် Facebook အသုံးပြုပြီး အမုန်းစကားဖြန့်ဝေမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း မတ်လအတွင်း သတိပေးပြီး နောက်ပိုင်းတွင် ဤသို့ အရေးယူမှု ပေါ်ပေါက်လာသည်ဟု တချို့က ထောက်ပြသည်။
မြန်မာ အိုင်တီနည်းပညာနယ်ပယ်တွင် ဘလော်ဂါ နေဖုန်းလတ်ဟု ထင်ရှားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ထိုသို့ စာမျက်နှာများ ဖြုတ်ချ ပိတ်သိမ်းမည့်အစား ၎င်းအကောင့်ပိုင်ရှင့်များ မည်သို့မည်ပုံ ရေးသားသည်ဟူသော အချက်ကို အခြေပြုပြီး အရေးယူသင့်သည်ဟု သုံးသပ်သည်။
“ကုလသမဂ္ဂက ထုတ်ပြန်ချက်အပေါ်မှာ အခြေပြုပြီး တပ်မတော်နဲ့ ပတ်သက်တာတွေကို အရေးယူတဲ့အနေနဲ့ ပိတ်လိုက်သလို ဖြစ်နေတယ်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါ် မူတည်တာမျိုး တော့ မဖြစ်သင့်ဘူး။ ဒါပေမယ့် Facebook ဆိုတာက ကိုယ့်နိုင်ငံမှာ အခြေစိုက်တာ မဟုတ်ဘူး။ အဲ့ဒီတော့ သူ့မူဝါဒနဲ့သူ ဆိုတော့ သူ့ဘာသာ ပိတ်တာကို ကျွန်တော်တို့က သွားစွက်ဖက်လို့မရဘူး” ဟု ဦးနေမျိုးကျော်က ဗိုလ်ချုပ်မှူးကြီး၏ Facebook စာမျက်နှာ ဖယ်ရှားခံရသည့်နေ့က Myanmar Now ကို ပြောသည်။
ဇော်ဂျီနှင့် ယူနီကုဒ်
အွန်လိုင်းရေးသားမှု စောင့်ကြည့်ခြင်းအတွက် အခက်အခဲ ဖြေရှင်းရန် မြန်မာဝန်ထမ်း အများအပြားကို ပိုမို ခန့်အပ်ထားသည်ဟု Facebook က ဆိုသည်။
အွန်လိုင်းတွင် မြန်မာဘာသာဖြင့် ရေးသားကြရာတွင် အများအပြား အသုံးပြုနေကြသည့် Zawgyi စာလုံးသည် နိုင်ငံတကာအသိအမှတ်ပြု ယူနီကုဒ်စံချိန်မမီချေ။
ထိုအချက်ကြောင့် Facebook တာဝန်ရှိသူတို့သည် ရေးသားတင်ဆက်မှုကို စောင့်ကြည့် အကဲဖြတ်ရာတွင် အခက်အခဲ များစွာ တွေ့နေရသည်။
ယူနီကုဒ် တွင်ကျယ်စေရန်အတွက် Facebook ကို ယခုမှ စတင် ထိတွေ့လာသူတို့ ဇော်ဂျီအသုံးမပြုနိုင်ရန် စီစဉ်ခြင်း၊ လက်ရှိ သုံးစွဲနေသူတို့အတွက် စာလုံးပုံစံ ပြောင်းလဲပေးခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။
မြန်မာယူနီကုဒ် အပြောင်းအလဲတွင် အပြည့်အဝ ထောက်ခံကြောင်း၊ ပိုမို ဖြစ်ထွန်း တိုးတက်စေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း Facebook ၏ ဘလော့စာမျက်နှာ ထုတ်ပြန်ချက်တွင် တွေ့ရသည်။