သတင်း

ရခိုင်ဝန်ကြီးချုပ်ဦးညီပု၏ အယူခံ နေ့ချင်းပယ်ချခံရ

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးညီပု၏ အယူခံကို ယနေ့ (နိုဝင်ဘာ ၂၂) တွင် စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်သည်။

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သည့် ဖေဖော်ဝါရီ ၁၃ ရက်စွဲ ကြေညာချက်ကြောင့်ဆိုကာ ဦးညီပုကို စစ်ကောင်စီက ၅၀၅(ခ) ဖြင့် အောက်တိုဘာလဆန်းပိုင်းတွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ယနေ့ အယူခံတင်ရာ၌ ပယ်ချခံခဲ့ရသည်။ 

“ဒီအမှုနဲ့ပတ်သက်လို့ နိုင်ငံရေးအခြေအနေအရနဲ့ ဆိုင်မယ်ပေါ့။ အခု နိုင်ငံရေးအခြေအနေအရ တခြားဟာတွေလည်း ပြောလို့ မကောင်းဘူး။ အဲဒီလောက်ပဲ ပြောလိုက်ပါမယ်” ဟု အယူခံပယ်ချခံရသည့်အပေါ်  ဦးညီပု၏ ရှေ့နေ ဦးအောင်မြတ်ကျော်က ပြောသည်။

ခရိုင်တရားရုံး၌ နေ့ချင်း အယူခံ ပယ်ချခံလိုက်ရသောကြောင့် ပြည်နယ်တရားလွှတ်တော်သို့ အယူခံဆက်တက်မည်ဖြစ်ကြောင်း၊ အသေးစိတ်ကို ပြောပြ၍ မရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းစဉ် နေအိမ်၌ ထိန်းသိမ်းခံရသူ ဦးညီပုက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ပြည်သူသို့ ပြန်ကြားချက်” ဆိုသည့် ရုပ်သံဖိုင်တင်ခဲ့သည်။ 

စစ်တွေမြို့ရှိ ဝန်ကြီးချုပ်နေအိမ်၌ ထိန်းသိမ်းခံထားရာမှ လွတ်မြောက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ တွင် ဂွမြို့နေအိမ်၌ ဖမ်းဆီးခံရကာ လက်ရှိတွင် စစ်တွေထောင်၌ ချုပ်နှောင်ခံထားရသည်။ 

စတင်ဖမ်းဆီးခံရချိန်ကတည်းက ယနေ့အချိန်ထိ တွေ့ခွင့်မရသောကြောင့် မိသားစုက တွေ့ခွင့်ရလိုကြောင်း ၅၀၅(ခ) ဖြင့် အမိန့်ချသည့်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီးတစ်ဦးဖြစ်သူ မကြည်ကြည်ဦးက ပြောဆိုထားသည်။ 

ဦးညီပု၏ သမီးဖြစ်သူ NLD ပါတီ လူငယ်တာဝန်ခံ မမိုးဆန်းစုကြည်လည်း မေလဆန်းပိုင်းကတည်းက ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးပါးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် သြဂုတ်လဆန်းပိုင်းတွင် စစ်တွေမြို့မရဲစခန်း၌ အမှုထပ်ဖွင့်ခံထားရသည်။ 

စစ်ကောင်စီက NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပြည်နယ်/တိုင်းဝန်ကြီးချုပ်များကို အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးကာ ကြီးလေးသော ပုဒ်မများအပါအဝင် ပုဒ်မအမျိုးဖြင့် ဆင့်ကဲဆင့်ကဲ အမှုများထပ်တိုးခဲ့သည်။

လက်ရှိတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဦးဖြစ်သူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် အဂတိလိုက်စားမှု ၅ မှုဖြင့် ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံထားရပြီး မကွေးတိုင်းဝန်ကြီးချုပ်သည်လည်း ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button