လုပ်ငန်းအဆင်ပြေစေရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေပြည်တော် နေအိမ်သို့ သွား၍ ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ စွပ်စွဲချက်ကို အိမ်အကူ ဒေါ်ဝေဝေသန်း၏ သက်သေခံချက်ဖြင့် ချေပရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ယနေ့(နိုဝင်ဘာ ၁၉) ရုံးချိန်းတွင် စီစဉ်ထားသော်လည်း ရွှေ့ဆိုင်းလိုက်ရသည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲ စစ်ဆေးနေသော အဂတိအမှု လေးမှုအနက် သုံးမှုကို ယနေ့ စစ်ဆေးရန် မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက မူလစီစဉ်ထားခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။
သိုသော် နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ လရောင်တော စိုက်ပျိုး၊ မွေးမြူရေး သင်တန်းကျောင်း မြေနေရာများ ရယူရာတွင် အဂတိမကင်းဆောင်ရွက်သည်ဟု စွပ်စွဲထားသည့် အမှုနှစ်ခုတွင် စစ်ကောင်စီဘက်မှ သက်သေထွက်သည့် နေပြည်တော်ကောင်စီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တစ်ဦးတည်းကို စစ်မေးခြင်းဖြင့်သာ အချိန်ကုန်သွားကြောင်း ၎င်းက ပြောသည်။
နံနက် ၁၀ နာရီခွဲဝန်းကျင်မှ စတင်သည့် တရားခွင်သည် ညနေ ၃နာရီခွဲမှ ပြီးကြောင်း၊ နေ့လယ် ထမင်းစား နာရီဝက်ခန့် နားကြောင်း ထိုသူ့ထံမှ သိရသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာ ပေးခဲ့ရသည်ဟု စစ်ကောင်စီဘက်မှ အဓိကသက်သေ ဦးဖြိုးမင်းသိန်း၊ သူ၏ ဇနီး ဒေါ်ခင်မိမိကြွယ်နှင့် တရားလို အဂတိတိုက်ဖျက်ရေးကော်မရှင် အရာရှိတို့၏ စွပ်စွဲချက်များကို ပြန်လည်ချေပမည့် ဒေါ်ဝေဝေသန်းကို သင့်တော်သည့်နေ့ရက်တွင် ထပ်မံဆင့်ခေါ်မည်ဟု တရားသူကြီးက ညွှန်ကြားလိုက်သည်ဟု ဆိုသည်။
ယနေ့တရားခွင်အတွင်း စစ်ကောင်စီဘက်မှ သက်သေထွက်သူအပေါ် ပြန်လှန်စစ်မေးသည့် အကြောင်းရင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်မည့် အိမ်အကူ ဒေါ်ဝေဝေသန်းမှာ ၎င်းနှင့်အတူ နေပြည်တော် နေအိမ်တွင် ကာလရှည်ကြာနေထိုင်ပြီး တစ်ပါတည်း ဖမ်းဆီးခံထားရသူဟုတ်မဟုတ် သီးခြား အတည်မပြုနိုင်ပေ။
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ငါးဦးပါ ရှေ့နေအဖွဲ့ ပြောရေးဆိုခွင့်ကို ဩဂုတ်လမှစ၍ တစ်ဦးပြီးတစ်ဦး ပိတ်ပင်ထားသည်။
ပြီးခဲ့သည့် တရားခွင်များအတွင်း တရားလို အဂတိကော်မရှင်အရာရှိကို စာအုပ်ဖွင့်ဖတ်၍ သက်သေမထွက်ရန် တရားသူကြီးက တားမြစ်ခဲ့ရသလို တရားရုံးသို့ တင်ထားသည့် သက်သေခံပစ္စည်းစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရယူထားသည်ဆိုသော ရွှေနှင့် ငွေများ ပါဝင်ခြင်းမရှိဟု ရှေ့နေအဖွဲ့က ပြောထားသည်။
ထို့အတူ စစ်ကောင်စီ၏ အဓိက သက်သေဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်တို့၏ တရားခွင်ထွက်ဆိုချက်များတွင် ထိုသို့ပေးရသည်ဟုသာ ပါဝင်ပြီး နေ့ရက်၊ အချိန်နှင့် အခြား သက်သေ အထောက်အထားများဖြင့် တိကျစွာ သက်သေခံနိုင်ခဲ့ခြင်းမရှိဟု တရားရုံးနှင့် နီးစပ်သူက အတည်ပြုသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးဖြိုးမင်းသိန်း လိမ်လည်ထွက်ဆိုခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။
ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက်တွင် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မပေါင်း ၁၁ ခုဖြင့် တရားစွဲဆိုထားသည်။
ထိုအထဲတွင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အထက်ပါ အဂတိမှု လေးမှုအပြင် ရန်ကုန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာရယူမှုနှင့် ပတ်သက်ပြီး အလားတူပင် စွပ်စွဲသည့် အဂတိမှုတစ်ခုကို နေပြည်တော် တရားခွင်သို့ ရွှေ့ခဲ့ပြီး ဒီဇင်ဘာ ၃ တွင် စတင်စစ်ဆေးမည်ဟု တရားသူကြီးက ယနေ့ ကြေညာသည်။
ထပ်တိုးတစ်မှုကို နေပြည်တော်ကောင်စီဝင်းရှိ သီးသန့်တရားခွင်သို့ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်း အပတ်စဉ် သောကြာနေ့တိုင်း လာရောက်ရုံးထိုင်သည့် တရားခွင်၌ တစ်ပေါင်းတည်း စစ်ရန်ရှိမရှိ အတည်မပြုနိုင်သေးပါ။