သတင်း

PDF ၃ ဦး သတ်ခံရပြီး  ၉ ဦး ကလေးမြို့ ဒကစတွင် ထိန်းသိမ်းခံထားရ 

လွန်ခဲ့သည့် သုံးရက်က စစ်တပ်ဝင်စီးခဲ့သည့် စစ်ကိုင်းတိုင်း တောတွင်းစခန်းတစ်ခုမှ ဖမ်းမိသူများအနက် ၃ ဦးသတ်ဖြတ်ခံရပြီး ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးမှာ ကလေးမြို့ပေါ်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွင် ထိန်းသိမ်းခံနေရကြောင်း ဒေသခံ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF – Kalay) ထံမှ သိရသည်။

မြို့အနောက်တောင်ဘက်ရှိ PDF စခန်းကို နိုဝင်ဘာ ၁၆ တွင် စစ်တပ်က ဝင်စီးပြီးနောက် ညှဉ်းပန်းသတ်ဖြတ်ခံထားရသည့် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများကို ထိုစခန်းမှ စစ်တပ်က ဆုတ်ခွာသွားပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၁၈) ညနေပိုင်းတွင် ရှာတွေ့ကြောင်း ကလေး – PDF တပ်ဖွဲ့ဝင် ကိုဗစ်တာက ပြောသည်။

ကလေး – PDF တပ်ဖွဲ့ဝင် ၂၇ နှစ်အရွယ် Char Thang Puia၊ နှင့် ၂၆ နှစ်အရွယ် Ram Mawia တို့၏ မျက်နှာတွင် ဒဏ်ရာများတွေ့ရကြောင်း၊ ထိုတပ်ခွဲ၌ ဧည့်သည်အဖြစ် ဆေးသင်တန်း လာရောက်ပို့ချနေသည့် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်သော မချင်းချင်း (Baik Rem Chin)၏ နဖူးတွင် သေနတ်ဖြင့် အနီးကပ်တေ့ပစ်ခံထားရသည့် ဒဏ်ရာတွေ့ရကြောင်း ၎င်းထံမှ သိရသည်။

“အမျိုးသား ၂ ဦးမှာ တစ်ဦးကဆိုရင် မျက်နှာကို ကျောက်ခဲနဲ့ ရိုက်သတ်ထားတဲ့ပုံ တွေ့ရပါတယ်”ဟု ထိုသူက ပြောသည်။

ကလေး – PDF တပ်ရင်း ၃ တပ်ခွဲစခန်းတွင် တွေ့ရသော ရုပ်အလောင်းများအခြေအနေအရ အမျိုးသားနှစ်ဦးမှာ စခန်းဝင်စီးသည့်နေ့တွင် သတ်ဖြတ်ခံရကြောင်း၊ မချင်းချင်းမှာ ရုပ်အလောင်းရှာမတွေ့မီ တစ်ရက် (နိုဝင်ဘာ ၁၇) ကမှ သတ်ဖြတ်ခံရသည်ဟု ယူဆရကြောင်း ကိုဗစ်တာက မှတ်ချက်ပြုသည်။

အင်္ဂလိပ်စာဘာသာဖြင့် ဘွဲ့ရခဲ့သူ မချင်းချင်းသည် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများထံမှ သင်ယူလေ့လာထားသည့် အရေးပေါ်ပြုစုကုသနည်းလမ်းများကို ဆေးအဖွဲ့များထံ လာရောက်ပို့ချပေးသူဖြစ်ကြောင်း ကလေး PDF ထံမှ သိရသည်။

အခက်အခဲများကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနှင့် ဖြတ်ကျော်တတ်သူ မချင်းချင်းမှာ စိတ်ဓာတ်မာကြောသူတစ်ဦးဖြစ်ကြောင်း မိတ်ဆွေဖြစ်သူ Mobile Medical Team – West Division ခေါ် ဆေးအဖွဲ့ခေါင်းဆောင် ဒေါ်ရတီအုန်းက မှတ်ချက်ပြုသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အသက် ၁၈ နှစ်မှာ ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးဆေးတပ်ဖွဲ့ဝင် ၉ ဦးအတွက်လည်း စိတ်ပူရကြောင်း ၎င်းက ပြောသည်။

“လူ့အခွင့်အရေးစံချိန်စံညွှန်းတွေ၊ နိုင်ငံတကာဥပဒေတွေကို လုံးဝလေးစားလိုက်နာမှုမရှိတဲ့ စစ်ကောင်စီက အမျိုးသမီးတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ညှဉ်းပန်းနှိပ်စက်မှုတွေ များစွာကြုံနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ကျွန်မတို့ တအားကို စိုးရိမ်ပူပန်တယ်” ဟု ဒေါ်ရတီအုန်းက ပြောသည်။

“အကူအညီပေးဖို့အတွက် နိုင်ငံတကာအပါအဝင် တခြားအဖွဲ့အစည်းတွေကို ကျွန်မက အကူအညီတောင်းချင်တယ်” 

ဖမ်းဆီးခံရပြီးနောက် Facebook တွင် ပျံ့နှံ့လာသော ဓာတ်ပုံများအရ အမျိုးသမီးငယ်များ၏ မျက်လုံးများတွင် အပြုံး၊ တည်ငြိမ်မှုနှင့် စိတ်ဓာတ်မာကျောမှုတို့ကို တွေ့ရပြီးနောက်တွင် ၎င်း၏ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသန္နိဋ္ဌာန် ပိုမိုခိုင်မာလာရကြောင်း ဒေါ်ရတီအုန်းက ပြောသည်။

စစ်တပ်က ထိုအမျိုးသမီးဆေးတပ်ဖွဲ့ ဝင် ၉ ဦးကို ထိုနေရာမှ ဆုတ်ခွာရာတွင် လူသားဒိုင်းသဖွယ် အသုံးပြုခဲ့သည်ဟု ကလေး – PDF က ပြောသည်။

စီးနင်းခံရသည့်နေ့ကတည်းက ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF), ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – KKG)နှင့် အခြား ဒေသခံ PDF အဖွဲ့တို့နှင့် ပူးပေါင်းကာ ဝိုင်းပတ်တိုက်ခိုက်ခြင်း၊ စစ်ကူလာသည့် ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ နှစ်ရက်တိုင် ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူတို့၏ အသက်အန္တရာယ်ထိခိုက်မည်စိုး၍ ဆုတ်ခွာပေးလိုက်ရသည်ဟု ကလေး – PDF က ဆိုသည်။

ယမန့်နေ့ (နိုဝင်ဘာ ၁၈) နံနက်အစောပိုင်းတွင် ဝင်စီးသည့် စခန်းနေရာမှ နဂါးပွက်ရွာ၊ ထိုမှတစ်ဆင့် ကလေးမြို့ပေါ်သို့ စစ်တပ်က အဆင့်ဆင့် ရွှေ့ပြောင်းသွားခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ သိရတာကတော့ သူတို့ကလေးမြို့ထဲထိကို သယ်ထုတ်သွားပြီးတော့ ခုချိန်မှာတော့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစထဲမှာ ထိန်းသိမ်းထားတယ်လို့ ကြားသိရပါတယ်”ဟု ကိုဗစ်တာက ပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ရိုက်ကူးထားသည့် ထို ၉ ဦး၏ ဓာတ်ပုံများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အွန်လိုင်းလူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေကြသည်။ 

သုံးရက်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးကာ ထိခိုက်၊ ဒဏ်ရာရသူများလည်း ရှိကြောင်း PDF ပူးပေါင်းအဖွဲ့ဘက်မှ လက်နက်ကြီးကြောင့် ဒဏ်ရာရသူနှစ်ဦးရှိပြီး မစိုးရိမ်ရကြောင်း ကလေး – PDF က ပြောသည်။

သို့သော် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်သည့် ထိုကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို အစောဆုံးခုခံခဲ့သည့် ကလေးမြို့နယ်အတွင်း PDF စခန်းတစ်ခု စီးနင်း၊ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုစခန်းသည် ပထဝီအနေအထားအရ ကလေးမြို့နှင့် အနီးဆုံးစခန်းတစ်ခုဖြစ်ပြီး စခန်းလုံခြုံရေးအားနည်းချိန်တွင် ဝင်ရောက်တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ကလေး – PDF က သုံးသပ်သည်။

“ဒီရက်ပိုင်းတွေမှာ တောက်လျှောက်ဖြစ်နေတဲ့ စစ်ရေးအခြေအနေအရ တချို့ရှေ့တန်းရောက်နေတာတွေ ရှိတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေမှာ ကင်းချပေးနိုင်မှု၊ ကင်းစနစ်နဲ့၊ ကင်းပိုင်းဆိုင်ရာလုံခြုံရေးတွေ အားနည်းခဲ့တယ်။ ထောက်လှမ်းမှုဆိုင်ရာ အားနည်းချက်တွေရှိခဲ့တယ်” ဟု ကိုဗစ်တာက ပြောသည်။

ထိုသို့ PDF စခန်းတစ်ခု စီးနင်းခံရသော်လည်း ယမန်နေ့ (နိုဝင်ဘာ ၁၈) ည ၁၀ နာရီဝန်းကျင်တွင် ကလေးမြို့ပေါ်၌ပင် သေနတ်သံများ၊ ပေါက်ကွဲသံများကြားခဲ့ရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“(စစ်တပ်) သူတို့လုံခြုံရေးယူထားတဲ့ မြို့နေရာအနှံ့ကနေ တပြိုင်တည်းဖြစ်တာ။ ၁၁ နာရီနီးပါးလောက်မှာ ဗုံးတစ်လုံးပေါက်တယ်။ အဲဒီနောက်ပိုင်းမှာ ပိုဆိုးတယ်။ သေနတ်မျိုးစုံပစ်တယ်။ ကလေးမြို့နယ်ရဲစခန်းကလည်း အားကုန်ပစ်တယ်။ မြို့အနှံ့ဆူညံနေတာ ၁၂ နာရီကျော်လောက်မှပဲ ရပ်သွားတာ” ဟု ၎င်းက ဆိုသည်။

စစ်တပ်နှင့် မည်သည့်အဖွဲ့ တိုက်ပွဲဖြစ်ပွားသည်ကိုမူ သီးခြားအတည်ပြုချက်မရသေးပေ။

စစ်ကောင်စီနှင့် စစ်ရေးတင်းမာသည့် အခြေအနေတွင် ဒေသတွင်း အဓိကကျသည့် ကလေး – ဂန့်ဂေါလမ်းပိုင်း၌ မည်သည့်မော်တော်ယာဉ်မျှ ဖြတ်သန်းသွားလာခြင်းမပြုပါရန် ယနေ့ (နိုဝင်ဘာ ၁၉) နံနက်ပိုင်းတွင် ကလေး – PDF က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ခုခံမှုအားကောင်းသည့် စစ်ကိုင်းနှင့် ချင်းပြည်နယ်သို့ စစ်ကောင်စီက အောက်တိုဘာလလယ်မှစ၍ သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အားအလုံးအရင်းပို့လွှတ်နေပြီး အနော်ရထာဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button