
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆) က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်ပြီးနောက် ဒေသခံ PDF ပူးပေါင်းအဖွဲ့များနှင့် ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။
ယမန်နေ့တွင် ကလေးမြို့ အနောက်တောင်ဘက်ရှိ တပ်ရင်း ၃ လက်အောက်ခံ စခန်းငယ်တစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးရှစ်ဦး အဖမ်းခံရပြီး အများစုမှာ Medical Team (ဆေးအကူ) အဖွဲ့ဝင်များဖြစ်ကြောင်း ကလေး PDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ထိုသို့ PDF စခန်း ဝင်စီးနင်းခံရပြီးနောက် ကလေးမြို့အနောက်တောင်ပိုင်းသို့ စစ်ကြောင်းခွဲ ချီတက်လာသည့် စစ်တပ်နှင့် ဒေသခံ PDF အဖွဲ့များ ယမန်နေ့ မွန်းလွဲပိုင်းမှ ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
စစ်ကြောင်းများ ခွဲချီတက်လာသည့် စစ်ကောင်စီတပ်ကို ကလေး PDF နှင့်အတူ စစ်ကိုင်းနှင့် ချင်းဒေသအခြေစိုက် NDF နှင့် CDF (KKG) အဖွဲ့များအပါအဝင် ရပ်ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီနေ့ မနက်မိုးလင်းခါစလောက်ကနေ နှစ်ဖက် ခုထိ ပစ်ခတ်နေကြတုန်း။ အသေအပျောက် ထိခိုက်ဒဏ်ရာကတော့ မသိရသေးဘူး။ စကစ (စစ်ကောင်စီ) ဘက်ကတော့ စစ်ကူတွေ လွှတ်နေတယ်” ဟု ချင်းအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူက ယနေ့ နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။
ယမန်နေ့က PDF စခန်းစီးနင်းခံရစဉ် ဖမ်းဆီးခံရသူများအနက် အမျိုးသားနှစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ နောက်ဆက်တွဲတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံးသည်ဆိုသော အချက်များအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ကလေးမြို့အနောက်တောင်ပိုင်းတွင် ယမန်နေ့ညနေပိုင်းက တိုက်ပွဲများပြင်းထန်နေချိန် တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့သည့်ပြင် မြို့လှဘက်မှ စစ်ကူတက်လာသည့် စစ်ကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကလေး PDF အဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။
“အဓိကတော့ တခြားနေရာတွေ ကြွပေးရင်ကောင်းမယ်။ စစ်ကိုင်းတိုင်းတစ်ဝိုက်ပေါ့။ နောက်ပြီး ပစ္စည်းပိုင်းဆိုင်ရာလည်း တော်တော်လေးလိုအပ်နေတယ်” ဟု လက်ရှိတိုက်ပွဲများအခြေအနေအပေါ် ကလေး PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် ကလေးမြို့ပေါ်ရပ်ကွက်နှင့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် မြို့လှ၊ အင်ဒိုင်းကုန်း၊ နဂါးပွက်၊ စီးစံ၊ ဇော်ပီး၊ သုံးအိမ်စု၊ စက္ကန့်စသည့် ကျေးရွာများမှ ရာနှင့်ချီသော ဒေခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ကလေးမြို့အပါအဝင် ခုခံတော်လှန်မှု အားကောင်းနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို စစ်ကောင်စီက အပြန်းအထန်ဖိနှိပ်လျက်ရှိရာ ဒေသခံ PDF အဖွဲ့များနှင့် နေ့စဉ်ရက်ဆက်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်။
ကလေးမြို့သည် အာဏာသိမ်းစစ်ကောင်စီကို ရိုးရာလက်လုပ် တူမီးသေနတ်ဖြင့် စတင်တော်လှန်ခဲ့သည့်မြို့ဖြစ်ပြီး ယနေ့အချိန်ထိလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ ရှိနေဆဲမြို့တစ်ခုဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)