
တစ်ပတ်အတွင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီသတင်းပေး (ဒလန်) တစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာဘုန်းကြီးကျောင်းတွင် ယမန်နေ့(နိုဝင်ဘာ ၁၄) နေ့လယ် ၁၁ နာရီခန့်မှစ၍ စစ်အင်အား ၄၀ ခန့် လာရောက်တပ်စွဲနေကြောင်း သိရသည်။
နိုဝင်ဘာ ၇ ရက်တွင် ဟင်္သာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံရသလို ယမန်နေ့တွင် မတ္တရာမြို့နယ်၊ တံငါမြောက်ရွာ၌ သွားရောက်ပုန်းအောင်းနေသည့် ကျေးရွာအတွင်း ဒလန်ဟု နာမည်ကျော်သူ ကိုမော်(ခ) ဘဲမော်ကို ဒေသကာကွယ်ရေးအဖွဲ့(PDF) က ပစ်သတ်ခဲ့သည်။
ပစ်ခတ်မှုများနှင့် ပတ်သက်၍ အသေးစိတ်မသိရသော်လည်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း သေဆုံးသည့် နောက်တစ်နေ့(နိုဝင်ဘာ ၈) တွင် ဟင်္သာမရွာသို့ စစ်ကောင်စီက ဝင်မွှေခဲ့ဖူးပြီး ဒေသခံအချို့ကို အတင်းအဓမ္မ စစ်မေး၊ လမ်းညွှန်စေကာ သံသယရှိသူ နေအိမ်အချို့ကို ဖျက်ဆီး၊ ပစ္စည်းများ လုယက်သွားကြသေးသည်။
ထိုဖြစ်စဉ်အပြီး ဒလန်ဟု နာမည်ကျော်သူ ကိုမော်(ခ) ဘဲမော် အခြားတစ်နေရာ၌ သတ်ဖြတ်ခံရသည့် နေ့တွင်းချင်း(နိုဝင်ဘာ ၁၄) ပင် ဟင်္သာမကျေးရွာသို့ စစ်တပ်က စခန်းလာချသဖြင့် နောက်တစ်ကြိမ် ထိုအဖြစ်မျိုးကြုံရမည်ကို စိုးရိမ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးနှစ်ဦးက ပြောသည်။
“သူတို့လာနေပြီဆိုတာကို မရောက်ခင်ကတည်းက ကြိုသိရတဲ့အတွက် ရွာက ယောက်ျားသားတွေအကုန် တောထဲ ပြေးကြရတာပဲ၊ အခုထိတော့ ပြန်မလာနိုင်ကြသေးဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
အခြားအမျိုးသမီးတစ်ဦးကလည်း ၎င်း၏ အမျိုးအဆွေများပါ တိမ်းရှောင်နေရသည်ဟု ပြောသည်။
“စစ်သားတွေ ရှိနေရင်တော့ သူတို့ပြန်လာနိုင်မှာမဟုတ်ဘူး။ ဘယ်ချိန်ထိ ရှိနေမလဲမှန်းလည်း မသိရဘူး။ မထင်ရင်မထင်သလို ဖမ်းခံရမှာဆိုတော့ ပြန်လာဖို့လည်း မလွယ်လောက်ဘူး”ဟု ၎င်းက ဆိုသည်။
သို့သော် အိမ်ခြေ ၁၂၀၀ ခန့်ရှိ ဟင်္သာမကျေးရွာတွင် ဦးရေမည်မျှ ထွက်ပြေးတိမ်းရှောင်နေရသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အထက်ပါ အမျိုးသမီးနှစ်ဦး၏ အဆိုအရ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းမှစ၍ ၎င်းတို့ သံသယရှိသူတို့၏ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်း၊ ဒေသခံတို့ မွေးမြူထားသည့် ကြက်များကို ဖမ်းဆီးစားသောက်ခြင်း၊ ဈေးဆိုင်အချို့မှ အလိုရှိရာများကို ယူဆောင်ခြင်းတို့ ပြုမူနေကြောင်း သိရသည်။
နိုဝင်ဘာ ၈တွင် စစ်ကောင်စီက မွှေနှောက်စဉ်ကမူ ဟင်္သာမကျေးရွာရှိ နေအိမ်လေးလုံး ဖျက်ဆီးခံရသလို ရွာအတွင်းရှိ ဈေးဆိုင်တစ်ဆိုင်မှ ဆန်၊ ဆီနှင့် စက်သုံးဆီအပါအဝင် ဈေးရောင်းရငွေများကို ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောထားသည်။
ထို့ပြင် ရွာမှ ပြန်ထွက်ချိန် ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် တံငါလုပ်ငန်းသုံးစက်လှေများမှ အင်ဂျင် ၉ လုံးကို ဖြုတ်ယူကာ မော်တော်နှင့် စက်လှေအချို့ကို ဖျက်ဆီးသွားကြောင်း၊ ဟင်္သာမရွာသားတစ်ဦးပိုင်သည့် မော်တော်တစ်စင်းကိုပါ ယူဆောင်သွားကြောင်း သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)