
ဖြူချင်လျက် ညစ်နေတဲ့ အသားရောင်ဖြူညစ်ညစ်နဲ့အတူ ဆံပင်ရွှေဝါရောင် ခပ်တိုတိုကို စည်းထားရင်း အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးငယ်နှစ်ယောက် ခေါင်းငုံ့ကာ ငိုကြွေးရင်း လမ်းလျှောက်လာကြသည်။
သူတို့ ဘာကြောင့်ငိုကြွေးနေကြပါသလဲ။ နေထိုင်ရာ အချုပ်ဆောင်ပေါ်သို့ ရောက်ချိန်မှာတော့ ထိုအမျိုးသမီးငယ်လေးများသည် ဘဝတူ ဖမ်းဆီးခံရသူများရှေ့တွင် ဝမ်းနည်းကြေကွဲစွာ ချုံးပွဲချ ငိုလိုက်ကြသည်။
ယင်းကဲ့သို့ ဖြစ်စဉ်များသည် အာဏာသိမ်းပြီးကာလများအတွင်း အကျဉ်းထောင်များတွင် ခပ်စိပ်စိပ်ဖြစ်ပေါ်နေသော ဖြစ်ရပ်များပင်။
ထိုနေ့က သူတို့ရုံးထုတ်ရက်ဖြစ်ပြီး စစ်ခုံရုံးဟု သတ်မှတ်ထားသော အကျဉ်းထောင်အတွင်းရှိ အခန်းတစ်ခန်းမှတစ်ဆင့် အမျိုးသမီးအချုပ်ဆောင် ၁ ကို ကျော်ဖြတ်ကာ မူလချုပ်နှောင်ထားသော အချုပ်ဆောင် ၃ သို့ လျှောက်လာကြသည်။
“ကျွန်မတို့ကို ထောင်သုံးနှစ်ချလိုက်တယ်၊ ဘာမှပြန်မမေးရဘူးတဲ့။ ဘာဆိုဘာမှ အစစ်အဆေးအမေးအမြန်းလည်း မရှိဘူး။ အမိန့်ချလိုက်တာ၊ ကျွန်မတို့မှာ အပြစ်မရှိဘူး။ သူတို့က ထောင်သုံးနှစ်ချလိုက်တယ်ဆိုတဲ့ စာကိုပဲဖတ်ပြတယ်” ဟု အမျိုးသမီးတစ်ဦးက ဖွင့်ဟလာသည်။
ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်သော ပြည်သူများ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးနှိပ်စက်ခံရခြင်းအပြင် ရက်ရက်စက်စက် လူမဆန်စွာ နည်းမျိုးစုံဖြင့် သတ်ဖြတ်မှုများပါ ခံခဲ့ရသည်။ မတ်လ ၁၅ ရက်နေ့နောက်ပိုင်း ညမထွက်ရအမိန့်ကြေညာထားသည့် မြို့နယ်ခြောက်မြို့နယ်က ဖမ်းဆီးခံရသူများကို စစ်ကောင်စီက စစ်ခုံရုံးတင်ကာ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
အဆိုပါ အမျိုးသမီးငယ်များသည်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ – က ဖြင့် စစ်ခုံရုံးတင်သည့် မြို့နယ်တစ်ခုတွင် ဖမ်းဆီးခံရပြီး ယခုကဲ့သို့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။
ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်ကြသူများဖြစ်ပြီး ဆိုင်တွင်းလာရောက်ဖမ်းဆီးစဉ် ဆံပင်ညှပ်ရာတွင် အသုံးပြုသည့် ကတ်ကြေးနှင့် ဓားများကို သက်သေခံအဖြစ် တင်သွင်းခံခဲ့ရသည်ဟု ၎င်းတို့က ဘဝတူအချုပ်သူများကို ရှင်းပြကြသည်။
သို့သော် ဖြေရှင်းချက်မှာ လွန်စွာနောက်ကျသွားခဲ့ပါပြီ။ ယင်းကဲ့သို့ဖြေရှင်းချက်မျိုးကို တရားခွင်တွင် ဖြေရှင်းရမည်မှန်သော်လည်း သူတို့မှာ စစ်ခုံရုံးတရားခွင်ဟု ဆိုသောနေရာတွင် နှုတ်ဆိတ်ခဲ့ရသည်။
ဧပြီလအတွင်းကလည်း အင်းစိန်ထောင်တွင်း ရာနှင့်ချီသော ပြည်သူများကို စစ်ခုံရုံးက အမိန့်များချမှတ်ခဲ့ပြီး ယခုချိန်အထိ ဆက်လက်ချမှတ်နေဆဲဖြစ်သည်။
အင်းစိန်ထောင်သို့ ရောက်မလာမီ စစ်တပ်စစ်ကြောရေးစခန်းများ၊ မြို့နယ်ရဲစခန်းများတွင် ရှိနေစဉ် စစ်ခုံရုံးတန်းတင်ကာ အမိန့်ချခံခဲ့ရသူများလည်းရှိပါသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ -က ၏ အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ်က စစ်ခုံရုံးက ချမှတ်သောသော အမှုများတွင် ပြစ်ဒဏ်အနည်းဆုံး ပုဒ်မဖြစ်သည်။ လူသတ်မှု၊ မီးရှို့မှု၊ လက်နက်ကိုင်ဆောင်မှု၊ အကြမ်းဖက်ဖောက်ခွဲမှုတို့နှင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၇ နှစ် ၁၀ နှစ်အပြင် သေဒဏ်ပါ ချမှတ်ခြင်း ခံခဲ့ကြရသူများလည်းရှိပါသည်။
စစ်ခုံရုံးတွင် စီရင်ချက်ဖတ်ပြသူတို့ကို စောဒကမတက်ရန်၊ ခုခံချေပပြောဆိုမှု မပြုရန် နားလည်သူတို့က သတိပေးကြသည်ဟု ထောင် ၂ ကြိမ် ကျခဲ့ဖူးသူ ဒေါ်မိငယ်က ပြောပြသည်။
“ကျွန်မတို့ရှေ့မှာမေးတဲ့လူတွေ ကျတဲ့လူတွေက ၇ နှစ်တွေချလို့ အဲ့ဒါနဲ့ တစ်ယောက်မှ မမေးရဲတော့ဘူး။ သူတို့ကို ဘာမှ ပြန်မေးပိုင်ခွင့်၊ ပြန်ဆိုပိုင်ခွင့်မရှိဘူး၊ အဲလိုမမေးရဘူး၊ စခန်းက အဲ့အတိုင်းပြောပြီး ကျွန်မတို့ကို စစ်ခုံရုံးကို တင်ပေးလိုက်တာ” ဟု ဒေါ်မိငယ်က ပြောပြသည်။
အင်းစိန်အကျဉ်းထောင်ထဲတွင်ရှိသော အခန်းတစ်ခုသည် စစ်ခုံရုံးအဖြစ် အမှုစီရင်ရန် နေရာဖြစ်လာသည်။ စစ်တပ်ယူနီဖောင်း အစိမ်းရင့်ရောင်ကို ဝတ်ဆင်ထားပြီး ပခုံးထက်တွင် အပွင့်အခက်များ ပါရှိသူတို့က ဖိုင်တွဲများကို ကိုင်ကာ စစ်ခုံရုံးအတွင်း အမှုစီရင်ရန် ရောက်လာတတ်သည်။ အချုပ်သားများက သမံတလင်းကြမ်းခင်းတွင် လက်ထိတ်ခတ်ထားရင်းက ဖြစ်သလိုထိုင်ကြရသည်။ အခန်းအတွင်း စွပ်စွဲခံရသူ အချုပ်သားများအတွက် ရှေ့နေမရှိ၊ အရပ်ဘက်တရားရုံးကဲ့သို့ တရားသူကြီးဝတ်ရုံ ဝတ်ဆင်ထားသူများလည်းမရှိ။ တရားရုံးစာရေးနေရာတွင် ကွန်ပျူတာကိုင် ရဲသားတစ်ဦးက စောင့်ဆိုင်းနေတတ်သည်ဟု ဆိုသည်။
စစ်တပ်အရာရှိက စွပ်စွဲခံရသူအမည်၊ သက်သေခံပစ္စည်းများစာရင်းကို ကြေညာပြီးသည်နှင့် အသင့်ပါလာသော စာအိတ်ကို ဖွင့်ဖောက်ဖတ်သည်၊ ထို့နောက် စွပ်စွဲခံရသူ အပြစ်ရှိသဖြင့် ထောင်ဒဏ် မည်မျှကျခံစေဟု ဖတ်ပြသည်၊
စွပ်စွဲခံရသူများ ပြန်လည်ခုခံချေပခွင့်လည်း မရကြပေ။
စောဒကတက်သူများ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည်ဟု ဒေါ်မိငယ်က ပြန်ပြောပြသည်။
“မကျူးလွန်ခဲ့ဘူး၊ ဘာဖြစ်လို့ ကျွန်မကို ထောင်ချဖို့ အမိန့်ချတာတွေ ဘာတွေ လုပ်ရတာလဲလို့ မေးလိုက်တာ သူ့ကို နောက် လေးနှစ်တိုးလိုက်တာ မေးတဲ့လူတွေ နှစ်ကြီးကျတာ” ဟု ဒေါ်မိငယ်က ပြောသည်။
အလားတူပင် မေလအတွင်းကလည်း အင်းစိန်အကျဉ်းထောင် အမျိုးသမီးတိုက်ပိတ်ဆောင် ဆယ်ခန်းတွဲရှိ အခန်း ၁ ထဲတွင် လှိုင်သာယာမြို့နယ်မှ အသက် လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးကို သေဒဏ်အမိန့်ချမှတ်ထားကာ တိုက်ပိတ်ထားခဲ့သည်။
အလွန်အကျွံ နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ထိုအမျိုးသမီးက တိုက်ကိုရောက်လာသော ဖမ်းဆီးခံ ဘဝတူများကို ပြန်ပြောပြခဲ့သည်။
“ကျွန်မကို ဒလန်ကို သတ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ပေးထားတာ၊ ဖမ်းတုန်းက အိမ်က မိသားစု ငါးယောက်လုံးကို ဖမ်းတာ၊ ယောက်ျားလေးတစ်ယောက်ပါတယ်၊ သူက စစ်ဆေးရင်း စစ်ကြောရေးမှာပဲ ဆုံးသွားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေအနေများကို သူသိချင်သော်လည်း သိခွင့်မရ၊ အဆက်အသွယ်မရတော့ပေ။ ထောင်တွင်းသတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်းသာ တစ်လကို စာတစ်စောင် ရေးခွင့်ရသော်လည်း အိမ်ကို ရောက်မရောက် မသိရှိရပေ။
စစ်ခုံရုံးဟု အသံကြားလိုက်ရသူတိုင်း အိပ်မက်ဆိုးများ ခြောက်လှန့်နေသည့်သဖွယ် ခံစားကြရသည်။ အများသူငါ မြင်သာသည့် တရားခွင်များအစား လူမသိသူမသိ တိတ်တဆိတ် မျက်ကွယ်တွင် တရားစီရင်နေခြင်းသာဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းများအရ (၁၁၈) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦးလည်း ပါဝင်သည်။ သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော ထိုအသင်းက စာရင်းကောက်ယူနိုင်ခြင်းမရှိသော အရေအတွက်လည်း ရှိနိုင်ပါသေးသည်။
အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့် ရန်ကုန်တိုင်း မြို့နယ် ၆ ခုတွင် တရားစီရင်ရေးကို အရပ်ဘက်ရုံးက ကိုင်တွယ်ခြင်း မရှိဘဲ စစ်ခုံရုံးဖြင့်သာ စီရင်ခဲ့ခြင်းပင်။
တစ်နိုင်ငံလုံးတွင်ရှိသော ရွှေ့ပြောင်းအလုပ်သမားအများစု မှီတင်းရာ ရန်ကုန် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် အမျိုးသမီးများထက် အမျိုးသားများ ပိုမိုဖမ်းဆီးနှိပ်ကွပ်ခံခဲ့ရသည့်ပြင် စစ်ခုံရုံးအမိန့်များ ချမှတ်ခံရမှုတွင်လည်း အမျိုးသားအများစု ဖြစ်ခဲ့လေသည်။ ထောင်တွင်း စစ်ခုံရုံးထုတ်သည့် နေ့များတွင်ကား ဒဏ်ရာဗရပွနှင့် သွေးစွန်းအဝတ်အစားများကို ဝတ်ဆင်ထားသူများ၊ ခြေလက်ကျိုးပဲ့နေသူများ၊ ဦးခေါင်းပတ်တီးနှင့် ကွဲပြဲဒဏ်ရာများ၊ မျက်လုံးအညိုအမည်းစွဲဒဏ်များကို မြင်တွေ့ရလေ့ရှိကြောင်း ပြန်လည်လွတ်မြောက်သူများက ပြောပြကြသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်မိငယ်က ဤတစ်ကြိမ် ဖမ်းဆီးခံရမှုအခြေအနေမှာ ယခင်ကထက် ပိုမိုဆိုးရွားလာသည်ဟု ပြောပြသည်။
“အခုတစ်ခေါက်က ပိုကြမ်းတယ်၊ ပိုရိုင်းတယ်။ လူ့အဆင့်အတန်း၊ လူ့အခွင့်အရေး၊ လူနဲ့သူနဲ့တူတဲ့ အသုံးအနှုန်းတစ်ခုမှကို မရှိခဲ့ဘူး။ ရဲရဲ့ဆက်ဆံမှုကို ကြည့်မလား၊ စစ်တပ်ရဲ့ ဆက်ဆံမှုကို ကြည့်မလား၊ အကစ(အကျဉ်းဦးစီးဌာန)ရဲ့ ဆက်ဆံမှုကို ကြည့်မလား၊ အကုန်လုံးတစ်ခုမှ မကောင်းဘူး” ဟု ဒေါ်မိငယ်က ပြောသည်။
အင်းစိန်ထောင် အမျိုးသမီးအချုပ်ဆောင်တွင်း အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက ရုံးချိန်းရှိသည်ဟုဆိုကာ ထောင်အာဏာပိုင်များက ခေါ်ထုတ်သွားခဲ့သည်။ သို့သော် ထိုအမျိုးသမီးက နှစ်ပတ်ခန့်အကြာတွင် အချုပ်ဆောင်သို့ ငိုကြွေးကာ ပြန်ရောက်လာခဲ့သည်။
သူ့ကို စစ်ခုံရုံးက ပုဒ်မ ၅၀၅ – ကဖြင့် ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်လိုက်ခြင်းပင်။
စစ်ကောင်စီတပ်သားတို့ ဖမ်းဆီးလိုသော သူ့အမျိုးသားကို ရှာမတွေ့ခြင်းကြောင့် သူက ဓားစာခံအဖြစ် ဖမ်းခံရခြင်းဖြစ်သည်ဟု သူနှင့်တွေ့ဆုံခဲ့သည့် ဇွန်လအတွင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြန်ပြောပြသည်။
“ထောင်သုံးနှစ်ချလိုက်တယ်တဲ့။ စာအိတ်ကို ဖွင့်ပြီးဖတ်ပြတယ်။ ဘာမှ ပြန်မေးလို့မရဘူး၊ မေးခွင့်လည်းမရှိဘူးလို့ ပြောတယ်”
ဟု နိုင်ကျဉ်းဟောင်းက သူ၏ ထောင်နေဖက် ရင်ဆိုင်ခဲ့ရပုံကို ပြန်ပြောပြသည်။
စစ်ခုံရုံးစီရင်ချက်နှင့် ရင်ဆိုင်ရပြီး အချုပ်ဆောင်မှ ထောင်ကျဆောင်သို့ ပြောင်းရွှေ့ရသူတို့ကို ဘဝတူများက အချင်းချင်း ဖေးမ အားပေးနှစ်သိမ့်တတ်ကြသည်။ အချုပ်ဆောင်အဝထိ လိုက်ပို့ကြသည်။
ညီမရေ၊ အစ်မရေ၊ အမေရေ၊ အားတင်းထား။ ဘာမှမပူနဲ့။ ငါတို့နိုင်တော့မှာ၊ မကြာပါဘူး။ ဒါက ခဏလေးပါ၊ ငါတို့လည်း မကြာခင် လိုက်ရင်လိုက်လာရမှာ၊
ထောင်တွေ နှစ်ဘယ်လောက်ပဲချချ ဒါက ခဏလေးပဲ။ နှစ်အပြည့် ဘယ်သူမှမနေရဘူး။ ငါတို့ခေါင်းဆောင် အမေစုတောင် ပုဒ်မတွေအများကြီး တပ်ခံရတာ။ သူတောင် အေးအေးဆေးဆေးပဲ။ အားတင်းထား
စသဖြင့် အားပေးစကားဆိုတတ်ကြသည်။
ကုန်လွန်ခဲ့သော မေလအတွင်းကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အမျိုးသားကြီးတစ်ဦးနှင့် သမီးဖြစ်သူတို့ ထောင်ထဲရောက်လာပြီး ပုဒ်မ ၅၀၅ -ကဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်မှ ဖြစ်သောကြောင့် သူတို့လည်း စစ်ခုံရုံးနှင့် ရင်ဆိုင်ရသည်။
ထောင်ထဲရောက်ပြီး တစ်လခန့်အကြာတွင် စစ်ခုံရုံးက သူတို့ကို စီရင်ချက်ဖတ်ပြရာတွင် သူတို့က စောဒကတက်ကြသည်။ ထိုစောဒကကြောင့် ထောင်ဒဏ်က နှစ်ဆ ချက်ချင်းတက်သွားသည်။
‘ကျွန်မတို့က အပြစ်မရှိဘူး၊ ဘာမှမလုပ်ထားဘူး၊ အဲဒါကြောင့် အပြစ်မရှိဘူး။ အဖေရော၊ ကျွန်မရော အပြစ်မရှိဘူးလို့ စစ်ခုံရုံးမှာ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ကို ထောင် ၇ နှစ်စီ ချလိုက်တယ်’ ဟု သူက အခြားအကျဉ်းသားတို့ကို ပြန်ပြောပြသည်။
ပုဒ်မ ၅၀၅ – က အရ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထက်ပိုပြီး မချရပေ။ သို့သော်လည်း အာဏာသိမ်းထားချိန်တွင် ဥပဒေသည် စစ်အရာရှိများ၏ နှုတ်ထွက်စကားပင်။
ညှဉ်းပန်းနှိပ်စက်ခံရမှု၊ စစ်ခုံရုံးတင်ခံရမှု၊ အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ရမှုများသည် ဖမ်းဆီးခံပြည်သူတို့၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကို များစွာထိခိုက်စေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်မိငယ်က ပြောသည်။
“ကျွန်မတို့က နာဇီအကျဉ်းစခန်းတို့ ဘာတို့ကို ရောက်သွားသလိုမျိုး စိတ်ထဲမှာ ခံစားရတယ်။ ထောင်ကို ရောက်သွားတဲ့အချိန်မှာ ကြိုးတွေနဲ့ တုပ်ထားပြီးတော့ နဖားကြိုးတွေထိုးထားပြီးတော့ တိုင်တစ်တိုင်မှာ ကြိုးနဲ့ ချည်ထားသလိုမျိုး နွားတစ်ကောင်လို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် လူလို့မထင်တော့ဘူး” ဟု သူက ဆက်ပြောသည်။
ခေတ်သစ်မြန်မာ့သမိုင်း အာဏာသိမ်းမှုများတွင် ယခုတစ်ကြိမ်သည် အဆိုးရွားဆုံး အကြမ်းကြုတ်ဆုံးအခြေအနေဖြစ်ကြောင်း နိုင်ကျဉ်းဟောင်းများက မှတ်ချက်ပြုကြသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)