
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထုံးဘိုကျေးရွာအနီးရှိ စခန်းတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) အယောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၃) ရက် နံနက် ၆ နာရီကျော်တွင် ဝင်ရောက်စီးနင်းကာ မီးရှို့လိုက်သည်။
သစ်ဆိမ့်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်က ထိုရွာမှ ဆိုင်ကယ် ၂၁ စီးကို လုယူပြီးနောက် တူမီးသေနတ်အချို့ ဟန်ပြကိုင်ဆောင်၍ PDF ပုံစံဖမ်းကာ စီးနင်းခဲ့ခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ကိုကျွဲကြီးက ပြောသည်။
“အရပ်ဝတ်တွေနဲ့ချည်းပဲ။ လုံးဝ ယူနီဖောင်းမပါဘူး။ ကျွန်တော်တို့ဆီကို လက်နက်ကြီးနှစ်လက်နဲ့ အရင်ပစ်တယ်။ နောက်ပြီးတော့ သေနတ်တွေရော၊ မောင်းပြန်တွေရော၊ အော်တိုတွေရောနဲ့ ဝိုင်းပစ်တယ်” ဟု ၎င်းက ပြောသည်။
သတင်းပေးသူရှိ၍ စခန်းရှေ့ မိုင်းထောင်ထားသည့် နေရာမှမဝင်ဘဲ နောက်ဘက်မှ ပတ်ဝင်ကာ ရုတ်တရက်ပစ်ခတ်စဉ် PDF တစ်ဦးနှင့် ဒေသခံတစ်ဦး သေဆုံးခဲ့ရပြီး စခန်းကို စွန့်၍ ဆုတ်ခွာခဲ့ရကြောင်း ကိုကျွဲကြီးက ပြောသည်။
စခန်းရှိ တဲတစ်လုံးကို မီးရှို့ပြီး ဆိုင်ကယ်အချို့ကို ရိုက်ချိုးဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့က သောက်စားပျော်ပါး၍ အောင်ပွဲခံသွားသည်ဟု တစ်ဆင့်ပြန်လည်ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
စခန်းကို ဆုတ်ခွာထွက်ပြေးခဲ့ရသည့် PDF ဦးရေနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုမူ လုံခြုံရေးအရ ထုတ်မပြောသော်လည်း အဖွဲ့ဝင်အားလုံး လုံခြုံသည့်နေရာ ရောက်နေပြီဟု ကိုကျွဲကြီးက ဆိုသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့သည် ဝက်လက်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရေယာဉ်ငယ်အချို့ဖြင့် တပ်ဆုတ်သွားပြီး အနီးအနားရှိ ကျေးရွာအချို့ကို လက်နက်ကြီးဖြင့် အချက် ၃၀ ခန့် ပစ်ခတ်သွားကြောင်း ဝက်လက်မြို့သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၃ တွင် ထုတ်ပြန်ထားသည်။
အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းလည်း မရှိသေးပေ။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့အနီးရှိ ဒေသခံကာကွယ်ရေးအဖွဲ့ ယာယီသင်တန်းစခန်းနေရာကို စစ်တပ်က လူနာတင်ယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းစဉ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဖမ်းဆီးခံရဖူးသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ပြန်လည်ခုခံမှုများ နိုင်ငံအနှံ့ တိုးပွားလာနေပြီး စစ်ကောင်စီကလည်း စစ်အင်အား အလုံးအရင်းသုံးကာ ဖြိုခွင်းနေသည်။
ဒေသအလိုက် PDF အဖွဲ့များက ရန်ကုန်၊ မန္တလေး၊ ပဲခူး ကဲ့သို့သော မြို့ကြီးများတွင်ပင် စစ်တပ်စခန်းချသည့် နေရာအချို့နှင့် ကင်းလှည့်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်များလည်း တိုးလာနေသည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းသည် ပြည်သူတို့ကို နှိပ်ကွပ်သော အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်တန်ပြန်သည့် ဒေသတစ်ခုဖြစ်လာသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)