သတင်း

ပွဲဦးထွက်တိုက်ပွဲ အခြေအနေကောင်းသည်ဟု CDF-ပလက်ဝ သတင်းထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ – ပလက်ဝလမ်းပေါ်တွင် ချီတက်လာသည့် စစ်ကောင်စီတပ်ကို  သုံးရက်ဆက်၍ ချုံခိုတိုက်ခိုက်ရာ စစ်သား ၁၁ ဦး သေဆုံးသွားသည်ဟု ပထမဆုံးအကြိမ် ပွဲထွက်လာသည့် ပလက်ဝမြို့နယ် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF-ပလက်ဝ) က ယနေ့ (နိုဝင်ဘာ ၁၃) တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက်နေ့က မတူပီမြို့မှ ထွက်လာသည့် စစ်သုံးထရပ်ကားနှစ်စီးတွင် အင်အား ၆၀ ခန့် ပါသည်ဟု CDF – ပလက်ဝက ပြောသည်။

စစ်ကောင်စီဘက်မှ မတူပီနှင့် ပလက်ဝမြို့နယ်အစပ် ကန်တောင်ရွာအနီး တစ်နာရီနီးပါးကြာသည့် နိုဝင်ဘာ ၉ ရက် တိုက်ပွဲတွင် ၆ ဦး၊ နောက်တစ်နေ့ ပေါက်စဉ်ကျေးရွာအနီး တိုက်ပွဲတွင် ၅ ဦး သေဆုံးခဲ့သည် ဆိုသည်။

ပဒေသာမိုင်းဟု ခေါ်သော အတန်းလိုက် နေရာခွဲပြီး မိုင်းထောင်တိုက်ခိုက်သည့်စနစ်ကို အသုံးပြုသဖြင့် သေဆုံးမှုများခြင်းဖြစ်ကြောင်း၊ စောင့်ကြိုတိုက်ခိုက်သူဘက်မှ ထိခိုက်မှုမရှိကြောင်း CDF-ပလက်ဝ ပြန်ကြားရေးတာဝန်ခံ ပေါလ်က ပြောသည်။ 

“သူတို့က ကျွန်တော်တို့ရှိမှန်းတောင် သိမဲ့သဘောမပေါ်ဘူး။ ကျွန်တော်တို့က နယ်မြေအနေအထားအရ ပဒေသာမိုင်းကို ဦးစားပေးပြီးတိုက်ခိုက်တဲ့အတွက်ကြောင့်ပါ။ ကျဆုံးတယ်ဆိုတာကလည်း မြေပြင် အနေအထားအရ လုံးဝကို တိကျတဲ့သတင်းအရ တင်တာပါ” ဟု  ပေါလ်က ပြောသည်။

နိုဝင်ဘာ ၁၁တွင် ဝါရူးရွာအနီး တစ်နေကုန်နီးပါး တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးပါ သုံးလာချိန်တွင် CDF ပလက်ဝ ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

မိုင်ပေါင်း ၇၀ ကျော် ခရီးလမ်းကို စစ်ကောင်စီတပ်က ငါးရက်တိုင် သွားလာခဲ့ရပြီး အောက်တိုဘာ ၁၂ တွင်မှ ဆမီးမြို့သို့ ရောက်ကာ ရဲစခန်းတွင် တပ်စွဲထားကြောင်း CDF-ပလက်ဝက ပြောသည်။

မိုင်းကို အားပြုသည့် ထိုတိုက်ပွဲများအတွင်း ယာဉ်များထိခိုက်ပျက်စီးမှု အခြေအနေနှင့် ဒဏ်ရာရ၊ သေဆုံးအရေအတွက်ကိုမူ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ခုခံမှုများ အားကောင်းရာ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ စစ်ကောင်စီက အောက်တိုဘာလဆန်းမှစ၍ အင်အားကောင်းသည့် စစ်ကြောင်းနှစ်ခုခွဲကာ စစ်ဆင်ခဲ့သည်။

မင်းတပ်၊ မတူပီသို့ ရောက်လာသည့် စစ်ကြောင်းထဲမှ အင်အားအချို့ကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ် ပလက်ဝမြို့ဘက်သို့ ထပ်မံပို့လွှတ်ရာတွင် CDF-ပလက်ဝက ထိုသို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတူပီ – ပလက်ဝ လမ်းမပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းတစ်လျှောက်ကျေးရွာများမှ ဒေသခံ ရာနှင့်ချီပြီး နီးစပ်ရာ တောင်ယာတဲများတွင် ရှောင်တိမ်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က အနီးဆုံးကျေးရွာများကို လိုက်လံရန်မူတတ်သည်ဟု CDF (ပလက်ဝ) ပြန်ကြားရေးတာဝန်ခံ ပေါလ်က ပြောသည်။  

“စခန်းတွေကို သွားတိုက်တာမျိုးမဟုတ်ဘဲနဲ့ ကြားဖြတ်ပြီး ချုံခိုပြီး တိုက်ရတဲ့အတွက်ကြောင့် ကျေးရွာတွေရဲ့ လုံခြုံရေး ထည့်တွက်စဉ်းစားပေးရတယ်” ဟု ပေါလ်က ပြောသည်။ 

 “သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ ကျန်းမာရေးကအစ သူတို့ စစ်ရှောင်ပြီဆိုရင် ဘယ်လိုနည်းနဲ့ ပံ့ပိုးကူညီနိုင်မလဲဆိုတာ စိန်ခေါ်မှုတစ်ရပ်လို ကြုံတွေ့နေရတာ” 

ထိုသို့ စစ်ရေးအခြေအနေတင်းမာနေသည့် ချင်းပြည်နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့်အပြင် ပြည်နယ်မြို့တော် ဟားခါးမှအပ ကျန်မြို့နယ်အားလုံးကို စက်တင်ဘာတတိယပတ်မှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသေးသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Related Articles

Back to top button