မန္တလေးမြို့၊ အမရပူရမြို့နယ်၊ လိပ်ဆံခွံကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး၌ ကပ်ထားသည့် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်ပြန်မဝင်ပါက ပစ်သတ်မည်ဟူသော သတိပေးစာ ဆွဲဖြဲခံရသောကြောင့် ယနေ့ (နိုဝင်ဘာ ၁၀) နံနက်တွင် စစ်သားများ ရောက်လာပြီး မင်္ဂလာပွဲတစ်ခုအတွက် ပြင်ဆင်နေသူများ၊ ရွာသားများကို ရိုက်နှက်မေးမြန်းသည်ဟု သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၉) ညနေတွင် စစ်သားများ စစ်ကား ၂ စီးနှင့် ရောက်လာပြီး လက်ရေးဖြင့် ရေးထားသည့် သတိပေးစာတစ်ခု အုပ်ချုပ်ရေးမှူးရုံး၌ ကပ်သွားခဲ့ကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဆရာ ဆရာမ ၅ ဦး၏အမည် ဖော်ပြထားသော ထိုစာတွင် ဆရာဆရာမ စုစုပေါင်း ၁၁ ဦး နှစ်ရက်အတွင်း ကျောင်းပြန်မတက်ပါက သတ်ပစ်မည်ဟု ရေးထားကြောင်း ရွာခံအမျိုးသားတစ်ဦးက ဆိုသည်။
“ဘယ်သူက ဖြဲလိုက်သလဲတော့ မသိဘူး။ စာရွက်ကို ခွာ၊ တစ်စစီဖြဲပြီးတော့ ရုံးရှေ့မှာပဲ ပစ်ထားခဲ့တာ။ အခု မနက်အစောကျတော့ စစ်သားတွေ ကားနှစ်စီးနဲ့ ရောက်လာပြီးတော့ တွေ့သမျှလူတွေကို ခေါ်တယ်၊ မေးတယ်၊ နားရင်းတွေ ရိုက်တယ်။ တုတ်တွေနဲ့ ရိုက်တာတွေ လုပ်နေတယ်”ဟု လုံခြုံရေးအရ အမည်ဖော်ပြနိုင်ခြင်းမရှိသည့် ထိုအမျိုးသားက ဆိုသည်။
“မေးတာတွေကတော့ ဆရာမတွေကို သိလား၊ စာရွက်ဘယ်သူဖြဲသွားတာလဲတို့တွေ ပါတယ်လို့ သိရတယ်။ ဆရာမတွေ ထွက်ပြေးကြရတယ်။ ဆရာမတစ်ယောက်တော့ ဝင်းထရံကို ကျော်ပြေးတာ၊ ပြုတ်ကျပြီး ခြေထောက်ကျိုးသွားတယ်၊ တစ်ယောက်မှတော့ ဖမ်းခံရတာမျိုး အခုထိမရှိသေးဘူး”
မနက် ၇ နာရီခွဲခန့်၌ စစ်ကား ၂ စီးဖြင့် ရောက်ရှိလာကာ အနိုင်ကျင့်စစ်ဆေးကြသည့် စစ်သား ၂၀ ခန့် ရှိကြောင်း၊ မင်္ဂလာဆောင်အခမ်းအနားကျင်းပရန် ပြင်ဆင်နေသည့် အိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ ကူညီဆောင်ရွက်နေသူများ၊ သတို့သမီးနှင့် သတို့သားတို့ကိုလည်း ရိုက်နှက်သွားကြောင်း ရွာခံများထံမှ သိရသည်။
ယနေ့ မွန်းလွဲအချိန်ထိ စစ်သားများ ရွာအတွင်း ဆက်ရှိနေသည်ဟု ရွာခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ စစ်ကောင်စီတပ်သားတို့၏ လုပ်ရပ်ကို မကျေနပ်ကြောင်း ဒေသခံများက Myanmar Now ကို ပြောသည်။
အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ကလည်း ထိုခြိမ်းခြောက်စာနှင့် ပတ်သက်ပြီး စောင့်ကြည့်နေသည်ဟု ပြောသည်။
“ကျွန်တော်တို့ အဲဒီစာကို တွေ့ရတယ်။ တော်တော် ဒေါသထွက်စရာကောင်းတယ်”ဟု မြစ်ငယ် PDF တာဝန်ခံတစ်ဦးက ပြောသည်။
ထိုခြိမ်းခြောက်စာနှင့် ပတ်သက်၍ ပိုမိုသိရှိရန် မေးမြန်းလိုသော်လည်း ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မရသေးပေ။
စစ်သားများက သတို့သမီး၊ သတို့သား၊ ရွာသူရွာသားတို့ကို ရိုက်နှက်သွားသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက်ရရန် ယနေ့ နေ့လယ်ပိုင်းက ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
လိပ်ဆံခွံကျေးရွာမှ CDM ကျောင်းဆရာ၊ ဆရာမများသည် ရွာတွင် စစ်အာဏာသိမ်းမှု လက်မခံသူများပြားသည့်အတွက် လုံခြုံမည်ယူဆ၍ တိမ်းရှောင်ခြင်း မပြုကြကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ မှစ၍ စစ်ကောင်စီက ပြန်ဖွင့်ရန် ကြိုးပမ်းနေပြီး ပညာရေးဝန်ထမ်းအများစုက CDM တွင် ပါဝင်ကာ ကျောင်းတက်ရန် ငြင်းဆန်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)