
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အမှုတစ်ခုတွင် အပြစ်မရှိကြောင်း ထုချေမည့် တစ်ဦးတည်းသော သက်သေအဖြစ် NLD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကို စာရင်းတင်လိုက်သည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်တွင် ထိုအမှုနှင့် ပတ်သက်၍ ယနေ့ (နိုဝင်ဘာ ၉) တွင် ကြားနာစဉ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ အာဏာသိမ်းပြီးနောက် အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသူလည်းဖြစ်သည့် သွေးကင်ဆာဝေဒနာသည် အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ဆင့်ခေါ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။
“စွပ်စွဲခံရသူက အဲဒီလိုတောင်းခွင့်ရှိတယ်။ တရားသူကြီးက နည်းနည်းတော့ ခက်မယ်ပြောတယ်။ ဒါပေမဲ့ ဆင့်ပေးပါမယ်လို့ တရားသူကြီးက ပြောတယ်”ဟု တရားခွင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပြောရေးဆိုခွင့်ပိတ်ထား၍ အသေးစိတ်ကိုမူ မသိရပေ။
ထိုအမှုမှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ NLD ထောက်ခံသူများထံ သွားရောက်လည်ပတ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်နိုင်တင်းကပ်ရောဂါကာလ ချမှတ်ထားသည့် စည်းကမ်းများ ဖောက်ဖျက်သည်ဟုဆိုကာ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် နေထိုင်သည့် ဦးထွန်းမြင့်အောင်(ခ) ဦးညီညီက စွဲဆိုထားခြင်းဖြစ်သည်။
အမြင့်ဆုံး ထောင် ၃နှစ်အထိ ချနိုင်သည့် ထိုအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသူ ဦးထွန်းမြင့်အောင်မှာ NLD ဇဗ္ဗူသီရိမြို့နယ် အတွင်းရေးမှူးအဖြစ် ၂၀၁၅ မတိုင်မီက တာဝန်ယူဖူးသူဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆိုရန် စစ်ကောင်စီက ကမ်းလှမ်းခြင်းဖြစ်ကြောင်း Myanmar Now ကို အတည်ပြုထားသည်။

ထိုအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေစာရင်းတင်သည့် ဒေါက်တာဇော်မြင့်မောင်မှာ ရွှေကြာပင်ခရီးစဉ်အတွင်း လိုက်ပါခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီစွဲဆိုထားမှုကို မန္တလေး အိုးဘိုထောင်အတွင်းမှ ကျန်းမာရေးအခြေအနေ ချို့တဲ့စွာဖြင့် ရင်ဆိုင်နေရသူဖြစ်သည်။
ယနေ့ရုံးချိန်းတွင် ထိုအမှုကို ဆက်လက်စစ်ဆေးမည့် အစီအစဉ်ကို ချမှတ်နိုင်ခဲ့ပြီး နိုဝင်ဘာ ၁၆ တွင် ကိုယ်တိုင် သက်သေအရာထား၍ ထွက်ဆိုမည့် ဒေါ်အောင်ဆန်းစုကြည်၊ နိုဝင်ဘာ ၂၃ တွင် ဒေါက်တာဇော်မြင့်မောင်တို့က သက်သေထွက်ရမည်ဟု ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ပြောကြောင်း တရားရုံးနှင့် နီးစပ်သူက ဆိုသည်။
ထို့အတူ ဒီဇင်ဘာ ၇ တွင် စွပ်စွဲသူ၊ စွပ်စွဲခံရသူတို့ဘက်မှ အပြီးသတ်လျှောက်လဲချက်တင်ရမည်ဖြစ်ပြီး နောက်တစ်ပတ် (ဒီဇင်ဘာ ၁၄)တွင် အမိန့်ချမည်ဟု တရားသူကြီးက ပြောကြောင်း သိရသည်။
နေပြည်တော်ရှိ နေအိမ်အနီး NLD မဲဆွယ်ယာဉ်တန်းကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကြိုဆိုမှုဖြင့် အလားတူပုဒ်မဖြင့်ပင် စစ်ကောင်စီက စွဲဆိုထားသည့် အမှုကို ယမန်နေ့ (နိုဝင်ဘာ ၈) ရုံးချိန်း၌ ကြားနာရာတွင် NLD နာယက ဦးဝင်းထိန်က “ဥပဒေနှင့်အညီသာ လုပ်ဆောင်ခဲ့ကြောင်း” ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
အသက် ၈၀ အရွယ် ကျန်းမာရေးမကောင်းသူ ဦးဝင်းထိန်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်တွင်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ -က ဖြင့် ထောင် နှစ် ၂၀ ချမှတ်ခဲ့ပြီး နေပြည်တော်ရှိ အချုပ်ထောင်တွင် ထားရှိသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်ကတည်းက ဖမ်းခံထားရသည့် ဒေါ်ါ်အောင်ဆန်းစုကြည်မှာ ၉ လကျော်အတွင်း ပုဒ်မပေါင်း ၁၁ ဖြင့် ရင်ဆိုင်နေရပြီး နေပြည်တော်ကောင်စီဝင်းအတွင်းရှိ သီးသန့်တရားရုံးတွင် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ နေ့တိုင်းတွင် ရုံးထုတ်စစ်ဆေးခံနေရသည်။
ယနေ့တရားခွင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာစွာတွေ့ရသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)