
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ နေအိမ်တစ်အိမ်ကို မွှေနှောက်ဖျက်ဆီးပြီး ကန်ဒေါင့်ကျေးရွာ အထိုင်စခန်းသို့ ပြန်လာသည့် စစ်သားအင်အား ၃၀ ကျော်ခန့်ကို ယနေ့ (နိုဝင်ဘာ၅) တွင် ကြားဖြတ်တိုက်ခိုက်ကြသည်ဟု ဒေသခံကာကွယ်ရေး ၂ ဖွဲ့က ပြောသည်။
ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုလဲ PDF) က သပြေကုန်းရွာအနီး၊ ပုလဲအခြေစိုက် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) အဖွဲ့တို့က ဦးနှောက်ရွာအနီး သီးခြားစီ ချုံခိုတိုက်ကြသည်ဟု ဆိုသည်။
မနက် ၇ နာရီခန့်တွင် ပစ္စည်းများတင်ဆောင်ကာ မင်းတိုင်ပင်ရွာအတွင်းမှ ပြန်ထွက်လာသည့် စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး မနက် ၁၀ နာရီခန့်တွင် ခြေလျင်ပြန်လာသည့် စစ်သားများကို သပြေကုန်းရွာအနီး မိုင်းအကြီးနှစ်လုံး၊ တစ်ဖက်ပွင့်စိန်ပြောင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပုလဲ PDF အဖွဲ့ခေါင်းဆောင် ကိုနဂါးက ဆိုသည်။
သပြေကုန်းရွာအနီး စစ်သားများ အထိနာပြီး သေဆုံးနိုင်ခြေရှိကြောင်း၊ စစ်သားများကို လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားသည်ကို မြေပြင်သတင်းများအရ သိရကြောင်း ၎င်းက ပြောသည်။
“ပုလဲ PDF တပ်ခွဲတစ်ခုက မိုင်းဆင်ပြီး စောင့်နေတာ။ ဒီကောင် (စစ်သား) တွေက အရင်မြင်တော့ အရင်လှမ်းပစ်တာပေါ့။ အဲဒီတော့ (PDF က) ရှောင်သွားရတာပေါ့။ သူတို့ ပစ်ရင်းတက်လာတော့ မိုင်းကွင်းထဲ အရောက်မှာ အကာအကွယ်ယူပြီး မိုင်းခွဲချတာ။ မိုင်းအကြီးနှစ်လုံးနဲ့ တစ်ဖက်ပွင့်စိန်ပြောင်းလေးလုံး သူတို့ကို တည့်တည့်ကို ထိသွားတာ”ဟု ပုလဲ PDF အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ပြောပြသည်။
မင်းတိုင်ပင်ရွာနှင့် ကန်ဒေါင့်ရွာသည် ၄ မိုင်ကွာဝေးပြီး ၎င်းရွာအကြားတွင် သပြေကုန်းနှင့် ဦးနှောက်ရွာတို့ ရှိကြသည်။ ကန်ဒေါင့်ရွာရှိ ရဲစခန်းတွင် စစ်သားအင်အား ၈၀ ခန့်က အထိုင်ချတပ်စွဲထားသည်။
ကန်ဒေါင့်ကျေးရွာ အထိုင်စခန်းမှ စစ်သား ၃၀ ခန့် သည် ယမန်နေ့ (နိုဝင်ဘာ) မနက်တွင် မင်းတိုင်ပင်ရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် စခန်းချလိုက်ကာ ထိုရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဦးဇော်ထက်၏ နေအိမ်ကို စီးနင်းခဲ့ကြသည်။
ထို့နောက် စစ်သားများက ဘုန်းကြီးကျောင်းတွင် တစ်ည စခန်းချနေထိုင်ပြီး ယနေ့မနက်တွင် ဦးဇော်ထက်၏ နေအိမ်ကို ထပ်မံသွားရောက်၍ ပစ္စည်းများကို စစ်ကားတစ်စီးဖြင့် တင်ဆောင်သွားသည်ဟု ထိုရွာဒေသခံများက ပြောသည်။
“သေနတ်တွေ ဖောက်ပြီးဝင်လာတာ။ ဦးဇော်ထက်အိမ်ရှေ့မှာ သေနတ်တွေဆက်တိုက်ပစ်တယ်။ CCTV တွေ ဖျက်ပြီး အထဲဝင်ပြီး ဖျက်ဆီးသွားတာ။ လိုချင်သမျှ ယူသွားတာ။ ဒီနေ့မနက်လည်း ထပ်သွားပြီး ဝင်ယူကြတယ်”ဟု ထိုရွာဒေသခံတစ်ဦးက ဆိုသည်။

NLD အမတ် ဦးဇော်ထက်သည် စစ်ကောင်စီ၏ ပုဒ်မများစွာတပ်ခံထားရသူဖြစ်သဖြင့် ယခင်ကတည်းက တိမ်းရှောင်နေရပြီး ယမန်နေ့က စစ်သားများ ရွာအတွင်း ဝင်ရောက်လာစဉ် နေအိမ်၌ ရှိနေသော ၎င်း၏ မိသားစုဝင်များပါ ထွက်ပြေးသွားရကြောင်း သိရသည်။
နေအိမ်မှ ပစ္စည်းများ ယူဆောင်ကြ၊ ဖျက်ဆီးကြသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယနေ့ ညနေပိုင်းက ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
ဦးဇော်ထက်အိမ်မှ ပစ္စည်းများယူဆောင်သွားသည့် စစ်ကားတစ်စီးကို ယနေ့ မနက်အစော၌ ကန်ဒေါင့်ရွာ အပြန်လမ်းတစ်နေရာတွင် ပုလဲ PDF (ဌာနချုပ်) အဖွဲ့က စောင့်ကြို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး မင်းတိုင်ပင်ရွာမှ ခြေလျင်ထွက်လာသည့် စစ်သား ၃၀ ကျော်ခန့်ကို သပြေကုန်းရွာအနီး ပုလဲ PDF က ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။
မွန်းလွဲတစ်နာရီခန့်တွင် အဆိုပါစစ်သားများ ဦးနှောက်ရွာအရောက် PRA အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားအသေအပျောက်ကို မသိရသေးကြောင်း PRA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက ပြောသည်။
“ဦးနှောက်ရွာထဲ ဝင်တဲ့အချိန် ပတ်ဝိုင်းတာပေါ့။ သူပစ်ကိုယ်ပစ်ပေါ့ဗျာ။ သူတို့ကတော့ လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့ဘက်က အသေအပျောက်ကတော့ မသိဘူးဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ ကျွန်တော်တို့က သာရင် ချတယ်။ မသာရင် နောက်ဆုတ်တာပဲ” ဟု ၎င်းက ဆိုသည်။
တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားများသည် ကန်ဒေါင့်ရွာ အခြေစိုက်စခန်းကို ဆက်ထွက်ခွာသွားကြောင်း သူက ဆက်ပြောသည်။
ဒေသခံအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှု အားကောင်းသည့် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်များသည် ပုလဲမြို့ပေါ်နှင့် ကန်ဒေါင့်ကျေးရွာ၌ အခြေစိုက်တပ်စွဲထားသည်။
ပုလဲ-ဂန့်ဂေါကားလမ်းမတစ်လျှောက် နယ်မြေစိုးမိုးမှု ယူထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများသည် အခြေစိုက်စခန်းမှ ဝေးဝေးလံလံ စစ်ကြောင်းမလှည့်တော့ကြောင်း ဗိုလ်နဂါးက ပြောသည်။
“အဲဒီလို အဝေးကြီးမသွားရဲဘူး။ သူတို့အထိုင်ချထားတဲ့စခန်းနားက ရွာလေးတွေကို ပတ်တယ်။ ဟိုနေ့ကရော ဒီနေ့ရော အဲဒီလို ကျွန်တော်တို့က အထွက်မခံတော့ဘူး” ဟု ၎င်းက ဆိုသည်။
“အဲဒီလိုမဟုတ်ရင် စခန်းနားက ရွာလေးတွေကို အနိုင်ကျင့်နေတာ။ ဖမ်းလိုက်ဆီးလိုက်လုပ်နေတာ။ ကျွန်တော်တို့က တိုက်ခိုက်မှ ရတော့မှာ”
စစ်ကိုင်းတိုင်းတွင် စစ်တပ်က အကြီးအကျယ်ထိုးစစ်ဆင်နေခြင်း၊ စစ်ဒဏ်ကို အရပ်သားများ ပြင်းပြင်းထန်ထန်ခံစားနေရခြင်းတို့ကို စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
လက်နက်ကိုင်ခုခံသူတို့ကို စစ်ကောင်စီက အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)