သတင်း

သေနတ်သမားကြည်လင်း၏ စာအုပ်တွင် အောင်ဝင်းထွန်းဖုန်းနံပါတ် ရှိနေ

(ရန်ကုန်) – ရှေ့နေကြီး ဦးကိုနီကို ပစ်ခတ်လုပ်ကြံခဲ့သူ သေနတ်သမားကြည်လင်း၏ နေအိမ်မှ သိမ်းဆည်းရမိသော မှတ်စုစာအုပ်ထဲတွင် အောင်ဝင်းထွန်း၏ ဖုန်းနံပါတ် ရေးမှတ်ထားခြင်းနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၃ တရားခွင်တွင် စစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် စိုင်းလျားကျေးရွာရှိ ကြည်လင်း၏ နေအိမ်တွင် တွေ့ရသော မှတ်စု စာအုပ်တွင် အောင်ဝင်းထွန်းတို့ ဇနီးမောင်နှံ၏ ဖုန်းနံပါတ်များ ရှိနေရခြင်းအကြောင်းကို မြောက်ပိုင်း ခရိုင်တရားရုံး ဥပဒေအရာရှိက မေးမြန်းခဲ့ခြင်းဖြစ်သည်။

အောင်ဝင်းထွန်းက ထိုနံပါတ်မှာ ယခင်က အသုံးပြုခဲ့ဖူးသည့် နံပါတ်အဟောင်းဖြစ်ကြောင်း၊ ကြည်လင်းထံ မည်သို့ ရောက်ရှိနေသည်ကို မသိရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
အောင်ဝင်းထွန်းမှာ ရှေ့နေကြီး ဦးကိုနီလုပ်ကြံရာတွင် အနီးကပ်စီစဉ် ညွှန်ကြားသည်ဟု စွပ်စွဲခံထားရသည့် အောင်ဝင်းဇော်ကို ကားမောင်းပို့ဆောင်ခဲ့ခြင်းကြောင့် တရားခံအား လွတ်မြောက်အောင် ကြံစည်မှုဖြင့် တရားစွဲခံထားရသူဖြစ်သည်။

အသက် ၅၀ကျော်အရွယ်ရှိသည့် အောင်ဝင်းထွန်းက ၎င်းသည် ဧရာဝတီတိုင်းဒေသကြီးတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ဘန်ဂလိုဆောက်လုပ်နေပြီး ဦးကိုနီလုပ်ကြံခံရသည့် နေ့က ရန်ကုန်တွင်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်။

ဦးကိုနီ လုပ်ကြံခံရပြီး နောက်တစ်ရက်အကြာဘားအံမြို့အဝင်တံတားတွင် ၎င်းတို့ညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရပုံနှင့် ပတ်သက်ပြီးလည်း ကာကွယ် ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်သို့ သွားရောက်ရခြင်းမှာ အလှူအတန်းပြုလုပ်ရန်အတွက် ဘားအံမြို့ရှိ တောင်ကလေး ဆရာတော်ထံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ညီဖြစ်သူ အောင်ဝင်းဇော်ကို မော်တော်ယာဉ် ကူမောင်းပေးရန် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းက တရားခွင်တွင် ထွက်ဆိုထားသည်။

တရားခံအား လွတ်မြောက်အောင် ကြံစည်မှုမှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၅နှစ်ထိ ချမှတ်နိုင်သော ပြစ်မှု ဖြစ်သည်။

သူသည် အင်းစိန်အကျဉ်းထောင် အတွင်းမှ ကြည်လင်း၊အောင်ဝင်းဇော်၊ဇေယျာဖြိုးတို့နှင့်အတူ တစ်နှစ်ကျော် တရား ရင်ဆိုင်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးက အာမခံပေးလိုက်သည်။

အောင်ဝင်းထွန်း၏ ရှေ့နေ ဦးအောင်ခိုင်က ထိုဖုန်းနံပါတ်များမှာ ကြည်လင်းကို အောင်ဝင်းဇော်က ပေးထားခြင်းဖြစ်ပြီး ၎င်း၏ အမှုသည်နှင့် ဆက်စပ်ခြင်းမရှိကြောင်း တရားခွင်မှ အထွက်တွင် ပြောသည်။

ဆက်စပ် ဖတ်ရှုရန်
==========
ကြည်လင်း – ဦးကိုနီလုပ်ကြံခံရမှုတွင် တရားရင်ဆိုင်နေရသူ
https://myanmar-now.org/mm/news/609

အောင်ဝင်းဇော် — ဦးကိုနီလုပ်ကြံခံရမှုတွင် တရားရင်ဆိုင်နေရသူ
https://myanmar-now.org/mm/news/610

အောင်ဝင်းခိုင် — လေဆိပ်လုပ်ကြံမှုတွင် ရဲက အလိုရှိနေသူ
https://myanmar-now.org/mm/news/611

အောင်ဝင်းထွန်း — လေဆိပ်လုပ်ကြံမှု ဆက်စပ် သံသယတရားခံ
https://myanmar-now.org/mm/news/613

ဇေယျာဖြိုး — လေဆိပ်လုပ်ကြံမှု ဆက်စပ် သံသယတရားခံ
https://myanmar-now.org/mm/news/612

Show More

Related Articles

Back to top button