စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ယနေ့ (နိုဝင်ဘာ ၅) နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားစဉ် စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
တန့်ဆည်မြို့ အ.ထ.က (၂) ကျောင်းအနီးတွင် ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားစဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့သူမှာ မမေဇင်ကျော်ဆိုသူဖြစ်ကာ စာသင်ကျောင်းနောက်ဘက်တွင် နေထိုင်သူဖြစ်သည်ဟု သိရသည်။
မိုင်းပေါက်ကွဲမှုမှာ ကျောင်းတက်သူမရှိဘဲ တာဝန်ချိန်၌ ဆရာမတစ်ဦးသာရှိသည့် ကျောင်းသို့ လုံခြုံရေးယူရန် စစ်တပ်ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ထိုနေရာအနီးတွင် နေထိုင်သူ မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“ကားအဖြူလေးနဲ့လာပြီးတော့ စစ်ခွေးတွေကို ကျောင်းရှေ့ကို လာပို့သွားတာ၊ လာပို့ပြီးပြီးချင်းကို မိုင်းက တောက်လျှောက်ကွဲသွားတော့ အဲဒီကားအဖြူက ပြန်လှည့်လာပြီးတော့ စာသင်ကျောင်းထဲကို ဝင်သွားပြီးတော့ သေနတ်တွေ ရမ်းပစ်ကြတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပြီးချိန် ခဏအတွင်း ပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ၂၅ ချက်နီးပါး ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ တစ်ဦးသေသွားပြီဟု သိရချိန်မှသာ အပစ်ရပ်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။
“တော်တော်အချိန်ကြာအောင်ပစ်ပြီးတော့မှ လူတစ်ယောက် သေပြီ၊ သေပြီဆိုပြီးတော့ လူနာတင်ကားကို ခေါ်တယ်။ လူနာတင်ကားက မလာနိုင်ဘူးကြာနေတော့ စစ်ခွေးတွေက သွားခေါ်ပြီးတော့ အဲဒီအလောင်းကို ကားအဖြူနဲ့ ဆေးရုံကို ပို့ပေးလိုက်တယ်လို့ ကြားပါတယ်” ဟု ၎င်းက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စာသင်ကျောင်းမှာ တန့်ဆည်မြို့၏ အချက်အချာနေရာတွင် ရှိပြီး စာသင်သူမရှိဘဲ ဖွင့်ထားသည့် ထိုကျောင်းတွင် စစ်ကောင်စီက တပ်စွဲလေ့ရှိ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း Taze Tiger အမည်ရ တန့်ဆည်မြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့မှ ကိုကျားလေးဆိုသူက ပြောသည်။
“ပြင်းအားအများကြီးရှိတဲ့ မိုင်းနှစ်လုံးဗျ။ မိုင်းနှစ်လုံးလုံးပေါက်ပါတယ်။ (စစ်ကောင်စီဘက်က ) အထိအခိုက်တော့ များနိုင်တယ်လို့တော့ ခန့်မှန်းခြေသိရတယ်။ သူတို့ကလည်း ပတ်ပစ်နေတာဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး” ဟု ၎င်းက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေနှင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အမျိုးသမီး၏ ဖြစ်စဉ်တို့ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုဖြစ်စဉ်များအပြီးတွင် စာသင်ကျောင်း၌ စစ်ကောင်စီက တပ်စွဲထားသလို လုံခြုံရေး အထူးတင်းကျပ်ထားသည်ဟု အထက်ပါဒေသခံထံမှ သိရသည်။
“ပြည်သူတွေကို ပြောချင်တာကတော့ ကျောင်းမတက်ဖို့ပါပဲ။ ကျွန်တော်တို့က သူတို့ ရှိနေတဲ့ နေရာတွေကို ဖောက်ခွဲဖို့က အမြဲတမ်း အဆင်သင့်လုပ်ထားတယ်။ စစ်ကောင်စီတပ်တွေရှိတဲ့နေရာတွေ ဘယ်နေရာမဆို မသွားလာဖို့ ပြောချင်ပါတယ်” ဟု Taze Tiger အဖွဲ့မှ ကိုကျားလေးက ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် အာဏာသိမ်းမှု၏ နောက်ဆက်တွဲဂယက် မတည်ငြိမ်မှုများကြားမှ နိုဝင်ဘာ ၁ မှစ၍ စစ်ကောင်စီက အတင်းအဓမ္မကျောင်းပြန်ဖွင့်ချိန်တွင် တန့်ဆည်အပါအဝင် နိုင်ငံအနှံ့ရှိ ကျောင်းများ၌ ကျောင်းတက်သူနှင့် ဆရာ၊ ဆရာမ ဦးရေ နည်းပါးစွာရှိနေသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြမှုများကိုပင် အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ပြန်လည်ခုခံနေသည့် လှုပ်ရှားမှုများအတွင်း လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းမှာ ထိပ်ဆုံးမှ ပါဝင်နေပြီး စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ ရက်ရက်စက်စက် နှိမ်နင်းနေသည်။
ဒေသခံအချို့၏ အဆိုအရ တန့်ဆည်မြို့နယ်အတွင်း၌ပင်ရှိသည့် ကပေါင်းကျကျေးရွာရှိ စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့ကို စစ်ကောင်စီက အသုံးပြု၍ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက စစ်သုံးရဟတ်ယာဉ်ဖြင့် ခဲယမ်း၊မီးကျောက်နှင့် လက်နက်ကြီးများ ပို့ဆောင်ထားသည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက် ၉ ကြိမ်မြောက် ဝင်စီးခံရသည့် အောက်တိုဘာ ၂၃ ဖြစ်စဉ်အပြီး၌ နေအိမ်များ မီးရှို့ခံရ၊ အသက်အန္တရာယ်စိုးရိမ်ရ၍ ဒေသခံအများအပြား တိမ်းရှောင်နေရသည့် တန့်ဆည်မြို့နယ် ကပေါင်းကျရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး နယ်မြေစိုးမိုးမှုရရန် အပြင်းအထန်ကြိုးပမ်းနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)