
အချက်အချာကျသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးတစ်ရပ်ပုံစံဖြင့် အင်အားသုံးဖိနှိပ်နေသည်ဟု PDF ခေါ် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ညပိုင်းတွင် ဖယ်ခုံမြို့ပေါ်ရှိ ခြေမြန်တပ်ရင်း ၃၃၆ ကို ဖယ်ခုံ PDF က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ လက်နက်ကိုင်ရဲမေ (စစ်သားဇနီး) ၃ ဦး အပါအဝင် ၅ ဦး သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့သည်။
ထိုနေ့မှစ၍ ဖယ်ခုံမြို့နယ်တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်တပ်က အရပ်သားပစ်မှတ်များကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဖယ်ခုံမြို့ပေါ်တွင်လည်း စစ်အင်အားဖြည့်တင်းနေသည်ဟု PDF များနှင့် ဒေသခံတချို့က ပြောသည်။
“အကယ်၍ ဖယ်ခုံသာ PDF တွေရဲ့လက်ထဲ ရောက်သွားလို့ရှိရင် တခြား သူတို့သွားမဲ့ စစ်ဆင်ရေးတွေ မိုးဗြဲတို့၊ လွိုင်ကော်တို့လည်း ကျနိုင်တယ်၊ ဖယ်ခုံက ကရင်နီပြည် ဝင်လာတဲ့လမ်းရဲ့ အစလဲ ဖြစ်နေတယ်လေ။ ဖယ်ခုံပါမသွားအောင် ဖယ်ခုံကို အသေဖိနေတယ်။ စစ်အင်အားတွေ တော်တော်များများချထားတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဖယ်ခုံတပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၇ မှစ၍ ဖယ်ခုံမြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်းတို့တွင် လက်နက်ကြီးများပစ်ခတ်ရန် အမြောက်များတပ်ဆင်ထားပြီး ထိုနေရာသို့ လာသည့်လမ်းတွင်လည်း မိုင်းထောင်ထားသည်ဟု ဒေသခံများထံမှ သိရကြောင်း အထက်ပါ ဖယ်ခုံတပ်ရင်းမှ အမျိုးသမီးက ဆိုသည်။
ဖယ်ခုံမြို့၏ အမြင့်ပိုင်း တောင်ကုန်းနေရာတွင် စစ်တပ်၏ ခမရ ၃၃၆ တပ်ရင်းနှင့် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က နေရာယူထားပြီး ဒေသခံပြည်သူများက ဖယ်ခုံအင်းအနီး မြေနိမ့်ပိုင်းတွင် ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်တပ်က ဖယ်ခုံမြို့ကို စစ်ဆင်ရေးတစ်ရပ်လုပ်နေသည်ဟု သတင်းရကြောင်း ဖယ်ခုံ PDF ၏ ပြောရေးဆိုခွင့်ရှိသူကလည်း Myanmar Now ကို ပြောသည်။
“စစ်တပ်အသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့သူတွေ ပြန်ပြောတာက စစ်ဆင်ရေးတစ်ခုလုပ်တဲ့ဟာမျိုးပေါ့။ စစ်တပ်တွေဆိုရင် စစ်ဆင်ရေးလုပ်ရင် စီမံချက်ရေးဆွဲရတယ်လေ။ အဲဒီလို စီမံချက်ရေးဆွဲတဲ့အချိန်မှာ စီမံချက်ထဲမှာတော့ လေယာဉ်ပါလိုအပ်လို့ရှိရင် ခွင့်ပြုတဲ့ဟာမျိုးပါ ပါတယ်လို့ ကျွန်တော်တို့ သတင်းတော့ ရထားတာရှိတယ်ဗျ” ဟု ၎င်းက ဆိုသည်။
ရှမ်း၊ ကယား နယ်စပ်တွင် တည်ရှိသည့် ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်မှ ကယားပြည်နယ်သို့ အဓိကဝင်ပေါက်ဖြစ်သလို ပင်လောင်းမြို့ကို ဖြတ်၍ နေပြည်တော်သို့ အလွယ်တကူသွားနိုင်သည့် စစ်ရေးအရ အချက်အချာကျသော ဒေသလည်းဖြစ်သည်။
“အဓိကကတော့ နေပြည်တော်နဲ့လည်း နီးတယ်။ ကယားဘက်ကို စစ်ဆင်လို့ရှိရင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၇) ပေါ့။ ကယားကို စစ်ဆင်တဲ့အခါတိုင်း အဲဒီနေရာကနေပြီးတော့ ကွပ်ကဲတာရှိတယ်” ဟု အထက်ပါ ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။

စစ်တပ်သည် လွိုင်ကော်မှ ဖယ်ခုံသို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုးလာချိန်တွင် အရပ်သားပစ်မှတ်များကို တိုက်ခိုက်လေ့ရှိသောကြောင့် ဒေသခံပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ စစ်ကြောင်းတွေ ထိုးလာရင်းနဲ့ ကျွန်တော်တို့ ရွာတွေဝင်တယ်၊ မီးရှို့တယ်။ ပြည်သူတွေအိမ်ကို လုပ်တယ်၊ ဖောက်တယ်။ တွေ့တဲ့သူတွေကို သေနတ်နဲ့ နားထင်တွေဘာတွေ ချိန်တယ်။ ခေါင်းကို ဖိနပ်နဲ့ တက်နင်းတယ်။ အဲဒီလိုမျိုးတွေ လိုက်လုပ်တယ်လေ။ အဲဒါနဲ့ ကျွန်တော်တို့အဖွဲ့တွေကလည်း လိုက်တိုက်တော့ တိုက်ပွဲတွေဖြစ်ကြတာများတယ်ဗျ” ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၄ မနက်တွင် ဖယ်ခုံမြို့နယ် ခေါင်းအီနှင့် စက်တော်ကျေးရွာအကြား တောင်ယာခင်းထဲရှိ တဲအိမ် ၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးရာ စပါးကျီများ မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
နိုဝင်ဘာ ၃ တွင်လည်း လာဝှဲကျေးရွာရှိ နေအိမ် ၃ လုံး မီးရှို့ခံရပြီး နေအိမ်တိုင်းနီးပါးကို ဖောက်ထွင်းကာ ပစ္စည်းများ လုယက်ယူဆောင်သွားကြပြီး ရွာမှ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးခဲ့ရသည်။
အောက်တိုဘာ ၂၉ ကလည်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စပါးရိတ်နေသည့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့သည်။
လက်ရှိအချိန်သည် စပါးများ ရိတ်သိမ်းချိန်ဖြစ်သော်လည်း ဖယ်ခုံဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စပါးရိတ်ပြီးတဲ့ အခြေအနေကတော့ မရှိသေးပါဘူး။ အခုက သူတို့ ရိတ်နေရင်းတန်းလန်းနဲ့ အဆင်မပြေတော့ စပါးတွေက အကုန်လုံးမှိုတက်ပြီလေ။ စပါးတွေက အကုန်လုံး ဆုံးရှုံးသွားဖို့များပါတယ်” ဟု ၎င်းက ဆိုသည်။
ကာသဲ၊ လာဝှဲ၊ စက်တော်၊ ခေါင်းအီ၊ လွယ်လုံ စသည့်ကျေးရွာမှ လူဦးရေ ၂,၀၀၀ ခန့်အပြင် ဖယ်ခုံမြို့ပေါ်မှ လူဦးရေ သုံးပုံနှစ်ပုံမှာလည်း စစ်ဘေးရှောင်နေရပြီး ၎င်းတို့ လက်ရှိနေထိုင်သည့် ကျေးရွာများတွင်လည်း တိုက်ပွဲဖြစ်လာလျှင် ထပ်မံထွက်ပြေးရမည့် အခြေအနေတွင်ရှိကြောင်း အထက်ပါ အမျိုးသားက ပြောသည်။
စစ်သားများက ဒေသခံတို့၏ ပစ္စည်းများကို လုယက်ယူဆောင်ကြသည်၊ မီးရှို့ဖျက်ဆီးသည်၊ အရပ်ဘက်ပစ်မှတ်ကို ပစ်ခတ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယမန်နေ့က ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
ဖယ်ခုံမြို့နယ်တွင်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
ဖယ်ခုံမြို့ပေါ်တွင် ခြေမြန်တပ်ရင်း ခမရ-၃၃၆၊ ခမရ- ၄၂၁၊ အင်ဂျင်နီယာတပ်၊ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ တပ်စွဲထားသည်။ တစ်နိုင်ငံလုံးတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၀ ရှိရာတွင် (စကခ-၇) မှာ ဖယ်ခုံမြို့တွင် အခြေစိုက်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)