သတင်း

ဦးကိုနီလုပ်ကြံမှုစီစဉ်သူ အောင်ဝင်းဇော်လွတ်မြောက်ရန် ကူညီခဲ့ကြောင်း စွပ်စွဲချက်ကို အောင်ဝင်းထွန်းငြင်းဆို

ရန်ကုန်- ဦးကိုနီလုပ်ကြံမှုတွင် အနီးကပ်စီစဉ်ညွှန်ကြားခဲ့သည့် ညီဖြစ်သူ အောင်ဝင်းဇော် လွတ်မြောက်ရန် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် အောင်ဝင်းထွန်းက သူ့အပေါ်စွပ်စွဲထားချက်များကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး တရားခွင်တွင် စက်တင်ဘာလ ၆ ရက် ယမန်နေ့က ငြင်းဆိုလိုက်သည်။

အောင်ဝင်းထွန်းသည် လုပ်ကြံမှုတွင် အနီးကပ်စီစဉ်သူအဖြစ် စွပ်စွဲခံထားရသည့် ၎င်း၏ညီ အောင်ဝင်းဇော်အား ဘားအံသို့ကားဖြင့်တင်ခေါ်လာစဉ် ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့အနီး သံလွင်တံတားကို ကားဖြင့်ဖြတ်ကူးစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လုပ်ကြံမှုတွင် အဓိကလက်သည်ဟု ရဲကယူဆပြီးရှာဖွေနေသည့် တပ်မတော်အရာရှိဟောင်း အောင်ဝင်းခိုင်နှင့် ၎င်းတို့နှစ်ဦးသည် ညီအစ်ကိုတော်စပ်သူများဖြစ်သည်။

ရဲကသူ့အား တရားခံအား လွတ်မြောက်အောင် ကြံစည်မှု ပုဒ်မ ၂၁၂ ဖြင့်တရားစွဲဆိုကာ တစ်နှစ်ကျော် အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အာမခံဖြင့် ပြန်လွတ်လာ ခဲ့သည်။ ထိုပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်အထိချနိုင်သည်။

လုပ်ကြံမှုတွင် အနီးကပ်စီစဉ်သူအဖြစ် စွပ်စွဲခံထားရသည့် အောင်ဝင်းဇော်ကို ဘားအံသို့ ကားမောင်း တင်ခေါ်လာခြင်းမှာ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဘာသာရေးပွဲတော်တစ်ခုသို့ တက်ရောက်ရန် တောင်ကလေး ဆရာတော်အရှင်ပညာသာမိ၏ ဖိတ်ကြားချက်ကြောင့်သွားရောက်ခြင်း ဖြစ်ကြောင်း အောင်ဝင်းထွန်း ကထွက်ဆိုသည်။

၂၀၁၇ ဇန်နဝါရီ ၃၁ နံနက် ၃ နာရီခန့်တွင် သံလွင်တံတားကိုဖြတ်ရန် ပြင်ဆင်နေစဉ် ရဲကဖမ်းသွားခဲ့ပြီးနောက် ရဲအရာရှိများက ဘားအံ ရဲစခန်းတွင် စစ်မေးခဲ့ကြောင်း၊ နောက်ထပ်နာရီ အနည်းငယ်အကြာတွင် ၎င်းတို့နှစ်ဦးကို လက်ထိတ်ခတ်၊ ခြေချင်းခတ်၊ မျက်စိကို အဝတ်စည်းပြီး ရန်ကုန် မင်္ဂလာဒုံစခန်းသို့ ခေါ်ဆောင်လာကြောင်းလည်း ထွက်ဆိုခဲ့သည်။

အောင်ဝင်းထွန်း၏ရှေ့နေဦးအောင်ခိုင်က သူ၏အမှုသည် သည်ဖမ်းဆီးမခံရခင် ရက်ပိုင်းအလိုမှ ဧရာဝတီတိုင်း မော်တင်စွန်းမှ ရန်ကုန်သို့ရောက်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် ရန်ကုန် ဒေါပုံရှိ အစ်မဖြစ်သူ နေအိမ်တွင် အောင်ဝင်းဇော်နှင့်တွေ့ဆုံခဲ့ပြီး ဘားအံသို့ထွက်ခွာလာခြင်းဖြစ်ကြောင်း တရားခွင်အထွက်တွင်ပြောသည်။

ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းတွင်လည်း အောင်ဝင်းထွန်းက ဦးကိုနီလုပ်ကြံမှုနှင့်ပတ်သက်ပြီး သူမသိရှိကြောင်း၊ အများပြည်သူသုံးလမ်းကိုသာ အသုံးပြုပြီး သွားခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားခြင်းမှာလည်း လုပ်ရိုးလုပ်စဉ် အတိုင်း မိရိုးဖလာ အလှူဒါန ပြုရန်သာ သွားရောက်ခြင်းဖြစ်ကြောင်း လည်းထွက်ဆိုခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိဟောင်း အောင်ဝင်းထွန်းသည် ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့နှင့်အတူ အင်းစိန်အကျဉ်းထောင်အတွင်း တစ်နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျပ်သိန်း ၅၀၀ အာမခံဖြင့် ပြန်လွတ်လာခဲ့သူဖြစ်သည်။

Show More

Related Articles

Back to top button