
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) များအကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့ (နိုဝင်ဘာ ၃) မနက်၌ ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရသွားသည်။
ကလေးမြို့ဘက်မှ တက်လာသည့် စစ်ကြောင်းတစ်ကြောင်းသည် စည်သာရွာအနီး တပ်စွဲလိုက်ပြီး ယနေ့မနက်တွင် ကပ်လျက်ရွာဖြစ်သော နတ်ချောင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။
“မနက်က သူတို့ နတ်ချောင်းထဲကို ပစ်တယ်။ တစ်ယောက်ဗိုက်ပွင့်ပြီးတော့ ဆုံးသွားတယ်၊ လက်နက်ကြီးကျလို့။ ကျွန်တော်တို့အဖွဲ့က သွားကောက်တော့ ကားကိုပါ လှမ်းပစ်တာ။ ကားနားကို လက်နက်ကြီးကျတာ။ ကျွန်တော်တို့ ကားမောင်းတဲ့သူ နှစ်ယောက်ကို လက်နက်ကြီးစ ထိတယ်။ ဗိုက်ပွင့်သွားတဲ့အစ်ကိုကတော့ ဆုံးသွားတယ်” ဟု ထိုသူက ဆိုသည်။
လက်နက်ကြီးစ ထိမှန်ခဲ့သည့် လူမှုကူညီရေးအသင်းကားမောင်းသူ အပါအဝင် နောက်တစ်ဦးမှာ ဒဏ်ရာမစိုးရိမ်ရကြောင်း၊ ကားတစ်ခြမ်းလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
နေ့လယ်တွင် နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး မွှေနှောက်လုယူကြသည်ဟု နတ်ချောင်းရွာဒေသခံအမျိုးသားတစ်ဦးက မျက်မြင်ဒေသခံများကို ကိုးကား၍ ပြောသည်။
“စျေးရောင်းတဲ့အိမ်တွေဆို ရိုက်ခွဲတယ်။ ပစ္စည်းတွေ ယူတယ်။ ပိုက်ဆံတွေလည်း ယူတယ်။ ဆီဆိုင်ဆိုရင် ဆီယူတယ်။ ကျွန်တော့်အိမ်ဆိုရင် ဆောင်းဘောက်တွေ၊ ဘက်ထရီအိုးတွေ အကုန်ပါသွားတယ် ပြောတယ်” ဟု ထိုအမျိုးသားက ပြောသည်။
“တစ်ခေါက်သွားကြည့်တော့ သူတို့(စစ်သားများ) က ရှိနေသေးတယ်။ ဆိုင်ကယ်တွေလည်း ယူတယ်။ တွေ့ရာ အကုန်ယူတယ်။ ဖုန်းဆိုင်က ဖုန်းတွေ ယူတယ်”
လုယက်၊ ပစ်ခတ်မှုများကြောင့် ကလေးမြို့တောင်ပိုင်းရှိ သာစည်၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟဲလုပ်စသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်သားတို့ လုယက်ခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိကို မေးမြန်းရန် ဆက်သွယ်သော်လည်း တယ်လီဖုန်းဖြေကြားခြင်း မရှိပေ။
ချင်းပြည်နယ်ကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် နယ်မြေထိနေသည့် စစ်ကိုင်းတိုင်းဒေသတချို့ကိုပါ စစ်ကြောင်းများဖြန့်လာသောကြောင့် PDF ခေါ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံမှုနှင့် ရင်ဆိုင်နေရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂ ) နေ့လယ်က ကလေးမြို့ဘက်မှ တောင်ပိုင်းကျေးရွာများသို့ ဦးတည်ထွက်လာသည့် စစ်ကား ၈ စီးပါ ယာဉ်တန်းကို PDF က ကြားဖြတ်တိုက်ခိုက်သလို ရန်ကြီးအောင်ရွာဘက်မှ နတ်ချောင်းရွာဘက်သို့ ဦးတည်ထွက်လာသည့် အခြားစစ်ကြောင်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့သည်။
ယမန်နေ့နေ့လယ်တွင် စည်သာနှင့် နတ်မြောင်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး၊ ယနေ့ မနက်တွင်လည်း စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက် မိုင်းခွဲခဲ့၍ စစ်ကောင်စီဘက်မှ ၄၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PDF (Kalay) က ဆိုသည်။ ယနေ့တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသည်ဟု PDF (Kalay) က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးသည်ဟူသောအချက်ကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဒေသခံတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသည်ကိုသာ အတည်ပြုနိုင်သည်။
ယနေ့နေ့လယ်တွင် ချောင်းခွကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်ကာ နေအိမ် ၃ လုံးကို မီးရှို့ခဲ့ပြီး ညနေတွင် ဟားခါးလေးရွာအနီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခံနေရသည်ဟု PDF (Kalay) ထံမှ သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပေါ်နိုင်သည့်အတွက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ ဘေးကင်းရာသို့ အမြန်ပြောင်းရွှေ့ရေး အသင့်ပြင်ဆင်ထားရန် PDF(Kalay) က အကြံပြုထားသည်။
ချင်းပြည်နယ် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအတွက် အချက်အချာကျသည့် ကလေးမြို့သည် စစ်ကောင်စီကို တူမီးဖြင့် အစောဆုံးတော်လှန်ခဲ့သည့်မြို့ဖြစ်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ အင်အားကောင်းသည့်ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် ဆန္ဒပြနေသည့်မြို့ ဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)