သတင်း

Mytel တာဝါတိုင် လုံခြုံရေးမိုင်းထောင်ရာတွင် အင်ဂျင်နီယာတချို့ ကူညီနေ

Mytel တာဝါတိုင်တချို့၏ ဝန်းကျင်ကို မြေမြှုပ်မိုင်းထောင်ရာတွင် ကုမ္ပဏီ၏ အင်ဂျင်နီယာတချို့က စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု Mytel မှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။ 

တာဝါတိုင်ဖျက်ဆီးခံရမှုအများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ တန်ဖိုးကြီးပြီး ပိုမိုအရေးပါသည့် တိုင်များကို ရွေးချယ်ကာ နင်းမိုင်းထောင် ကာကွယ်နေသည်မှာ ၂ လ ရှိပြီဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ထိုအင်ဂျင်နီယာက ဆိုသည်။ 

“ဖောက်ခွဲမှုတွေ များလာတဲ့အချိန်မှာ စပြီး လုပ်တာ။ မိုင်းထောင်ခိုင်းတာတော့ မဟုတ်ဘူး။ သူတို့ဘက်က မိုင်းထောင်မယ်။ ဒါပေမဲ့ ဘယ်ဆိုက် (လုပ်ငန်း) တွေက အရေးကြီးဆုံးလဲ၊ အဲဒါကို အဓိက Support ခိုင်းတယ် (အကူအညီပေးခိုင်းတယ်)”ဟု CDM အင်ဂျင်နီယာက ပြောသည်။

Mytel ကုမ္ပဏီ၏ မြို့နယ်ရုံးခွဲတာဝန်ခံ အင်ဂျင်နီယာတချို့သည် မိုင်းထောင်သင့်သည့် တာဝါတိုင်ကို ရွေးချယ်ပေးခြင်း၊ လိုက်ပါနေရာပြခြင်းဖြင့် ကူညီနေကြသည်ဟု ဆိုသည်။

ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော် စသည့်မြို့နယ် ၄ ခု၏ Mytel တာဝန်ခံ အသက် ၂၈ နှစ်အရွယ် ကိုနိုင်မင်းထွန်းဆိုသူလည်း အပါအဝင်ဖြစ်သည်ဟု အထက်ပါ CDM အမျိုးသားက ဆိုသည်။

အောက်တိုဘာ ၂၈ ၌ မုံရွာ-ဘုတလင် ကားလမ်းပေါ်တွင် ကိုနိုင်မင်းထွန်းလိုက်ပါလာသည့် စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရသည့်အတွက် ၎င်းမှာ ဘယ်လက်ကျိုးကာ ခြေသလုံး၊ ပေါင်၊ ဝမ်းဗိုက်၊ ဘယ်ပခုံးနှင့် ညာလက်တို့ ဒဏ်ရာရပြီး မုံရွာမြို့ရှိ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) စစ်ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းဖြင့် လိုက်ပါသွားသည့် မြို့နယ် ၄ ခု၏ Mytel တာဝန်ခံ ကိုနိုင်မင်းထွန်း မိုင်းစထိမှန်ပြီးနောက် ဒဏ်ရာများရရှိနေသည်ကို အောက်တိုဘာ ၂၈ ၌ တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied) 

“သူ လုပ်နေတာက ကျွန်တော်တို့ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ကြည့်ရင် ကျင့်ဝတ်နဲ့ မညီဘူး။ ဘာလို့လဲဆိုတော့ မိုင်းထောင်တာ သူကိုယ်တိုင်မဟုတ်ပေမဲ့လို့ ဘယ်ဟာကို မိုင်းထောင်မယ်ဆိုတာ သူက လိုက်ပြတာ”ဟု ထိုအမျိုးသားက ဆက်ပြောသည်။

Mytel ကို စွန့်ခွာ၍ CDM လုပ်သော အင်ဂျင်နီယာဝန်ထမ်းအများအပြားရှိနေပြီး ၎င်းတို့ထဲမှ တချို့၏ မိသားစုဝင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု ၎င်းက ဆိုသည်။

Myanmar Now က ရရှိထားသည့် မှတ်တမ်းတစ်ခုအရဆိုလျှင် တစ်နိုင်ငံလုံး၌ Mytel တာဝါတိုင် ၁၂,၀၀၀ နီးပါးရှိပြီး စစ်ကိုင်းတိုင်းအတွင်း Child Site (တစ်ဆင့်ခံပြန်သွယ်ယူထားသော) တာဝါတိုင် ၁၂၂၄ တိုင်နှင့် Main Site တာဝါတိုင် ၂၀ ရှိသည်။

“သူတို့ အဓိကကာကွယ်နေတာက Main Note တွေ။ တချို့ဆိုက်တွေက တာဝါတိုင်ကြီးသာ လဲသွားတယ်။ သူတို့အတွက် သိပ်ပြီးတော့ ထိခိုက်မှုမရှိဘူး။ သက်ရောက်မှုသိပ်မဖြစ်ဘူး။ ဒါပေမဲ့ တချို့ဆိုက်တွေကျတော့ သူတို့ Link ယူထား (ချိတ်ဆက်ထား) တဲ့ဟာ ၂၀၊ ၃၀ ရှိတယ်။ အဲဒီလိုဆိုက်တွေကို သူတို့ အဓိကကာကွယ်ကြတယ်” ဟု Mytel ကုမ္ပဏီ၌ လုပ်သက် ၂ နှစ်ခွဲရှိ CDM အင်ဂျင်နီယာက ပြောသည်။

Mytel တာဝါတိုင်တစ်တိုင်လျှင် ပျမ်းမျှ တန်ကြေး ကျပ်သိန်း ၂,၀၀၀ ခန့် အနည်းဆုံး အကုန်အကျခံတည်ဆောက်ထားကြောင်း၊ ချိတ်ဆက်ထားသည့် တာဝါတိုင်အနည်းအများကို မူတည်ပြီး တန်ကြေးမြင့်မားကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာ ၇ ည၌ မိုင်းခွဲဖျက်ဆီးခံလိုက်ရသော ပုလဲမြို့နယ်၊ နဂါးမတောင်ရှိ Mytel တာဝါတိုင်သည် Main Note တစ်ခုဖြစ်ပြီး ယင်းတိုင်၏ မြေအောက်မှ ခွဲဖြာထားသည့် ဆက်သွယ်ရေးလိုင်း Child Site ၁၀ ခုရှိကြောင်း Myanmar Now က ရရှိသည့် Mytel ကုမ္ပဏီ၏ မှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းတာဝါတိုင်ကို ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ထိုနေ့က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်း Mytel တိုင် ဖျက်ဆီးခံရမှုအများဆုံးမှာ အရာတော်မြို့နယ်ဖြစ်ပြီး ၁၃ တိုင် ဖောက်ခွဲဖျက်ဆီးခံထားရသည်။

Mytel တာဝါတိုင် ဖျက်ဆီးခံရမှုအများဆုံးနှင့် လက်နက်ကိုင်ပြန်ခုခံနေသည့် PDF များအားကောင်းသည့် စစ်ကိုင်းတိုင်းကို အောက်တိုဘာမှစ၍ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထိုးစစ်ဆင်နေပြီး လေကြောင်းမှပါ တိုက်ခိုက်နေသည်။

ဩဂုတ်လလယ်ပိုင်းမှစ၍ အောက်တိုဘာလလယ်ပိုင်းအထိ ၂ လအတွင်း တစ်နိုင်ငံလုံးရှိ Mytel တိုင် ၁၅၀ ခန့် အနည်းဆုံး ဖျက်ဆီးခံထားရသည်။

ထို့သို့ ဖျက်ဆီးခံရမှုများကြောင့် တာဝါတိုင်စောင့်လုံခြုံရေးတစ်ဦးလျှင် တစ်လ ကျပ် ၁၂၀,၀၀၀ သာ ပေးခဲ့ရာမှ ယခုနောက်ပိုင်း၌  ကျပ် ၃၀၀,၀၀၀ ခန့်အထိပေး၍ ခေါ်ယူနေကြောင်း ဒေသခံ PDF နှင့် ထို CDM အမျိုးသားထံမှ သိရသည်။ 

Mytel တိုင်များသည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်ပိုင်ဆိုင်သော Pinnacle Asia ကုမ္ပဏီ၏ လုပ်ငန်းတစ်ခုဖြစ်သည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ ကုမ္ပဏီခွဲဖြစ်သည့် Star High ကုမ္ပဏီ၏ စီးပွားရေးမိတ်ဖက်ဖြစ်သည့် Pinnacle Asia ကုမ္ပဏီသည် ၂၀၂၁ အတွင်း Mytel တိုင် ၄၀၀ အထိ ထပ်မံတိုးမြှင့် စိုက်ထူသွားရန် မျှော်မှန်းနေပြီး ထိုထပ်တိုးတာဝါတိုင်များကို စစ်တပ်က အသုံးပြုမည်ဖြစ်ကြောင်း Justice For Myanmar ၏ စက်တင်ဘာလကုန်ပိုင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံစစ်တပ်၏ အကျိုးစီးပွားဖြစ်သော Mytel ကုမ္ပဏီကို ၂၀၁၆ တွင် ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button