သတင်း

စစ်အာဏာသိမ်းပြီးနောက် NLD ရုံးများ တိုက်ခိုက်ခံရမှု အကြိမ် ၅၀ ကျော်ရှိ

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတစ်ဝန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ မကြာခဏတိုက်ခိုက်ခံရပြီး စုစုပေါင်း အကြိမ် ၅၀ ကျော်ရှိသည်ကို တွေ့ရသည်။ 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများရှိ NLD ပါတီရုံးများ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မန္တလေးတိုင်း၌ ၁၈ ကြိမ်အထိ တိုက်ခိုက်ခံရကာ အများဆုံးဖြစ်ကြောင်း ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးကျော်ထွေးက Myanmar Now ကို ပြောသည်။ 

ပါတီရုံး၏ ခြံစည်းရိုး၊ တံခါး၊ ဆိုင်းဘုတ်၊ ဗီနိုင်းနှင့် အလံများ ရိုက်ချိုးဖျက်ဆီးပစ်ခြင်းများအပြင် ရုံးခန်းအတွင်း ဝင်ရောက်ကာ ပစ္စည်းများဖျက်ဆီးယူငင်ခြင်း၊ မီးကွင်းပစ်ခြင်း၊ ဗုံးပစ်ထည့်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးခြင်း စသည့်ပုံစံများဖြင့် တိုက်ခိုက်ခံရကြောင်း ၎င်းက ဆိုသည်။

NLD ပါတီဘက်မှ ပြုစုထားသောစာရင်းများအရ ပါတီရုံးတိုက်ခိုက်ခံရမှု ၄၇ ကြိမ်ရှိကာ Myanmar Now က သီးခြားအတည်ပြုနိုင်သည့် အခြားပါတီရုံးတိုက်ခိုက်ခံရမှု ၅ ခုလည်းရှိသည်။

NLD ပါတီ၏ စာရင်းတွင် မပါဝင်သည့် တိုက်ခိုက်ခံရမှု ၅ ခုမှာ မတ်လအတွင်း မန္တလေးရှိ မဟာအောင်မြေမြို့နယ်ရုံး၊ ရန်ကုန်ရှိ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံး၊ ဧပြီအတွင်း မုံရွာရှိ NLD ပါတီရုံး၊ ဇူလိုင်တွင် မတ္တရာမြို့နယ်ပါတီရုံးနှင့် ပြီးခဲ့သည့် အောက်တိုဘာအတွင်း ကော့သောင်းမြို့နယ်ပါတီရုံး တိုက်ခိုက်ခံရမှုတို့ ဖြစ်သည်။

အောက်တိုဘာ ၂၁ ရက် နံနက်အစောပိုင်း ၃ နာရီခန့်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ NLD ပါတီတိုင်းရုံး ဖောက်ခွဲတိုက်ခိုက်ခံရပြီး နှစ်ထပ်တိုက်အဆောက်အအုံတစ်ခုလုံး မြေကြီးပေါ် ပြိုကျပျက်စီးခဲ့သည်။

ထို့ပြင် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ် NLD ပါတီရုံးများသည်လည်း အောက်တိုဘာ ၂၃ ရက် ညပိုင်းက တစ်ပြိုင်နက်တည်း မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရပြီး အောက်တိုဘာ ၂၇ တွင် ချိပ်ပိတ်ထားသည့် မန္တလေးမြို့ရှိ NLD တိုင်းရုံး ဖောက်ခွဲခံရသည်။ 

အောက်တိုဘာ ၂၃ ည၌ ဖောက်ခွဲဖျက်ဆီးခံရသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ရုံး။ (ဓာတ်ပုံ-  CJ) 

အောက်တိုဘာ ၃၀ နံနက် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် NLD ရုံး မီးလောင်ခဲ့သည့် ဖြစ်စဉ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်က သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ရုံးကို မီးရှို့သွားကြောင်း ဒေသခံတစ်ဦးက ကချင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် The 74 Media ကို ပြောထားသည်။

“ဖြစ်စဉ်တွေအများစုကို ကြည့်မယ်ဆိုရင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အချိန်တွေမှာ စစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့တွေသာ သွားလာလှုပ်ရှားနိုင်တဲ့ အချိန်တွေမှာပဲ ဖြစ်ကြတာ တွေ့ရှိရပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့မှာသာ အဓိကတာဝန်ရှိပါတယ်” ဟု ဦးကျော်ထွေးက ပြောသည်။

စစ်ကောင်စီက ကျူးလွန်ကြောင်း မျက်မြင်တွေ့ရှိသူများလည်းရှိသည်ဟု ဦးကျော်ထွေးက ဆိုခဲ့ပြီး ဥပမာအားဖြင့် ဖေဖော်ဝါရီ ၉ ရက်၊ ည ၉ နာရီတွင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ရန်ကုန်ရုံးချုပ်ကို ဖောက်ထွင်းဝင်ရောက်ပြီး စာရွက်စာတမ်းနှင့် CCTV မှတ်တမ်းများ ယူသွားရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း မျက်မြင်သက်သေများက ဆိုသည်ဟု ပြောသည်။

“ပါတီရုံးတွေဆိုတာက ပါတီဝင်တွေရဲ့ စုပေါင်းထည့်ဝင်တာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ချီးမြှင့်ငွေကနေပြီးတော့ ၂၅ ရာခိုင်နှုန်း ပြန်လည်လှူဒါန်းထားတဲ့ငွေတွေရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံတဲ့ပြည်သူတွေရဲ့ စုပေါင်းထည့်ဝင်ထားတဲ့ငွေနဲ့ တည်ဆောက်ထားတဲ့ ရုံးခန်းတွေ ဖြစ်ပါတယ်။ အဲဒီရုံးခန်းတွေကို ဖျက်ဆီးတယ်ဆိုတာက ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးနေတာနဲ့ အတူတူပါပဲ” ဟု ဦးကျော်ထွေးက မှတ်ချက်ပြုသည်။

ပါတီရုံးများကို ပစ်မှတ်ထားပြီး အကြမ်းဖက်ဖျက်ဆီးနေသည့် လုပ်ရပ်များသည် စစ်ကောင်စီ မကြာခဏပြောဆိုနေသည့် အာဏာသိမ်းရခြင်းအကြောင်းရင်းနှင့် မသက်ဆိုင်သကဲ့သို့ နယ်မြေရှင်းလင်းရေး၊ စစ်ရေးကိစ္စနှင့်လည်း ဘောင်မဝင်သည့်အတွက် စစ်ကောင်စီအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရမည်ဟု ၎င်းက ဆိုသည်။ 

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြယုဂ်တွေဖြစ်တဲ့ အနိုင်ရပါတီရဲ့ ရုံးခန်းတွေကို ဖျက်ဆီးနေတာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေးကို စိန်ခေါ်နေတာဖြစ်လို့ သက်ဆိုင်ရာမြို့နယ်အသီးသီးမှာရှိတဲ့ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေ ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ကလည်း စစ်ကောင်စီမှာသာ တာဝန်အပြည့်အဝရှိတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

NLD သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ထားသည့် တရားဝင်နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး နိုင်ငံတော်က ကာကွယ်ပေးရမည့်တာဝန်ရှိကြောင်း၊ NLD ရုံးများ ဗုံးခွဲခံရသည့်ကိစ္စကို စုံစမ်းလျက်ရှိကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်ဟု နိုဝင်ဘာ ၁ ရက်နေ့တွင် BBC သတင်းဌာနက ရေးသားထားသည်။ 

“ဖြစ်စဉ်ကို ပြန်ပြီးတော့ကြည့်ရင် ဒါတွေက သံသယရှိဖို့ တော်တော်ကောင်းပါတယ်။ နိုင်ငံတကာအနေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဒီအစွန်းရောက်တွေအနေနဲ့ သူတို့ကိုယ်တိုင်ပဲ ဗုံးခွဲနေလားဆိုတာ သံသယရှိဖို့ကောင်းပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ရည်ညွှန်းပြောဆိုခဲ့သည်။

NLD ပါတီရုံးများမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ပိတ်ထားပြီး ပါတီဝင်များမှာလည်း အဖမ်းခံရသူများ၊ တိမ်းရှောင်ထွက်ပြေးနေသူများဖြစ်သည်။ တိုက်ခိုက်ခံရသည့် ပါတီရုံးများတွင် စစ်တပ်က ချိပ်ပိတ်ထားသည့် ရုံးများလည်းပါဝင်သည်။

NLD ပါတီကို ဖျက်သိမ်းရန် စီစဉ်သွားမည်ဖြစ်ပြီး ပါတီတာဝန်ရှိသူများကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြီးခဲ့သည့် မေလ ၂၁ ရက်က ပြောထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button