
မန္တလေး အိုးဘိုထောင်တွင် ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ အောက်တိုဘာ ၃၁ ရက် ညပိုင်းက ကျန်းမာရေးအခြေအနေ ရုတ်တရက်ဆိုးရွားလာ၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သူ အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်မှာ သွေးကင်ဆာဝေဒနာ ခံစားနေရသူလည်းဖြစ်ကာ အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကောင်စီက ပုဒ်မ ၃ ခုဖြင့် တရားစွဲထားသည်။
အိုးဘိုထောင်တွင်းတရားရုံး၌ တစ်ပတ်နှစ်ကြိမ် ရုံးထုတ်စစ်ဆေးခံနေရသည့် ဒေါက်တာဇော်မြင့်မောင်သည် နိုဝင်ဘာ ၁ ရက် ရုံးချိန်း၌ ရှေ့နေအဖွဲ့နှင့် တွေ့စဉ် အအေးမိ၊ အဖျားတက်သဖြင့် ဆေးကုသခွင့်ရရန် အရေးပေါ်တောင်းဆိုခဲ့သည်ဟု သိရသည်။
“(အောက်တိုဘာ ၃၁ ရက်) ည ၁၁ နာရီလောက်ကြီး အဖျားတက်ပြီးတော့ အောက်ဆီဂျင်ကျသွားတယ်၊ အသက်ရှူတော်တော်ကျပ်သွားတယ်လို့ သိရပါတယ်။ အဲဒီအချိန်ကြီးကို အရေးပေါ်သံချောင်းခေါက်ပြီးတော့ သူနဲ့ (အချုပ်ဆောင်တိုက်ခန်း) တစ်တန်းတည်းက ရဲဘော်တွေ သိအောင် လုပ်ရတယ်လို့ ပြောတယ်။ ဖျားတာ၊ အအေးပတ်ပြီးတော့ ဖျားတာ”ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။
မူလကပင် ကျန်းမာရေးမကောင်းသူ ဒေါက်တာဇော်မြင့်မောင်မှာ ထိုနေ့က တရားခွင်သို့ တုန်တုန်ရီရီဖြင့် ရောက်လာကြောင်း၊ အသင့်ယူဆောင်သွားသည့် အားဆေး၊ အစားအစာများကို တိုက်ကျွေး၊ ကျွေးမွေး၊ ပြုစုခွင့်ရခဲ့ပြီးနောက် ထူထူထောင်ထောင်ဖြစ်လာသည်ကို တွေ့ရသဖြင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ထိုသူက ဆက်ပြောသည်။
ဒေါက်တာဇော်မြင့်မောင်မှာ ဩဂုတ်လအတွင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပင် ပို့ဆောင်ကုသခံခဲ့ရသူဖြစ်သည်။ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ် ၂၀၁၉ ခုနှစ်အတွင်းက သွေးကင်ဆာကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသရဖူးသည်။
ဒေါက်တာဇော်မြင့်မောင်အတွက် ပုံမှန်အသုံးပြုရမည့် ဆေးဝါးများ အကျဉ်းထောင်သို့ ပို့ဆောင်ရာတွင် အခက်အခဲအနည်းငယ်ရှိနေသည်ဟု မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။
“ကင်ဆာဆေးကတော့ တစ်လကိုတစ်ကြိမ် သွင်းရတာတစ်မျိုး၊ တစ်ပတ်ကိုတစ်ကြိမ် သွင်းရတာတစ်မျိုး၊ နှစ်မျိုးရှိတာမှာ တစ်လတစ်ကြိမ်သွင်းရတဲ့ ဆေးကတော့ သွင်းခွင့်ရနေတယ်။ တစ်ပတ်တစ်ကြိမ်သွင်းရတဲ့ ဆေးကတော့ နှစ်ပတ်တစ်ကြိမ်ပဲ ရတယ်လို့ သိထားပါတယ်”ဟု ၎င်းက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ အိုးဘိုထောင်အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားရင်ဆိုင်နေရသူ ဒေါက်တာဇော်မြင့်မောင်ကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၅ ခု ဖွင့်ထားသည်ဟုလည်း သိရသည်။
သို့သော် ထိုအဂတိအမှုငါးခုမှာ တရားရုံးသို့ ရောက်မလာသေး၍ အသေးစိတ်မပြောနိုင်သေးကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် ယခင်စစ်အစိုးရလက်ထက်တွင် ၁၉ နှစ်ကြာ အကျဉ်းချခံခဲ့ရသည်။
၂၀၀၉ တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် သုံးနှစ်အကြာတွင် ပြုလုပ်သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် မန္တလေးတိုင်းလွှတ်တော် အမရပူရ (၁) မဲဆန္ဒနယ် အမတ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ရွေးကောက်ခံခဲ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)