
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားသည့်အမှုများအနက် ဆက်သွယ်ရေးဥပဒေနှင့် ပို့ကုန်သွင်းကုန်ဥပဒေများပါ ပုဒ်မနှစ်ခုဖြင့် စွပ်စွဲခံထားရသည့် အမှု၏ ယနေ့ (နိုဝင်ဘာ ၁) ရုံးချိန်းတွင် စစ်ကောင်စီ၏ သက်သေများက ကွဲလွဲစွာ ထွက်ဆိုခဲ့သည်ဟု သိရသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် နေထိုင်သည့် နေပြည်တော်နေအိမ်အတွင်း ဆက်သွယ်ရေးစက်များ တွေ့သည်ဆိုကာ ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံးတွင် ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင် လာရောက်ကြားနာသည့် ယနေ့တရားခွင်အတွင်း ပစ္စည်းသိမ်းယူစဉ် ပါဝင်သည့် ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ တပ်ကြပ် ၁ ဦး၊ ရဲမှူး ၁ ဦးတို့ကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းထုတ်စဉ် သက်သေထွက်ချက်များ ကွဲလွဲခဲ့သည်ဟု သိရသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ ဆက်သွယ်ရေးစက်များ သိမ်းဆည်းသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးက ထွက်ဆိုပြီး တစ်ဦးကမူ ထိုစဉ်ကတည်းက ရေးသားမှတ်တမ်းတင်ကာ တရားရုံးသို့ တင်ထားပြီးဖြစ်သည့် ရှာဖွေပုံစံတွင် ဖော်ပြထားသည့်အတိုင်း လုံခြုံရေးအဖွဲ့ထံမှ သိမ်းသည်ဟု ပြောသည်။
မည်သည့်ရာထူးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်က ထိုသို့ အမှန်အတိုင်းထွက်ဆိုခြင်းဖြစ်သည်ကိုမူ ယနေ့တရားခွင်တွင် ရှိနေသူများထံမှ သိရှိရသည်များကို ပြန်လည်ပြောပြသည့် ပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“အဲဒီလို ကွဲလွဲစွာထွက်ဆိုတာ ကောင်းတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လုံခြုံရေးတပ်ဖွဲ့ဆီက ဆက်သွယ်ရေးစက်တွေ့တာ ပြစ်မှုတဲ့လားဗျာ။ တရားသူကြီးက မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ပဲ လိုပါတယ်” ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက မှတ်ချက်ပြုသည်။
ဆက်သွယ်ရေးစက်တွေ့မှုဖြင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ချနိုင်သည့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ထောင် ၁ နှစ်ချနိုင်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့် ဖေဖော်ဝါရီလကတည်းက တရားစွဲထားခြင်းဖြစ်သည်။
ထို့အတူ ယနေ့တရားခွင်တွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ယာဉ်တန်းတစ်ခုကို ကြိုဆိုမှုဖြင့် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ် ချနိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ အမှုနှင့် ပတ်သက်၍ တစ်ပါးသူသက်သေထွက်လျှင် စစ်ကောင်စီက အပြစ်ရှာမည်ကို စိုးရိမ်သည့် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထုချေခဲ့သည်ဟု သိရသည်။
“ကားတန်းလာတဲ့အခါကျတော့ ထွက်ပြီးတော့ လက်ပြတယ်။ ဥပဒေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်တယ်။ တိုတိုတုတ်တုတ်ပဲ ချေပပါတယ်”။ “ကျန်းမာရေးကောင်းပါတယ်” ဟု တရားခွင်ကိစ္စများကို တစ်ဆင့်ပြန်ပြောပြသူထံမှ သိရသည်။
အာဏာသိမ်းသည့် နေ့ကတည်းက ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှုများအပါအဝင် စုစုပေါင်း ၁၁ မှုဖြင့် စွပ်စွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်ဖွင့်ထားသည့် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ တရားရုံးတွင် အမှုများနှင့် သက်ဆိုင်သည့် တရားသူကြီးများက အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်းတွင် လာရောက်ကြားနာသည်။
အသက်အရွယ်နှင့် ကျန်းမာရေးအရ ရုံးချိန်းများကို နှစ်ပတ်တစ်ကြိမ် စစ်ရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှု ပယ်ချခံခဲ့ရသလို ၎င်းဘက်မှ လိုက်ပါဆောင်ရွက်သည့် ငါးဦးပါ ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)