သတင်း

ရခိုင်အကြံပေးအဖွဲ့ဝင်ဟောင်း အမေရိကန်ဝါရင့်သံတမန် မြန်မာနိုင်ငံ လာရန်ရှိ 

၂၀၁၇ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဝါရင့်အမေရိကန်သံတမန်ဟောင်းနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson ဟာ သူ့ကိုယ်ပိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ဖြင့် မြန်မာနိုင်ငံလာရောက်ရန်ရှိသည်ဟု ဆိုသည်။ 

“မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေအရ ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးတွေ၊ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေနဲ့ အခြား ပြည်သူ့ကျန်းမာရေးလိုအပ်ချက်တွေ ပံ့ပိုးပေးနိုင်ဖို့ သွားရောက်လည်ပတ်ဖို့ရှိပါတယ်” ဟု အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင် မစ္စတာ Richardson က ပြောကြားထားသည်။

အမေရိကန် ဝါရင့်သံတမန်ဟောင်း၏ Richardson စင်တာသည် မြန်မာပြည်သူလူထုကို ထောက်ခံရာတွင် ရှည်လျားသည့်သမိုင်းကြောင်းရှိသည်ဟု ဆိုသော်လည်း ၎င်း၏ ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုအကြောင်း ဖော်ပြထားခြင်း မရှိသည့်ပြင် ခရီးစဉ်အတွင်း မည်သူနှင့် တွေ့ဆုံရန်ရှိသည်ဟုလည်း မသိရပေ။ 

မစ္စတာ Richardson ၏ ခရီးစဉ်အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း သိရှိကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ် Madeleine Mahony က ပြောဆိုသည်ဟု AP သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။ 

သို့သော် Richardson ၏ ခရီးစဉ်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်မပေးကြောင်းနှင့် Richardson အနေဖြင့် မေလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမား Danny Fenster လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ရှိမရှိ မသိရဟုလည်း AP သတင်းက ဆိုသည်။

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ Danny Fenster မှာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည်။ အင်းစိန်ထောင်၌ ထိန်းသိမ်းထားသည်မှာ လေးလကျော်ရှိပြီဖြစ်သော Denny Fenster ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇ (၁) ဖြင့်ပါ အမှုဖွင့်ထားသည်။

အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson သည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်ဖြစ်သည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ်ဆာသီယန် ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ အကြံပေးအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ 

အဆိုပါ အကြံပေးအဖွဲ့၏ ၂၀၁၈ ခုနှစ်ဆန်းပိုင်းက နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် Reuters သတင်းထောက်နှစ်ဦးကို Richardson က ထည့်သွင်းပြောကြားခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကတောက်ကဆတ်ဖြစ်ခဲ့သည်။

ထို့နောက် အကြံပေးအဖွဲ့မှ နုတ်ထွက်ကြောင်း Richardson က ထုတ်ဖော်ပြောကြားခဲ့ပြီး အကြံပေးအဖွဲ့သည် ရခိုင်ပြည်နယ်အရေးကိစ္စတွင် ဖုံးဖုံးဖိဖိလုပ်ဖို့ ကြိုးစားနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအပေါ်လည်း ၎င်းက ပြစ်တင်ဝေဖန်ခဲ့သည်။ 

အမေရိကန် ဝါရင့်သံတမန်ဟောင်းအနေဖြင့် စစ်တပ်က အာဏာသိမ်းယူထားသည့် မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် လာရောက်မည်ကိုမူ မသိရသေးပေ။

သို့သော် Myanmar Now က ရရှိထားသည့် စစ်ကောင်စီ၏ လျှို့ဝှက်စာအရ အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁ မှ ၄ အထိ လာရောက်မည်ဖြစ်သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိပြီး မနက်ဖြန် (နိုဝင်ဘာ ၂) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကာ နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အမေရိကန် ဝါရင့်သံတမန်ဟောင်း Bill Richardson ခရီးစဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့မိသားစုဝင်များအပြင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားသည်။

အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်အပါအဝင် ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂ တို့က ဒဏ်ခတ်အရေးယူထားပြီး ဂျပန်နိုင်ငံနှင့် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဖွံ့ဖြိုးမှုအကူအညီများ ရပ်ဆိုင်းထားသည်။

ပြီးခဲ့သည့်လများအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကြောင့် နေ့စဉ်ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုနှုန်း အဆမတန်မြင့်တက်ခဲ့ရာ နိုင်ငံတကာအနေဖြင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ အထောက်အကူများပေးအပ်ရန် တောင်းဆိုမှုများ ရှိခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းတွင် ကုလထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကုလလူသားချင်းစာနာထောက်မှုဆိုင်ရာရုံး (UN-OCHA) လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ Ramesh Rajasingham လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း စစ်ကောင်စီတာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့သော်လည်း မည်သို့သော သဘောတူညီမှုရခဲ့သည်ကို UN-OCHA ရုံးနှင့် စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုကို ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ကောင်စီက ဖမ်းဆီးခံထားရသည့် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ခွင့်မပေးသဖြင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြင်း မရှိခဲ့ပေ။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်လည်း ပါဝင်သည့် အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရာတွင် တိုးတက်ဖြစ်ထွန်းမှု မရှိသဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ဖေဖော် ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖမ်းဆီးခံထားရသူ ၉၀၀၀ ကျော်ရှိသည်။

နိုင်ငံအနှံ့တွင် စစ်ကောင်စီဘက်တော်သား အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်ဆိုသူများ နေ့စဉ်နှင့်အမျှ လုပ်ကြံသတ်ဖြတ်ခံနေရပြီး ဒေသအသီးသီးရှိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများလည်း နေ့စဉ်ဖြစ်ပေါ်နေသည်။ ထိုထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Related Articles

Back to top button