သတင်း

ဒီးမော့ဆိုနှင့် ဖယ်ခုံတွင် တိုက်ပွဲပြင်းထန်၊ စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (အောက်တိုဘာ ၂၆) ၌ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်ကား ၂ စီး ပျက်စီးသွားသည်ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညနေ ၄ နာရီခန့်တွင် ဖရူဆိုမြို့နယ်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒီးမော့ဆိုမြို့နယ်ရှိ စစ်တပ်က လုံခြုံရေးယူပေးနေစဉ် ထွီလွီးဘီလာကျေးရွာနှင့် ငွေတောင်ရွာသစ်အကြား KA နှင့် KNDF ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အချိန်၂ နာရီခန့် တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သားများ သေဆုံးမှုများပြားခဲ့သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု အထက်ပါ KNDF တာဝန်ရှိသူက ဆိုသည်။

“အဓိကကတော့ ဖရူဆိုကနေ ဒီးမော့ဆိုကို တက်လာမဲ့ စစ်ကားကို လုံခြုံရေးယူပေးတဲ့သဘောပေါ့။ မနေ့ညက ပစ်ခတ်မှုပြီးတဲ့နောက်မှာတော့ သူတို့ (စစ်ကောင်စီ) တပ်တွေ ခေါက်သွားပြီ” ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့တိုက်ပွဲအပြီး စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ် သဲတောင်နှင့် ခြေတော်ရာဘုရားအနီး တပ်စွဲလိုက်ပြီး လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ၂၅ မိုင်သာ ကွာဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်လည်း ဒီးမော့ဆိုနှင့် တစ်ချိန်တည်းလိုလို တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖယ်ခုံ PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။  

ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာအနီး တောင်ကုန်းပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF နှင့် KNDF တို့ ပူးပေါင်းအဖွဲ့က ယမန်နေ့ ညနေ ၄ နာရီခန့်တွင် မိနစ် ၃၀ ခန့်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်၊ ကျဆုံးမှုအခြေအနေကို မသိရဘဲ ဖယ်ခုံ PDF ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ခြေသလုံးတွင် သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

Free Burma Ranger အဖွဲ့အကူအညီဖြင့် ကသဲရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်ကို ယနေ့ (အောက်တိုဘာ ၂၇) မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF BO3) 

လတ်တလောတွင် စစ်ကောင်စီက ဖယ်ခုံ-ရွှေပြည်အေးလမ်းလမ်းကြော တောင်ကုန်းပေါ်မှာ အင်အားအများအပြား ချထားပြီး ဖယ်ခုံမြို့ပေါ်သို့ ပေါက်ကွဲအားပြင်း ၁၂၀ မမ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကသဲရွာမှ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ထို့အတူ ဖယ်ခုံမြို့ပေါ်တွင်လည်း စစ်ရှောင်သည့်အရေအတွက်များလာသည်ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စစ်တပ်တွေက ဖယ်ခုံမြို့ပေါ်မှာရော အကုန်လုံးနေရာတွေခွဲချပြီးတော့ မြို့ထဲမှာရော ပတ်ပစ်တယ်၊ ပတ်ကြမ်းတယ်ဆိုတော့ မြို့ထဲမှာလည်း တော်တော်ရှောင်ကုန်ကြပြီ။ ရှောင်တဲ့သူများလာပြီပေါ့” ဟု ၎င်းက ပြောပြသည်။

အတည်မပြုနိုင်သည့် သတင်းများအရ ကရင်နီဒေသအတွင်း စစ်သားများထိခိုက်သေဆုံးမှုအခြေအနေများကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးသည် ဖယ်ခုံမြို့တွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၇) သို့ လာရောက်ခဲ့ကြောင်း ကြားသိရသည်ဟု ဖယ်ခုံ PDF ဘက်က ပြောသည်။

ရန်ကုန် အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုကို ပစ်ခတ်ချေမှုန်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယခုနှစ်အစောပိုင်းက တွေ့ရပုံ။ (ဓာတ်ပုံ-Myanmar Now) 

အောက်တိုဘာ ၂၅ တွင် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို KA,KNDF တို့က ပခုံးထမ်းလောင်ချာ (RPG) ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီတပ်မတော်ဘက်မှ သိရသည်။ 

အောက်တိုဘာ ၂၂ ကလည်း ဖယ်ခုံအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၃၆ တပ်၏ ကင်းစခန်းကို ဖယ်ခုံ PDF အဖွဲ့ဝင် ၇ ဦးက ဝင်ရောက်တိုက်ခိုက်ရာ ကင်းစောင့်နေသည့် ရဲမေ (စစ်သည်များ၏ ဇနီးများ)  ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး သေနတ် ၅ လက်ရရှိခဲ့သည်။

ကယား(ကရင်နီ) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို သက်ဆိုင်ရာ မြို့နယ် PDF များနှင့် KNDF, KA တို့က မကြာခဏပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

စက်တင်ဘာလကုန်ပိုင်းက ကယားပြည်နယ်တွင်း စစ်ကား အစီး ၄၀ ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်သားအများအပြား သေဆုံးခဲ့သည်။

ချင်းဒေသအပါအဝင် ကရင်နီဒေသကိုလည်း စစ်တပ်က အင်အားဖြည့် ထိုးစစ်ဆင်လျက်ရှိရာ ဒေသခံများကိုလည်း ပေါ်တာဆွဲကာ ရိက္ခာနှင့် ကျည်ဆန်များ သယ်ခိုင်းခဲ့ပြီး ပြန်လွှတ်ပေးလိုက်သူများရှိသလို တချို့မှာ သတ်ဖြတ်ခံရကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သတင်းနှင့်ပြန်ကြားရေး KNIC မှ ထုတ်ပြန်သည်။ 

လက်ရှိတွင် ကရင်နီဒေသများဖြစ်သော ရှမ်းပြည်နယ်တောင်မိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ကယားပြည်နယ် ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ်တိုင်းလိုလိုကို စစ်သားများက ဖောက်ထွင်းဖျက်ဆီးလုယက်ကာ လူနေအိမ်များအနီး မိုင်းထောင်ခြင်းများ ပြုလုပ်နေသည်ဟုလည်း ဖော်ပြထားသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button