ဖမ်းဆီးခံရပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုခံထားရသည့် အမှုတွင် စစ်ကောင်စီဘက်မှ အပြစ်ရှာသမျှကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်လှစ်ထားသည့် တရားခွင်တွင် ထိုအမှုကို ယနေ့(အောက်တိုဘာ ၂၆) စစ်ဆေးစဉ် အပြစ်မရှိကြောင်း တစ်ပါးသူက သက်သေထွက်လျှင် စစ်ကောင်စီ၏ ရန်ငြိုးဖွဲ့ခြင်းခံရမည်စိုး၍ ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုယ်ကို သက်သေအရာထား၍ ထုချေခြင်းဖြစ်သည်။
“တရားလိုဘက်က ဥပဒေအရာရှိတွေ မေးတဲ့မေးခွန်းကို နားလည်တယ်။ ကောင်းကောင်းဖြေနိုင်တယ်။ အပြစ်မရှိကြောင်း ကောင်းကောင်းထုချေနိုင်ခဲ့ပါတယ်”ဟု ရှေ့နေတစ်ဦးက ပြောသည်။
၎င်းမှာ တရားခွင်အတွင်း ရှိမနေသော်လည်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ ကြားသိရသည့် အခြေအနေကို တစ်ဆင့်ပြန်၍ ပြောပြခြင်းဖြစ်သည်။
စစ်ကောင်စီဖွဲ့စည်းမှုနှင့် ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များမှာ တရားမဝင်ကြောင်း ဖေဖော်ဝါရီ ၇ နှင့် ၁၃ ရက်တွင် NLD က ထုတ်ပြန်သည့် စာနှစ်စောင်ကို အကြောင်းပြု၍ ထောင်ဒဏ်နှစ်နှစ် အမြင့်ဆုံးချနိုင်သည့် ထိုပုဒ်မဖြင့် စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။
ထိုအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နည်းတူ အခြားသော NLD ပါတီခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း အမှုဖွင့်ထားသည်။
သမ္မတ ဦးဝင်းမြင့် သက်သေထွက်သည့် အောက်တိုဘာ ၁၂ ရက် တရားခွင်တွင် ဖေဖော်ဝါရီ ၁၊ နံနက် ၅ နာရီခန့်က စစ်အရာရှိကြီး နှစ်ဦးရောက်လာ၍ ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ လက်မခံသဖြင့် ထိုစဉ်ကတည်းက ဖမ်းထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရင်ဆိုင်နေရသည့် ပုဒ်မ ၅၀၅ (က) အမှုမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုချေခဲ့သည်။
ထိုသို့ ထွက်ဆိုပြီးနောက်တွင် NLD ခေါင်းဆောင် သုံးဦးစလုံး၏ ငါးဦးပါ ရှေ့နေအဖွဲ့ဝင်အားလုံးကို စစ်ကောင်စီက ပြောရေးဆိုခွင့် ပိတ်ပင်လိုက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်မှ အသေးစိတ်ဖြစ်ရပ်များ သတင်းအမှောင်ကျသွားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှုများအပါအဝင် ပုဒ်မပေါင်း ၁၁ ခုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ တရားသူကြီးတို့က ထိုတရားရုံးတွင် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တိုင်းတွင် လာရောက်စစ်ဆေးနေသည်။
ယနေ့စစ်ဆေးသည့် ပုဒ်မ ၅၀၅ (က) အမှုကို ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ကိုင်တွယ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် စွဲချက်တင်ထားပြီးဖြစ်သည်။
လာမည့် တစ်ပတ်ရုံးချိန်း နိုဝင်ဘာ ၂ တွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်က ထိုအမှုနှင့် ပတ်သက်၍ ကိုယ်တိုင်ထုချေမည် ဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်