မန္တလေးမြို့ပေါ်တွင် ယမန်နေ့က တပ်ကြပ်တစ်ဦးသေဆုံးကာ အခြားတပ်ကြပ်တစ်ဦးနှင့် စစ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရသည့် ဗုံးခွဲတိုက်ခိုက်ခံရမှုအပြီး ယနေ့ (အောက်တိုဘာ ၂၄) နံနက်တွင် မြရည်နန္ဒာအိမ်ရာကို စစ်ကောင်စီက အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေနေသည်။
ယမန်နေ့က ဗုံးခွဲတိုက်ခိုက်ခံရသည့် နေရာနှင့် မနီးမဝေးရှိ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာကို ယနေ့ နံနက် ၈ နာရီတွင် စစ်ဘက်သုံးယာဉ်နှင့် အိမ်းစီးကား ၁၀ စီးခန့်ဖြင့် ရောက်ရှိလာသည့် ရဲနှင့် စစ်သားများက အော်ဟစ်ဆဲဆို ရှာဖွေနေသည်ဟု ထိုနေရာတွင် နေထိုင်သူအချို့က ဆိုသည်။
“အင်အားကတော့ အတော့်ကိုများတယ်။ ဆယ်စီးလောက် အပြည့်တင်လာတာ၊ သူတို့လာတဲ့အချိန် မိုးတွေရွာနေတဲ့ ကြားထဲကကိုပဲ တိုက်ခန်းတွေထဲ ဝင်ရှာနေကြတာ၊ အော်ဟစ်ဆဲဆိုနေကြတယ်၊ မနေ့က သူတို့ တိုက်ခိုက်ခံရတာကို မကျေမနပ်ဖြစ်နေတာ”ဟု အမျိုးသားတစ်ဦးက ပြောသည်။
မြရည်နန္ဒာအိမ်ရာဝင်းအတွင်း စစ်ကောင်စီက ထိုသို့ဝင်ရောက်ရှာဖွေနေခြင်းမှာ ယမန်နေ့က ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်ခြင်း ရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။
တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးကာ အခြားနှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည့် ယမန်နေ့ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Generation Z Power အဖွဲ့က ထုတ်ပြန်ထားသည်။
မြရည်နန္ဒာအိမ်ရာဝင်းအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေနေစဉ် အမျိုးသမီးများအပါအဝင် လူအချို့ကို အထုပ်အပိုးနှင့်တကွ ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို လုံခြုံရေးအရ သွားမကြည့်နိုင်သဖြင့် အတိအကျမသိရကြောင်းလည်း အမျိုးသမီးတစ်ဦးက ပြောသည်။
“လူတွေကို တိုက်တွေထဲက ခေါ်ထုတ်လာတာ တွေ့ရတယ်။ အထုပ်တွေအပိုးတွေနဲ့၊ လက်ထိတ်ခတ်ထားတာတော့ မမြင်မိဘူး” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ် ဆန့်ကျင်မှုများပြုလုပ်နေသည့် မန္တလေးမြို့ရှိ မြရည်နန္ဒာအိမ်ရာရှိ ပန်းခြံနှင့် ဘောလုံးကွင်းအတွင်းရှိ အဆောက်အအုံတစ်ခုတွင် စစ်ကောင်စီက မတ်လကတည်းက နေရာယူတပ်စွဲထားသည်။
ယမန်နေ့က ပေါက်ကွဲမှုနှင့် ပတ်သက်သည့် မှတ်တမ်းဟု ယူဆရသည့် ရဲကြေးနန်းစာတစ်စောင်လည်း Facebook လူမှုကွန်ရက်တွင် ပြန့်နှံ့နေပြီး ဒဏ်ရာရသူနှစ်ဦးကို စစ်ဆေးရုံခွဲစိတ်ဆောင်တွင် ကုသနေကာ သေဆုံးသွားသူကို ရင်ခွဲရုံ၌ ထားရှိသည်ဟု ဆိုသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ခုခံတော်လှန်မှုများမှာ အာဏာသိမ်း ပြီး ၈ လကျော်လာချိန်၌ မန္တလေးမြို့တွင် အရှိန်ရလာနေပြီး ကင်းစခန်း၊ ရဲစခန်းများ ပစ်ခတ်၊ ဖောက်ခွဲခံရခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။
ယမန်နေ့တွင်လည်း ဗုံးပေါက်ပြီးနောက် မြရည်နန္ဒာအိမ်ရာကို စစ်ကောင်စီက ဝင်မွှေခဲ့သေးသည်ဟု သိရသော်လည်း ထိုသို့စီးနင်းမှုများအတွင်း မည်သည့်အကြောင်းဖြင့် ဦးရေမည်မျှ ဖမ်းဆီးခံရသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီ၏ ယနေ့နံနက်စီးနင်းမှုမှာ မွန်းတည့်ချိန်ကျော်သည်အထိ မပြီးဆုံးသေးဘဲ မြရည်နန္ဒာအိမ်ရာတစ်ဝိုက်ရှိ လမ်းများကိုပါ ပိတ်ထားသည်ဟု သိရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်