သတင်း

တရားခံဖြစ်အောင် ပြည်ထဲရေးက စနစ်တကျ စီစဉ်ခဲ့ဟု ဇေယျာဖြိုးပြော

ရန်ကုန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် ၎င်းသည် နောက်ကွယ်ကစေခိုင်းသူဖြစ်နေသယောင် ပုံဖော်ရန် ပြီးခဲ့သည့်နှစ်အတွင်း ပြည်ထဲရေးကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲက စနစ်တကျ စီစဉ်ခဲ့ကြောင်း တရားရင်ဆိုင်နေရသည့် ဇေယျာဖြိုးက ဩဂုတ် ၁၆ ရက် (ယနေ့တွင်) ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်၌ လုပ်ကြံခံခဲ့ရ ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် အရာရှိကြီးများ ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းနှင့်ပတ်သက်သည့် အကြောင်းအရာများထဲ အမှားအယွင်း အများအပြားပါခဲ့ကြောင်း ဇေယျာဖြိုးက ထွက်ဆိုသည်။

“(အဲဒီနေ့) သတင်းစာရှင်းလင်းပွဲက လုံးဝကို မှားပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်နဲ့ ပတ်သက်တာတွေ အားလုံးက အမှားတွေကြီးပဲ” ဟု  မြောက်ပိုင်းခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ဇေယျာဖြိုးက တရားခွင်အထွက်တွင် သတင်းထောက်များကို ပြောသည်။

ဦးကိုနီလုပ်ကြံမှု နောက်ကွယ်က တရားခံကို မဖော်ထုတ်ဘဲ ၎င်းက အစွန်းရောက်မျိုးချစ် စိတ်ဖြင့် ကျူးလွန်ခဲ့သယောင် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒါက စနစ်တကျကို လုပ်ကြံထားတာ။ ဘာကြောင့်လုပ်ရသလဲဆိုတော့ နောက်ကွယ်က တရားခံကို ခုမမိဘူးလေ” ဟု၎င်းကပြောသည်။

နောက်ကွယ်မှ စေခိုင်းသူအဖြစ် သေနတ်သမားကြည်လင်းက ထွက်ဆိုထားသည့် မြင့်ဆွေ ဆိုသူကိုလည်း တရားခံဟုတ်မဟုတ် ပေါ်လွင်စေရန် ရေဆုံးမြေဆုံး လိုက်ဖို့လိုသည်ဟု သူကဆိုသည်။

“မြင့်ဆွေက အစပျောက်နေတာ။ အံ့ဩစရာကောင်းတာက တရားလိုဘက်ကလည်း မြင့်ဆွေကို ပေါ်မှာကြောက်နေတယ်။ မြင့်ဆွေကိစ္စကို အားလုံးက ဝိုင်းဝန်းဖုံးအုပ်နေကြတယ်”ဟု ၎င်းကပြောသည်။

ရဲများက ဇေယျာဖြိုး၏အိမ်တွင် မှတ်ပုံတင် ၁၁ ခုသိမ်းဆည်းမိခဲ့ပြီး ယင်းအနက်မှ နှစ်ခုသည် အတုဟုဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်တာမွေနှင့် ဗဟန်းတရားရုံးတို့တွင် ၎င်းကို တရားစွဲဆိုထားသည်။

သို့သော် ဇေယျာဖြိုးကအဆိုပါမှတ်ပုံတင်များသည် သူနှင့်မသက်ဆိုင်ဟု ရုံးတော်သို့ ထွက်ဆိုသည်။

ထို့ပြင် ၎င်းနေထိုင်ရာ တာမွေမြို့နယ်ရှိ နေအိမ်၌ သိမ်းဆည်းခဲ့သည်ဟု ပြည်ထဲရေးက ထုတ်ပြန်ခဲ့သော ‘တရားမျှတမှုကို ရှာဖွေနေသော အမေရိကန်မှ ရိုဟင်ဂျာများ’ ဟူသည့် စာအုပ်မှာလည်း ၎င်း၏ စာအုပ်မဟုတ်ကြောင်း ၎င်းကို ပြည်သူလူထုက ဘာသာရေး အစွန်းရောက်သူအဖြစ် ထင်မြင်လာစေရန် စနစ်တကျ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းစုဆောင်းရေး အတတ်သင်ကျောင်း နည်းပြဖြစ်ခဲ့သူ တပ်မတော်အရာရှိဟောင်း ဇေယျာဖြိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က အလိုရှိနေသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နှင့်အတူ ရောင်ဝါဖြိုးကုမ္ပဏီကို တည်ထောင်ခဲ့သည်ဟု ပါရှိသည်။

စစ်တပ်အရာရှိဟောင်းများဖြစ်သော အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် မိုင်းဖြတ်မြို့နယ်လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းတို့သည် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင် တွင် တွေ့ဆုံခဲ့ရာမှ လေဆိပ်တွင် ဦးကိုနီလုပ်ကြံမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံရန်အတွက် အောင်ဝင်းခိုင်ကို ဇေယျာဖြိုးက ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ကျပ်သိန်း ၁၀၀၀ ပေးအပ်ခဲ့ကြောင်းလည်း ပြည်ထဲရေးကထုတ်ပြန်ထားသည်။

ဦးကိုနီလုပ်ကြံခံရသည့်နေ့ ည ၁ဝ နာရီခန့်တွင် ယခုအချိန်အထိထွက်ပြေးနေသည့် အောင်ဝင်းခိုင်က ဇေယျာဖြိုးကို  ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း၊ ယင်းနောက် ရောင်ဝါဖြိုး ကုမ္ပဏီ၏  ဒါရိုက်တာတစ်ဦးဖြစ်သူ ရဲထွဋ်လှိုင်၏ အကူအညီဖြင့် အောင်ဝင်းခိုင် နေပြည်တော်သို့ ထွက်ခွာသွားကြောင်းလည်း ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

နောက်တစ်ရက်အကြာ အောင်ဝင်းခိုင်သည် နေပြည်တော်ရှိ ရောင်ဝါဖြိုး ကုမ္ပဏီ ရုံးခွဲသို့ ရောက်ရှိခဲ့ပြီး နောက် အောင်ဝင်းခိုင်က ဖုန်းနှစ်လုံးနှင့် စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ပြည်ထဲရေးက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button