မတ္တရာမြို့နယ်အတွင်း မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ လမ်းအသုံးပြုခကောက်ခံရေးဂိတ်တစ်ခုအနီးတွင် ယနေ့ (အောက်တိုဘာ ၂၃) တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မနက် ၂ နာရီခန့်က မြို့မြောက်ဘက် တံငါ (မြောက်ကျေးရွာ) နှင့် စကျင်ဒေသလမ်းခွဲအနီးရှိ ဂိတ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်များဟု ယူဆရကြောင်း မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အထင် မတ္တရာမြို့အထွက်မှာက ညနေပိုင်းကစပြီးတော့ စစ်ကား ၂၁ စီး တန်းစီရပ်ထားတာ ရှိတယ်။ စစ်ကိုင်းဘက်ကို သွားဖို့ လုပ်တာထင်တယ်။ အဲ့ဒါကို ဒေသကာကွယ်ရေးအဖွဲ့တွေ သတင်းရပြီးတော့ ဖြတ်တိုက်ဖို့ မိုင်းထောင်တာ၊ မိုင်းထောင်ရင်းနဲ့ မတော်တဆဖြစ်သွားပုံရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုသူက ဆိုသည်။
သေဆုံးသူများတွင် မတ္တရာမြို့နယ် ဒေသခံတစ်ဦးနှင့် သပိတ်ကျင်းမြို့နယ်သားတစ်ဦးပါဝင်ကြောင်း၊ ကျန်တစ်ဦးကိုမူ မည်သူမည်ဝါမှန်း မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုနေရာတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး၊ ဗုံးထောင်ရာတွင် အသုံးပြုပုံရသည့် ဝါယာကြိုးများ၊ ဆိုင်ကယ်နှစ်စီး၊ ရုပ်အလောင်း ၃ ခုတို့ကို တွေ့ရှိခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သားများက လာရောက် သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် စစ်ကောင်စီတပ်သားများက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ စစ်ဆေးနေသည်။
ယခင်လကလည်း မတ္တရာမြို့နယ်အစွန်တွင်ရှိသည့် ကျေးရွာတစ်ခုမှ နေအိမ် ၁၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် ထိုဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။
လက်နက်ကိုင်အန်တုသူဟု ယူဆခံရပြီး စစ်ကောင်စီတပ်သားတို့ ရန်ရှာမည်ကိုလည်း စိုးရိမ်နေကြသည်။
အောက်တိုဘာ ၂၀ တွင် စစ်ကောင်စီတပ်သားတို့က မတ္တရာမြို့အရှေ့ဘက်၊ ပြင်ဦးလွင်မြို့နယ်အစပ် ဆီးဖြူပင်ကျေးရွာအနီး တောစပ်တွင် တဲများဆောက်လုပ်ကာ သစ်ထုတ်လုပ်ငန်းလုပ်ကိုင်သူတချို့ကို သတ်ဖြတ်သွားသည်ဟု မတ္တရာမြို့သား နောက်တစ်ဦးက ပြောသည်။
“သူတို့က ဒီလူတွေကို PDF စခန်းတွေလို့ စွပ်စွဲပြီး သတ်သွားတာ၊ တကယ်က ဒီလူတွေက သစ်ထုတ်တဲ့ လူတွေ၊ သစ်ထုတ်ရင်းနေဖို့ တဲလေးတွေဆောက်ပြီး နေနေကြတာကို PDF စခန်း၊ PDF တွေဆိုပြီး သတ်ပြီးတော့ မီးရှို့မြေမြှုပ်သွားတာ။ ဟိုတစ်နေ့ကမှ ရွာကလူတွေက တွေ့ပြီး ပြန်ဖော်ကြတာ”ဟု အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ရုပ်အလောင်း ၅ ခု ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိကြရကြောင်း၊ တဲများကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ယနေ့ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
မတ္တရာမြို့နယ်၊ ပန်းယျရွာတွင် K-22 သေနတ် အလက် ၆၀၊ ဗုံး ၁၆၅ လုံး အပါအဝင် လက်နက်ပစ္စည်းများ ဖမ်းဆီးရမိထားသည်ဟု စစ်ကောင်စီက သြဂုတ် ၈ ရက်စွဲဖြင့် သတင်းထုတ်ထားသည်။
မန္တလေးတိုင်း၏ မြောက်ဘက်အစွန်တွင်ရှိနေသည့် သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့နယ်တို့သည် ပြည်သူ့တော်လှန်ရေးစစ်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းနှင့် ထိစပ်လျက်ရှိနေပြီး ယင်းဒေသအခြေပြု PDF များကလည်း စစ်ကောင်စီနှင့် ဆက်စပ်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်