
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၉) က စစ်သားများ အပြည့်တင်ဆောင်လာသည့် ဒိုင်နာအမျိုးအစား ခရီးသည်တင်ယာဉ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားသည်ဟု ထီးချိုင့်ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HPDF) အဖွဲ့က ဆိုသည်။
စစ်သားများ အပြည့်တင်ဆောင်လာသည့် ဒိုင်နာကားနှစ်စီးမှာ ထီးချိုင့်-အင်းတော်လမ်းအတိုင်း ထွက်ခွာလာစဉ် ထီးချိုင့်မြို့နှင့် မိုင်အနည်းငယ်အကွာတွင် ညနေ ၃ နာရီခန့်၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။
“ကားတစ်စီးက တော်တော်ထိသွားတယ်။ အသေအပျောက်လည်း များတယ်။ ပြီးတော့ နောက်ကားတစ်စီးကလည်း ထိခိုက်တဲ့သူတွေများတယ်။ ထီးချိုင့်ဆေးရုံနှစ်ရုံမှာ ခွဲပြီးတော့ တင်ထားတယ်” ဟု မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အခြေအနေအပေါ် HPDF အဖွဲ့ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
ဒိုင်နာကားပေါ်တွင် လိုက်ပါလာသည့် စစ်သားများမှာ တပ်မ ၉၉ မှဖြစ်ပြီး စုစုပေါင်း စစ်သား ၂၀ ခန့် သေဆုံးမည်ဟု မိုင်းဆွဲတိုက်ခိုက်သည့်အဖွဲ့က ခန့်မှန်းထားသည်။
ဆေးရုံနှင့် နီးစပ်သူများ၏ အဆိုအရ ကားမိုင်းဆွဲခံရပြီး ရောက်ရှိလာသည့် ဒဏ်ရာရစစ်သားများကို ထီးချိုင့်ပြည်သူ့ဆေးရုံနှင့် မြို့ပြင်ရှိ ခုတင် ၅၀ ဆေးရုံတွင် ကုသနေပြီး နောက်ထပ်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အထိနာသွားသည့် စစ်တပ်က ပြန်ဆုတ်ခွာရာတွင် လမ်းတစ်လျှောက်ရှိ ကျေးရွာတချို့ကို ပစ်ခတ်ခဲ့ရာ ဆားတွင်းရွာရှိ စာသင်ကျောင်းဝင်းအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်တပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ရာတွင်လည်း အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတံခါးများနှင့် နေအိမ်တချို့ကို ထိမှန်ခဲ့သည်ဟု ဆိုသော်လည်း ထိခိုက်ပျက်စီးမှုနှင့် ဒေသခံများ ဒဏ်ရာရ သေဆုံးမှု ရှိမရှိ မသိရသေးပေ။
ယမန်နေ့က ထီးချိုင့်မြို့နယ်အတွင်း ခရီးသည်တင်ယာဉ်ကားဖြင့် သွားလာသည့် စစ်သားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ Myanmar Now အနေဖြင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ယနေ့ (အောက်တိုဘာ ၂၀) နံနက် ၃ နာရီတွင် ထီးချိုင့်မြို့နယ်အတွင်း ထီးချိုင့်မြို့မြောက်ဘက် ထီးချိုင့်-အင်းတော်လမ်း၌ စစ်ကောင်စီ၏ ဆီတင်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း HPDF အဖွဲ့က ဆိုသည်။
စစ်ဆင်ရေးများပြုလုပ်တော့မည်ဖြစ်သောကြောင့် မန္တလေး – ဗန်းမော်လမ်းနှင့် မန္တလေး- မြစ်ကြီးနားလမ်းရှိ ထီးချိုင့်လမ်းပိုင်းကို ည ၈ နာရီကျော်လျှင် အသုံးမပြုရန် စက်တင်ဘာ ၂၄ ရက်တွင် HPDF က သတိပေးချက်ထုတ်ပြန်ထားသည်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရကာ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ကလည်း အိမ်စီးကားသုံးစီးဖြင့် စစ်ကောင်စီတပ်ဖွဲ့များ မန္တလေး-ဗန်းမော်လမ်းအတိုင်း ဖြတ်သန်းသွားစဉ် မောင်းကုန်းရွာအနီး မိုင်းဆွဲခံရပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။
အခြားဒေသများနည်းတူ စစ်ကောင်စီကို အပြင်းအထန်ခုခံတော်လှန်နေသည့် ထီးချိုင့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအပါအဝင် ဒေသခံ ၂၀ ကျော်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်