ဆောင်းပါး

မြန်မာ့အရေးအတွက် အာဆီယံက ဘာကြောင့် တင်းတင်းမာမာ ဖြစ်နေသလဲ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီ မတက်ရောက်နိုင်ရန် ပိတ်ဆို့တားဆီးလိုက်ခြင်းဖြင့် အဖွဲ့ဝင် (၁၀) နိုင်ငံထဲမှ တစ်နိုင်ငံ၏ ပြည်တွင်းရေး “ဝင်ရောက်မစွက်ဖက်ရ” ဆိုသည့် ကာလကြာရှည်ကိုင်စွဲထားသော မူဝါဒကို ပထမဆုံးအကြိမ် မလွှဲမရှောင်သာ စွန့်လွှတ်လိုက်ခြင်းလော။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ရသနည်း။   

ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုနှင့် စစ်တပ်၏ အာဏာချုပ်ကိုင်ခဲ့ခြင်းကို တစ်ခဲနက်ဆန့်ကျင်ကြသည့် ပြည်သူများကို ရက်ရက်စက်စက်နှိမ်နင်းမှုကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးရပြီး၊ လူအများအပြား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံကြရခြင်းကြောင့် အာဆီယံက စိုးရိမ်ပူပန်ပြီး ထိုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ခြင်းလော။

သို့တည်းမဟုတ် အာဆီယံဒေသအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများ အင်အားပြိုင်ဆိုင်မှု မြင့်မားနေချိန်၊ စွမ်းဆောင်ရည်မရှိဟူသည့် ဝေဖန်မှုများ တိုးပြီး ရင်ဆိုင်နေရကာ၊ ယုံကြည်အားကိုးမှုများ ဆုံးရှုံးလာသဖြင့် အာဆီယံက မျက်နှာမပျက်ရုံ လုပ်ဆောင်ခြင်းလော။

စစ်အာဏာသိမ်းမှုကို ရှင်းလင်းပြတ်သားစွာ ရှုတ်ချကန့်ကွက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ မူလအခြေအနေ ပြန်လည်ရောက်ရှိရေး ပိုမိုလုပ်ဆောင်ပေးရန် အာဆီယံကို တိုက်တွန်းခဲ့ကြသည့် အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများ၏ စိတ်စေတနာကောင်းအပေါ် အာဆီယံသည် အထူးသဖြင့် ကိုဗစ်ကပ်ရောဂါနောက်ပိုင်း တွဲဆက်ဖြစ်ပေါ်လာသော အရေးကိစ္စများအပေါ် ကြီးမားစွာ မှီခိုလာရသည်။

ဆန္ဒပြပြည်သူများကလည်း အာဆီယံ၏ ဆောင်ရွက်ချက်ကင်းမဲ့မှုကို ရှုတ်ချကန့်ကွက်ခဲ့ကြပြီး၊ မြို့တော်ဟောင်း ရန်ကုန်မှ ဆန္ဒပြပွဲများတွင် အာဆီယံအလံကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

သေချာသည့်အချက်မှာ အာဆီယံကို လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများအစုအဖွဲ့အဖြစ် ဖော်ပြရန် ခက်ခဲပါသည်။ အသင်းကြီး၏ လက်ရှိဥက္ကဋ္ဌ ဘရူနိုင်းသည် အကြွင်းမဲ့ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံဖြစ်သည်။ အခြားအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့် လာအို တို့မှာ ကွန်မြူနစ် တစ်ပါတီအုပ်စိုးသော နိုင်ငံများဖြစ်သည်။  

ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်သည် မကြာသေးခင်က အတိုက်အခံနိုင်ငံရေးပါတီကို တရားမဝင်အဖွဲ့အစည်းအဖြစ် လုပ်ဆောင်ခဲ့ပြီး နိုင်ငံကို ယခုထက် ပိုမိုဆိုးရွားသော အာဏာရှင်စနစ်ဆီ ဦးတည်လျက်ရှိသည်။ 

စင်ကာပူသည် သတင်းမီဒီယာ၊ လူမှုလွတ်လပ်ခွင့်များနှင့် ပတ်သက်လာလျှင် အခြေခံအခွင့်အရေးများကင်းမဲ့သော နိုင်ငံဖြစ်ပြီး၊ မလေးရှားကိုမူ ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းနိုင်ငံအဖြစ် အကောင်းဆုံးဖော်ညွှွှန်းနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေးသည် သူ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော သတင်းမီဒီယာ၊ အတိုက်အခံအားလုံးကို ချိုးဖဲ့ကာ သေးသိမ်အောင် လုပ်ဆောင်သူအဖြစ် နာမည်ကြီးသည်။

ထိုင်းနိုင်ငံတွင်လည်း ရွေးကောက်ခံအစိုးရများကို အကြိမ်ကြိမ်အာဏာသိမ်းခဲ့ဖူးသည့် စစ်တပ်က ၂၀၁၉ တွင် ရွေးကောက်ပွဲများကျင်းပခဲ့သော်လည်း နိုင်ငံရေးတွင် အကြီးအကျယ်ချုပ်ကိုင်ထားသည်။ အာဏာရှင်အုပ်စိုးမှုသမိုင်းကြောင်းရှိခဲ့သော အင်ဒိုနီးရှားသာ အာဆီယံ၏ ဒီမိုကရေစီအကျဆုံးနိုင်ငံဖြစ်နေသည်၊ အာဆီယံ၏ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံဟုလည်း တချို့က ဆိုကြသည်။

ယခုအချိန်ထိ အဖွဲ့ဝင်နိုင်ငံတစ်ခုတွင် သို့မဟုတ် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပြဿနာကြုံတွေ့လာပါက ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ခြင်း၊ တူညီဆန္ဒအပေါ် အခြေခံခြင်း ဆိုသည့် အာဆီယံ၏ အခြေခံအကျဆုံးမူဝါဒနှစ်ခုသည် အဖွဲ့ကြီးကို ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု မချမှတ်နိုင်စေရန် လုပ်ဆောင်ထားသည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟုလည်း သိထားကြသော မြန်မာစစ်ကောင်စီအပေါ် အာဆီယံခေါင်းဆောင်များ၏ စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးလာနေပြီဆိုသည့် အချက်ကလည်း သိသာလာနေသည်။ 

ဝန်ကြီးချုပ်အဖြစ် ကိုယ့်ကိုယ်ကိုယ်ခန့်အပ်ထားသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၂၄ ရက်နေ့က ဂျကာတာမြို့ကို တစ်ရက်ကြာ သွားရောက်ခဲ့ပြီး သူနှင့် အာဆီယံခေါင်းဆောင်များအကြား “တူညီဆန္ဒ အချက် ၅ ချက်” ကို သဘောတူခဲ့သည်။ ထိုအချက်များထဲတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းပြီး အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးအကြား တွေ့ဆုံဆွေးနွေးပြီး အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာရန်တို့ ပါဝင်သည်။

အာဆီယံဥက္ကဋ္ဌက “တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ကြားဝင်ဆောင်ရွက်ပေးရန်” အထူးသံတမန်တစ်ဦးခန့်အပ်ရေးနှင့် ဘေးဒုက္ခစီမံခန့်ခွဲရေးနဲ့ ပတ်သက်သော အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ (AHA) မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်တို့ကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။

ရန်ကုန်မှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနောက်ကို စစ်ကောင်စီတပ်သားတို့ လိုက်လံချေမှုန်းနေပုံ

အထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခွင့်၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံခွင့်ရှိသည်ဆိုသော အချက်ကို မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့ခြင်း ဖြစ်သည်။ 

အွန်လိုင်းဗီဒီယိုစနစ်ဖြင့် ကျင်းပရန် စီစဉ်ထားသော အောက်တိုဘာ၂၆ – ၂၈ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ်များတက်ရောက်ခွင့် တားမြစ်ကြောင်း အောက်တိုဘာ ၁၅ တွင် အွန်လိုင်းမှပင် ကျင်းပခဲ့သော နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ကြေညာချက်ထုတ်ပြန် ရှင်းလင်းခဲ့သည်။

ကြားဝင်မစွက်ဖက်ရေးကို ရည်ညွှန်းသော “အာဆီယံပဋိညာဉ်တွင် အလေးအမြတ်ထားသော မူဝါဒများ” ကို ဂရုပြုလျက် “မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းလုံခြုံရေးနှင့် ညီညွတ်မှု၊ ဥပဒေစည်းမျဉ်းအခြေခံအဖွဲ့အစည်းတစ်ခုဖြစ်သော အာဆီယံအပေါ် ယုံကြည်ထိုက်မှုနှင့် ဗဟိုပြုမှု” အပေါ် သက်ရောက်မှုရှိနေသည်” ဟု နိုင်ငံခြားရေးဝန်ကြီးများက ဖော်ပြကြသည်။ 

ထို့ကြောင့် အာဆီယံသည် “ကျင်းပရန်ရှိသော ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မပတ်သက်သော ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြား” ပါလိမ့်မည်။ ထို “နိုင်ငံရေးနှင့် မပတ်သက်သော” ကိုယ်စားလှယ်က မည်သူဖြစ်မည်ဆိုသည့်အချက်မှာ မရှင်းလင်းပါ။ ထိုသူကို မည်သူက မည်ကဲ့သို့ တာဝန်ပေးမည်ဆိုသည်မှာလည်း မရှင်းလင်းပါ။

ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရာဝမ် ပီဟင် ယူဆွပ်ဖ်ကို အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းအား စစ်ကောင်စီက လက်ခံခဲ့ပြီး တူညီဆန္ဒ ၅ ချက်အပေါ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကူညီထောက်ပံ့မှုများကို “လိုအပ်နေသူများ” ထံ AHA ဌာနမှတစ်ဆင့် ဖြန့်ဝေခဲ့ကြောင်း တုံ့ပြန်ထားသည်။ သို့သော် ရာထူးမှ ဖယ်ရှားထိန်းသိမ်းခံထားရသော သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားရုံးတွင် ရာဇဝတ်ပြစ်မှုစွဲချက်များနှင့် ရင်ဆိုင်နေရသဖြင့် အထူးသံတမန်နှင့် တွေ့ဆုံခွင့် မပြုခဲ့ပါ။ 

တစ်နည်းအားဖြင့် စစ်ကောင်စီသည် ရာထူးမှ ဖယ်ရှားခံရသော ခေါင်းဆောင်များ၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ထားသည်။ “သူ (အထူးသံတမန်) သည် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ လှုံ့ဆော်ရန်၊ ဖိအားပေးရန် ရည်ရွယ်ချက်ရှိသူတို့၏ လုပ်ရပ်များကို ရှောင်ရှားနိုင်လိမ့်မည်ဟု” မျှော်လင့်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပြုထားသည်။

စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာရယူခဲ့သည်ဟု အမြဲပြောဆိုနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လုပ်ပိုင်ခွင့်ပေးထားချက်အတိုင်း သမ္မတက စစ်ဗိုလ်ချုပ်များကို အာဏာအပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကောင်စီ၏ ပြောဆိုချက်အရ ဦးဝင်းမြင့်သည် ကျန်းမာရေးအရ ရာထူးမှ နုတ်ထွက်သွားပြီး၊ စစ်တပ်က ခန့်အပ်ထားသော ဒုတိယသမ္မတ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက သမ္မတဦးဝင်းမြင့်ထံမှ သမ္မတရာထူး လက်ခံရယူခဲ့သည်ဟု ဆိုသည်။ 

သို့သော် အောက်တိုဘာ ၁၂ တရားရုံးစစ်ဆေးကြားနာမှုအတွင်း ဦးဝင်းမြင့်က သူသည် ကျန်းမာရေးကောင်းမွန်သည်ဟု ပြောကြားအသိပေးခဲ့သည်။ ဦးဝင်းမြင့်၏ ရှေ့နေ ဦးခင်မောင်ဇော်၏ ပြောဆိုချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းမီ နာရီပိုင်းအတွင်း စစ်တပ်သည် ဦးဝင်းမြင့်ကို သမ္မတရာထူးစွန့်လွှတ်ရန် အတင်းအကျပ်ဖိအားပေး ကြိုးပမ်းခဲ့ပြီး၊ ငြင်းဆန်ပါက ပုဂ္ဂိုလ်ရေးထိခိုက်မှု ကြီးကြီးမားမားရှိနိုင်သည်ဟု သတိပေးခဲ့သည်ဟု ဆိုသည်။

ဦးဝင်းမြင့်က “သဘောတူတာထက် အသေခံတာက ပိုကောင်းတယ်” ဟု တုံ့ပြန်ခဲ့ကြောင်း ရှေ့နေက သတင်းထောက်များထံ အင်္ဂလိပ်ဘာသာဖြင့် ပေးပို့သောစာတွင် ဖော်ပြထားသည်။ ထိုအချက်ကြောင့် စစ်တပ်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပင် စစ်ကောင်စီ၏ တရားဝင်မှုကို အကြီးအကျယ်ထိခိုက်စေပါသည်။

မြန်မာကို တားဆီးပိတ်ပင်ရေး အာဆီယံ၏ ဆောင်ရွက်ချက်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအစ်ဖူဒင် အဗ်ဒူလာလ် (Saifuddin Abdullah) ၏ ဦးဆောင်ကြိုးပမ်းမှုဖြစ်ပုံရပြီး၊ အကယ်၍ စစ်ကောင်စီက တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရန် အပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်း မရှိလျှင် မလေးရှားသည် ဖယ်ရှားခံရသော လွှတ်တော်အမတ်များ၊ အခြားထင်ရှားသည့် အတိုက်အခံခေါင်းဆောင်များပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံဆွေးရေးအတွက် စဉ်းစားရန် အဆင်သင့်ရှိကြောင်း အောက်တိုဘာ ၆ တွင် သူက ထုတ်ဖော်ပြောဆိုခဲ့သည်။

တွစ်တာမှတစ်ဆင့် ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆုဒီ (Retno Marsudi) က အောက်တိုဘာ ၁၅ တွင် မြန်မာနိုင်ငံသည် “အားလုံးပါဝင်သော ဖြစ်စဉ်မှတစ်ဆင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မရောက်ခင် နိုင်ငံရေးအဆင့်တွင် ကိုယ်စားမပြုသင့်” ဟု ပို၍ပြတ်သားစွာပင် မှတ်ချက်ပြုခဲ့သည်။

သို့သော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအပေါ် စိုးရိမ်မှုတစ်ခုတည်းကြောင့် စစ်ကောင်စီ၏ ခေါင်းမာမှုကို အာဆီယံက စိတ်ကုန်လာခြင်းနှင့် မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်မှုကြောင့် အသင်းကြီးအပေါ် ဆိုးရွားသော ရိုက်ခတ်မှု ကြုံတွေ့နေရခြင်းမဟုတ်ဟု ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆန်းစစ်လေ့လာသူများက ဝေဖန်ကြသည်။

မလေးရှားနှင့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်များကို နှစ်ပေါင်းများစွာ လက်ခံနေရသော နိုင်ငံများဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ဩဂုတ်လကုန်အထိ မလေးရှားရှိ UNHCR တွင် မှတ်ပုံတင်ထားသော ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူပေါင်း ၁၇၉,၃၉၀ ဦး ရှိသည်။ 

ထိုအထဲကမှ ၁၀၂,၉၉၀ သည် ရိုဟင်ဂျာများဖြစ်ပြီး ၂၂,၄၇၀ သည် ချင်းတိုင်းရင်းသား (ခရစ်ယာန်လူနည်းစု) နှင့် ၂၉,၃၉၀ သည် မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ပွားရာဒေသများမှ အခြားတိုင်းရင်းသားအုပ်စုများ ဖြစ်ကြသည်။ အရေအတွက်အတိအကျ မသိရှိနိုင်သော်လည်း ရိုဟင်ဂျာလူမျိုး ထောင်ပေါင်းများစွာသည် အန္တရာယ်ကြီးသော လှေငယ်များဖြင့် အင်ဒိုနီးရှားသို့ စွန့်စားပြီး ရောက်ရှိလာကြသည်။

၎င်းတို့ကို ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပါ။ မြန်မာနိုင်ငံ၏ ဖိနှိပ်အုပ်ချုပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးလာကြသူအများအပြားကို ၎င်းတို့လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းနေထိုင်ခွင့်ပြုရန် အခြေအနေ မလေးရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးမှာ မရှိပါ။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ထန်တလန်မြို့ နေအိမ်များကို စက်တင်ဘာ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ – The Chinland Post)

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုသည် အာဆီယံနိုင်ငံများအတွင်း စီးပွားရေးကိုလည်း ဆိုးကျိုးသက်ရောက်ခဲ့ပါသည်။ ၂၀၂၀ တွင် စင်ကာပူက အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံ တန်ဖိုးရှိသော ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ပြီး၊ အဓိကအားဖြင့် လောင်စာဆီ၊ ရေနံ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းနှင့် စက်ပစ္စည်းများ ဖြစ်သည်။ သို့သော် စင်ကာပူမှ ကုမ္ပဏီများနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် ဆက်ဆံမှုအတွက် အရေးယူပိတ်ဆို့မှုများနှင့် သပိတ်မှောက်မှုများ ရင်ဆိုင်ရလာနိုင်သည်။

အာဏာမသိမ်းမီက ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်ရေးသည်လည်း တိုးတက်လျက်ရှိပြီး ဗီယက်နမ်ကုမ္ပဏီများသည် ရန်ကုန်မှ ခေတ်မီကုန်တိုက်သစ်ကြီးနှင့် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံထားကြသည်။ မြန်မာနိုင်ငံရှိ ထိပ်တန်း တယ်လီဖုန်းဆက်သွယ်ရေးအော်ပရေတာများထဲမှ တစ်ခုဖြစ်သော Mytel သည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ဗီယက်နမ်စစ်တပ်ပိုင် Viettel တို့၏ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။  

ဒီမိုကရေစီနိုင်ငံဟု ပြောရန်ခက်သော ဗီယက်နမ်သည် သာမန်အားဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် စစ်အာဏာသိမ်းမှုကို ဂရုစိုက်လေ့မရှိပါ။ သို့သော် မြန်မာစစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့ ဖက်စပ်ပိုင်ဆိုင်သော လုပ်ငန်းမှ ဆက်သွယ်ရေးတာဝါတိုင်များကို အာဏာသိမ်းစစ်တပ်ဆန့်ကျင်သူများက ဖောက်ခွဲဖျက်ဆီးနေကြခြင်းနှင့် အခြားသော ရင်းနှီးမြှုပ်နှံမှုများ ပျက်စီးနေခြင်းကို ကျေနပ်နိုင်မည် မထင်ပါ။

စစ်ကောင်စီသည် ထိန်းသိမ်းခံထားရသော ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ အခြားခေါင်းဆောင်များနှင့် အဓိပ္ပာယ်ရှိရှိ တွေ့ဆုံဆွေးနွေးမည်ဟု အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေများကို အလေးထားလေ့လာနေသူ မည်သူကမျှ မယုံကြည်ကြပါ။

ထို့ကြောင့် အဖွဲ့၏ ဂုဏ်သိက္ခာကို ရွှံ့တောထဲ တရွတ်တိုက်ဆွဲချနေသော အလွန်မနှစ်မြို့စရာကောင်းသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကြောင့် အာဆီယံ ချောင်ပိတ်မိနေသည်။

အာဆီယံ၏ အမူအကျင့်အစစ်အမှန်မှာ “မြန်မာနိုင်ငံသည် အာဆီယံမိသားစု၏ အရေးပါသော အဖွဲ့ဝင်ဖြစ်ပြီး၊” ထို့ကြောင့် “သူ့နိုင်ငံ၏ ပြည်တွင်းရေးကို ဖြေရှင်းပြီး ပုံမှန်အခြေအနေဆီ ပြန်ရောက်သည်အထိ နေရာပေးသင့်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်က ထပ်မံအတည်ပြု ပြောဆိုခဲ့သည်။

သို့သော် ထိုအချက်အပေါ် များများစားစား မျှော်လင့်ကြမည် မထင်ပါ။ မြန်မာသည် ဝရုန်းသုန်းကားဖြစ်နေပြီး၊ ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ကို ငြင်းပယ်လိုက်သည့် ပြယုဂ်မှလွဲလျှင် အာဆီယံအနေဖြင့် စွမ်းဆောင်နိုင်စွမ်း မရှိသလောက်ဖြစ်နေပါသည်။

(Asia Times အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသော BERTIL LINTNER ၏ ဆောင်းပါးကို သုတဇော်ဘာသာပြန်ဆိုသည်)

Show More

Related Articles

Back to top button