
ဖမ်းဆီးခံထားရသည့် သတင်းသမား အများအပြားရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၁၈) မှစ၍ လွတ်ငြိမ်းသက်သာခွင့်ပေးသော အကျဉ်းသား ၅၀၀၀ ကျော်တွင် သတင်းသမားတချို့သာ ပါဝင်နေသည်။
ဖေဖော်ဝါရီ ၁၊ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချထားသူ ၁၃၁၆ ဦး၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုရင်ဆိုင်နေရသူ ၄၃၂၀ တို့ကို ပြစ်ဒဏ်လွတ်ငြိမ်း၊ အမှုပိတ်သိမ်းပေးမည်ဟု စစ်ကောင်စီက ယမန်နေ့တွင် ကြေညာထားသည်။
ယနေ့(အောက်တိုဘာ ၁၉) မွန်းလွဲပိုင်းအချိန်အထိ အတည်ပြုနိုင်သည့် အချက်အလက်များအရ ပြန်လည်လွတ်မြောက်လာသည့် သတင်းထောက်များစာရင်းတွင် မြိတ်မြို့မှ ၂ ဦး၊ မြစ်ကြီးနားမှ ၅ ဦး၊ ပြည်မှ ၁ ဦး၊ မင်းလှမှ ၁ ဦး၊ ရန်ကုန်မှ ၃ ဦး၊ မွန်မှ ၁ ဦး၊ စုစုပေါင်း ၁၃ ဦးပါဝင်သည်။
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် မတ် ၁ ရက် ညက နေအိမ်သို့ လာရောက်ကာ အကြမ်းဖက်ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဇွန် ၂ တွင် ထောင် ၂ နှစ် ချခံရသည့် DVB သတင်းထောက် ကိုအောင်ကျော်မှာ မြိတ်အကျဉ်းထောင်မှ နေအိမ်သို့ ယမန်နေ့ ညနေ့ပိုင်းတွင် ပြန်ရောက်နေပြီဟု ဇနီးဖြစ်သူ မနေခြည်မိုးထက်က အတည်ပြုသည်။
“မနေ့က လွတ်လာလာချင်း ခေါင်းအရမ်းကိုက်နေတာ။ ဆေးသောက်ပြီး နားနေပါတယ်”ဟု ၎င်းက ပြောသည်။
မြိတ်မြို့နေအိမ်၌ ဧပြီ ၆တွင် ဖမ်းခေါ်ကာ ကိုအောင်ကျော်နှင့် တစ်ရက်တည်း ပုဒ်မတူ၊ ပြစ်ဒဏ်တူ ချခံရသည့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်လည်း ထိုနေ့မှာပင် ပြန်လည်လွတ်မြောက်လာသည်ဟု မနေခြည်မိုးထက်က ပြောသည်။ ကိုဇော်ဇော်နှင့်မူ အဆက်အသွယ်မရသေးပါ။
ကိုအောင်ကျော်နည်းတူ ပုဒ်မ ၅၀၅ (က) ဖြင့်ပင် ထောင်သုံးနှစ် ချမှတ်ခံထားရသည့် ပြည်မြို့အခြေစိုက် သတင်းထောက် ကိုမင်းညို၊ ထိုပုဒ်မဖြင့်ပင် စွပ်စွဲခံရသည့် မင်းလှမြို့မှ သတင်းထောက် ကိုသက်နိုင်ဝင်းတို့လည်း ပြန်လည်လွတ်မြောက်လာသည်ဟု ယမန်နေ့ညပိုင်းတွင် DVB က သတင်းထုတ်ပြန်ထားသည်။
မတ်လအတွင်း ဖမ်းဆီးခံရပြီး ဆူပူအောင်လှုံ့ဆော်မှုပုဒ်မဖြင့်ပင် တရားစွဲခံထားရသည့် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ အဂျဲ၊ ခရစ္စတိုဖာတို့လည်း ယနေ့ (အောက်တိုဘာ ၁၉)တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ၎င်းတို့၏ အယ်ဒီတာချုပ် ဆိုင်းမိုင်မရန်က အတည်ပြုသည်။
“ကျွန်တော်တို့ သတင်းထောက်တွေတော့ နှိပ်စက်မခံရဘူး။ တခြားသတင်းထောက် နှစ်ယောက်ကတော့ စစ်ကြောရေးမှာ နည်းနည်းလေးခံရတယ်လို့ ကြားတယ်”ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားဂျာနယ်သတင်းထောက် သုံးဦးစလုံးမှာ ပြန်လွတ်လာချိန်တွင် ကျန်းမာရေးကောင်းမွန်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေသည်ဟု ဆိုင်းမိုင်မရန်ထံမှ သိရသည်။ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။
တစ်နေ့တည်းတွင်ပင် 74 Media သတင်းဌာနမှ မချန်ဘူ၊ Kachin Waves သတင်းဌာနမှ ဦးလရော်တို့ မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သက်ဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးခံ သတင်းထောက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏ Facebook စာမျက်နှာ၏ သတင်းထုတ်ပြန်ချက်အရ ပုဒ်မ ၅၀၅(က)ဖြင့်ပင် တရားစွဲခံထားရသည့် မွန်ပြည်နယ်အခြေစိုက် The Voice of Thanbyuzayat သတင်းဌာနမှ ကိုထက်မြက်သူလည်း ယနေ့လွတ်မြောက်လာသည်ဟု သိရသည်။
ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမားများအနက် Mizzima ထူထောင်သူ ဒေါ်သင်းသင်းအောင်နှင့် ရုံးဝန်ထမ်း ဂျိမ်းပူထောင်တို့ လွတ်မြောက်ရန်ရှိသည်ဟု ရှေ့နေ ဦးခင်မောင်မြင့်က အတည်ပြုသည်။
ထို့အတူ စာရေးဆရာမ၊ သတင်းသမား ဒေါ်တူးတူးသာနှင့် အတူဖမ်းဆီးခံရသူ သုံးဦးသည်လည်း ယနေ့ ညနေပိုင်းတွင် လွတ်မြောက်လာပြီဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ရန်ကုန်၊ သန်လျင်မြို့နေအိမ်၌ ဧပြီ ၂၄ ညက ဒေါ်တူတူးသာနှင့် ၎င်း၏ သားဖြစ်သူ ကိုဉာဏ်လူသစ်၊ မောင်ဖြစ်သူ ကိုရဲနောင်၊ သားဖြစ်သူ၏ သူငယ်ချင်း ကိုသီဟထွန်းတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။
သို့သော် အလွတ်တန်းသတင်းထောက် မသူဇာသည် အင်းစိန်ထောင်မှ လွတ်မြောက်မည်ဟု သတင်းထွက်နေသော်လည်း ယခုအချိန်အထိ အတိအကျမပြောနိုင်သေးဟု ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုက မွန်းလွဲပိုင်းတွင် မှတ်ချက်ပြုသည်။
“ကျွန်တော် အင်းစိန်ထောင်ရှေ့မှာ စောင့်နေတယ်။ အခုထိတော့ ထွက်မလာသေးဘူး”ဟု ၎င်းက ပြောသည်။

ပုဒ်မ ၅၀၅ (က) အပြင် ဆူပူထကြွအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၁၂၄ – က ဖြင့်ပါ တရားစွဲဆိုခံထားရသည့် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့် လွတ်မြောက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဦးစည်သူအောင်မြင့်နှင့်အတူ ဖမ်းဆီးခံထားရပြီး မတရားအသင်းဆက်သွယ်မှုဆိုင်ရာ ပုဒ်မ ၁၇/၁ဖြင့်ပါ တရားစွဲဆိုခံထားရသည့် BBC Media Action အစီအစဉ်တင်ဆက်သူဟောင်း မထက်ထက်ခိုင်မှာမူ ပြန်လည်လွတ်မြောက်ရန် မရှိဟု ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ခန့်မှန်းသည်။
“တချို့က လွတ်မဲ့အမည်စာရင်းထဲမှာ ပါနေပေမဲ့ သတင်းရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာစခန်းတွေက ထောက်ခံပေးတာမရှိရင်လည်း မလွတ်ပြန်ဘူး ဖြစ်နေတာ။ အရင်တုန်းကလို လွတ်ပြီဟေ့ဆိုပြီး ဝုန်းဒိုင်းကြီး ပျော်ပျော်ရွှင်ရွင်လုပ်လို့ မရဘူး” ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
ထို့အတူ မတ် ၉ ရက်တွင် စစ်တပ်က လုပ်ငန်းခွင်ကို ဝင်စီးခဲ့ပြီး အင်းစိန်ထောင်၌ပင် ချုပ်နှောင်ထားသည့် ကမာရွတ်မီဒီယာပူးတွဲထူထောင်သူ ကိုဟန်သာငြိမ်းသည်လည်း ပုဒ်မ ၅၀၅(က) အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ ဖြင့်ပါ တရားစွဲခံထားရသဖြင့် လွတ်ရန်မရှိဟု ရှေ့နေဖြစ်သူ ဒေါ်တင်ဇာဦးက ယူဆသည်။
Myanmar Now သတင်းဌာနနှင့် ပတ်သက်သည်ဟုဆိုကာ ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံထားရသည့် အမေရိကန်နိုင်ငံသားသတင်းသမား Danny Fenster သည်လည်း ပြန်လွတ်မည့်စာရင်းတွင် မပါဝင်ဟု ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။
ထိုပုဒ်မများမှာ Myanmar Now ကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခဲ့သည့် မတ် ၉ ရက်နောက်ပိုင်း ရေးသားဖော်ပြချက်များပေါ်တွင် အခြေခံသည်ဟု သူ၏ ရှေ့နေထံမှ သိရသည်။ လက်တွေ့တွင် Danny Fenster သည် Myanmar Now မှ နုတ်ထွက်ကာ အခြားသတင်းဌာနတစ်ခုသို့ ပြောင်းရွှေ့ပြီး ၁၀ လ ကျော်မှ အဖမ်းခံရခြင်း ဖြစ်သည်။

မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာချုပ် ဆိုင်းမိုင်မရန်က ယခုလွတ်မြောက်လာသည့် သူ၏ သတင်းထောက်သုံးဦးမှာ ပြန်လွတ်မလာမီ ခံဝန်ထိုးရခြင်းမရှိကြောင်း ပြောသည်။
စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်သည့် အမိန့်တွင်မူ နောက်တစ်ကြိမ်ကျူးလွန်ပါက ထိုပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟု စည်းကမ်းချက်သတ်မှတ်ထားသည်။
“သတင်းထောက်ဆိုတာ သူ့အလုပ် သူလုပ်နေတာ။ ဘာမှ ပြစ်မှုကျူးလွန်ထားတာ မဟုတ်ဘူး။ …… လွှတ်ပေးလို့ ကျေးဇူးမတင်ဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက မဖမ်းသင့်တဲ့သူတွေကို ဖမ်းထားတာမို့လို့” ဟု ဆိုင်းမိုင်မရန်က ပြောသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် 7Day, Mizzima, DVB, ခေတ်သစ်၊ Myanmar Now တို့ကို စစ်ကောင်စီက ထုတ်ဝေခွင့်ရုပ်သိမ်းခဲ့သည်။
၈ လကျော်အတွင်း နိုင်ငံအနှံ့ဖမ်းဆီးခံရသည့် သတင်းထောက်စုစုပေါင်း ၁၀၀ ခန့်ရှိကြောင်း၊ ၅၃ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) က အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်