
မိတ္ထီလာတွင် ရွေးကောက်ခံအမတ်တစ်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၁ ဦးမှာ အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ ပြန်လည်လွတ်မြောက်ဆဲဆဲဖြစ်သည့် ယမန်နေ့ (အောက်တိုဘာ ၁၈) ညနေပိုင်းက ထောင်ဘူးဝ၌ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုဝင်များထံမှ သိရသည်။
အကျဉ်းကျနေသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ကြေညာခဲ့ရာ မိတ္ထီလာမြို့နယ် တိုင်းဒေသကြီးအမတ် ဦးလွင်မောင်မောင်၊ NLD ပါတီ ခရိုင်အတွင်းရေးမှူးနှင့် အခြားသူ ၉ ဦးမှာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် အဖမ်းခံခဲ့ရသည်။
ရွေးကောက်ခံအမတ် ဦးလွင်မောင်မောင်မှာ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅−က ဖြင့် တရားစွဲဆိုခံရပြီးနောက် အမှုစစ်ဆေးခြင်း မရှိဘဲ ထောင် ၃ နှစ်ချခံထားရသူဖြစ်သည်။
ယမန်နေ့ညနေပိုင်းတွင် မိတ္ထီလာထောင်မှ ပြန်လွတ်ခွင့်ရသူ ၃၈ ဦးရှိသည့်အနက် ဦးလွင်မောင်မောင်နှင့်အတူ NLD ပါတီဝင်များဖြစ်ကြသည့် ဦးသက်မောင်မောင်၊ ဦးထွန်းအောင်ကျော်၊ ကိုဇော်ထက်အောင်၊ ကိုအောင်ကျော်ထက်၊ ကိုနေလင်းအောင်၊ ကိုစောနန္ဒ၊ ကိုသီဟကျော်၊ ကိုဝေမျိုးအောင်၊ ကိုပိုင်ဇေစိုးနှင့် မလင်းလင်းနိုင်တို့ကို ရဲကားလေးစီးဖြင့် ညနေ ၆ နာရီခန့်တွင် ပြန်ဖမ်းသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။
“လွတ်မယ့်သူတွေ တန်းစီပြီးတော့ မိန့်ခွန်းပြောတော့ အဲ့ဒီမှာ ကိုလွင်မောင်မောင်တို့ ပါတာ မြင်ရတယ်။ ပြီးတော့ အထဲကို ပြန်ဝင်သွားပြီးတော့ ပြန်လွတ်လာတော့ သူတို့ပါမလာတော့ဘူး။ ရဲတွေက ထောင်ဝင်းထဲမှာပဲ လက်ထိတ်ခတ်ပြီး ပြန်ဖမ်းသွားတာတဲ့” ဟု ကိုလွင်မောင်မောင်၏ ဇနီးဖြစ်သူ မနီနီက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၁၉) တွင် ပြောသည်။
NLD ပါတီဝင် တိုင်းဒေသကြီးလွှတ်တော်အမတ် ကိုလွင်မောင်မောင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ရဟန်းတစ်ပါးဖြစ်သည့် ဦးဂမ္ဘီရ၏ ညီအရင်းလည်းဖြစ်သည်။
ယမန်နေ့ညနေပိုင်းတွင် ကိုလွင်မောင်မောင်နှင့်အတူ NLD ပါတီဝင် ၁၁ ဦးကို မိတ္ထီလာမြို့၊ အမှတ် ၁ ရဲစခန်းသို့ ဖမ်းခေါ်သွားသည်ဟု ကြားသိရသဖြင့် မိသားစုဝင်များက ချက်ချင်းလိုက်သွားရာတွင် အရပ်ဝတ်ရဲတစ်ဦးထွက်လာပြီး “ရုတ်ရုတ်တော့ မလုပ်နဲ့”ဟု အော်ပြောသဖြင့် ထပ်မံဖမ်းဆီးခံရသည့်အပေါ် မည်သို့မျှ မသိခဲ့ရကြောင်း မနီနီက ဆိုသည်။

“သိချင်တော့ လိုက်ကြတာပေါ့။ ဒါပေမဲ့ ဘာမှလည်း မသိခဲ့ရဘူး။ စခန်းက တံခါးကြီးလည်း ပိတ်ထားတာ။ ပြီးတော့ အဲ့ရဲက အဲ့လိုလည်း လာအော်တော့ အားလုံးက ကြောက်လည်းကြောက်ကြတာပေါ့။ အခုမနက် ကြားတာကတော့ အချုပ်ထဲမှာတော့ မရှိတော့ဘူးတဲ့။ ဘာကြောင့်လည်းဆိုတာလည်း မသိရဘူး။ ဘယ်ခေါ်သွားတယ်ဆိုတာလည်း အခုအချိန်ထိ မသိရသေးဘူး” ဟု မနီနီက ဆက်ပြောသည်။
ပြန်လွတ်မည့်သူများတွင် ကိုလွင်မောင်မောင်အပါအဝင် NLD ပါတီဝင်များလည်း ပါသဖြင့် မိသားစုဝင်များက ညနေ ၄ နာရီခန့်မှစ၍ ထောင်ဘူးဝတွင် စောင့်ဆိုင်းခဲ့ကြောင်း၊ ပြန်အဖမ်းခံလိုက်ရသည်ဆိုသဖြင့် ညနေ ၆ နာရီခန့်မှစ၍ သက်ဆိုင်ရာ ရဲစခန်းများသို့ လိုက်လံစုံစမ်းမေးမြန်းခဲ့သော်လည်း ည ၈ နာရီအထိ ဘာသတင်းမျှ မသိရဟု ဆိုသည်။
မိတ္ထီလာမြို့ခံ အမျိုးသားတစ်ဦးကလည်း “မနေ့ကလွတ်လာသူတွေထဲမှာ ၁၁ ယောက် ပြန်အဖမ်းခံရတယ်။ ထောင်ကနေ သူတို့ကို လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ထောင်ပေါက် (အပေါက်ဝ) မှာပဲ ရဲက ကားတွေနဲ့ စောင့်ကြိုပြီး ပြန်ဖမ်းသွားတယ်။ ပုဒ်မအမျိုးမျိုးပြန်တပ်တယ်” ဟု ပြောသည်။
ဖမ်းခံရသူများအနက် ၁၀ ဦးကို မိတ္ထီလာရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ကျန်တစ်ဦးကို သာစည်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ကိုလွင်မောင်မောင်ပါ ၁၁ ဦးကို အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အောက်တိုဘာ ၇ ရက်က ဖွင့်ခဲ့သည့် အမှုအတွက် ထပ်မံဖမ်းဆီးခြင်းဖြစ်သည်ဟု မိသားစုဝင်အချို့ထံမှ သိရသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ဒီလ ၇ ရက်နေ့ကမှ ထပ်တိုးမှုနဲ့ စွဲတာတဲ့။ လက်နက်မှုလို့တော့ ပြောတယ်။ ပုဒ်မဘာညာတော့ မသိရသေးဘူး။ အခုထိလည်း လူချင်းမတွေ့ရသေးဘူး။ လွတ်ပြီးမှ အဲ့လိုကြီးဖြစ်တယ်ဆိုတော့ စိတ်ထဲမှာ ဘယ်လိုကြီးလည်းမသိဘူး။ ပြောလည်း မပြောပြတတ်ဘူး။ ခံစားချက်ကြီးက”ဟု NLD ပါတီ ခရိုင်အတွင်းရေးမှူး ဦးသက်မောင်မောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ဦးသက်မောင်မောင်မှာ မိတ္ထီလာမြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကာ စစ်ကောင်စီက မတ်လအတွင်း ၎င်း၏ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီးနောက် လမ်းပေါ်၌ ကားဖြင့်တိုက် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရပြီး မကြာမီ ပုဒ်မ ၅၀၅-ကဖြင့် စွဲချက်တင်ကာ ထောင် ၁ နှစ် ချမှတ်ခံခဲ့ရသူ ဦးသက်မောင်မောင်မှာ စက်တင်ဘာလဆန်းပိုင်းတွင် ပြစ်ဒဏ်နည်းသည်ဆိုကာ ထောင်ဒဏ် ၂ နှစ် ထပ်တိုးချမှတ်ခံရသူဖြစ်သည်ဟု မိသားစုဝင်ထံမှ သိရသည်။
“ကြေညာတာက ပြည်သူတွေကို နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေချင်လို့ လွှတ်ပေးတာတဲ့။ ငြိမ်းချမ်းစေချင်လို့ဆိုရင် ဘာလို့ ဒါတွေလုပ်တာလဲ။ လက်နက်မှုနဲ့ စွဲရအောင်ကလည်း အန်တီ့သားက ဧပြီ ၂၈ မှာ ဖမ်းခံရတာ။ အခုဆို ငါးလကျော်ကျော် ထောင်ထဲမှာ ဘယ်လိုလုပ် လက်နက်မှုတွေ လုပ်နိုင်မှာလည်း။ ဒါမျိုးတွေ မဖြစ်သင့်ဘူး”ဟု ကိုလွင်မောင်မောင်၏ အသက် ၇၂ နှစ်အရွယ် မိခင် ဒေါ်ရေးက ပြောသည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့ပြီးနောက် ယမန်နေ့တွင် ထောင်နှင့်ချီသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း၊ အမှုပိတ်သိမ်းကြောင်း အာဏာသိမ်းခေါင်းဆောင်က ကြေညာခဲ့သည်။
စစ်ကောင်စီ၏ အကျဉ်းသားများလွှတ်ပေးမည်ဆိုသော ကြေညာချက်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရှုတ်ချမှုများ ရပ်တန့်စေရန် အသုံးပြုသည့် နည်းပရိယာယ်တစ်ခုသာဖြစ်ပြီး ထိုသို့လွှတ်ပေးခြင်းဖြင့် အာဏာသိမ်းမှု အဆုံးသတ်စေမည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်သည်။
AAPP ၏ စာရင်းပြုစုမှုအရ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၃၅၅ ဦးရှိကာ ယင်းအနက် ထောင်ဒဏ်ချမှတ်ခံရသူ ၃၅၄ ဦးရှိသည်။ ထို့ပြင် သေဒဏ်ချမှတ်ခံရသူ ၆၅ ဦးရှိကာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၁၁၈၁ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP က ဆိုသည်။
စစ်ကောင်စီက ပြန်လွှတ်ပေးသူများထဲတွင် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာအောင်ရှင်လည်း ပါဝင်သည်။ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကြောရေးတွင် တစ်ဦးတည်း သီးသန့်ထားရှိကာ ရှစ်လကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည့် မုံရွာအောင်ရှင်ကို စစ်ကောင်စီက မည်သည့်ပုဒ်မနှင့်မျှ အမှုဖွင့်အရေးယူခဲ့ခြင်း မရှိပေ။
သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အများစုမှာမူ ပြန်လည်လွတ်မြောက်ခြင်း မရှိဘဲ ကြီးလေးသော ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်